ဂျိုးဘိုင်ဒင်နှင့် ဒေါ်နယ်ထရန့် အိမ်ဖြူတော်၌ တွေ့ဆုံမည်
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအနိုင်ရ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် နိုဝင်ဘာ ၁၃ ရက်တွင် ဝါရှင်တန်မြို့တော် အိမ်ဖြူတော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ လက်ရှိ အမေရိကန်ဒုတိယသမ္မတ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမလာဟားရစ်ကို အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ အနိုင်ရလဒ်အရ ဒေါ်နယ်ထရန့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာဆိုမည် ဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒင်၏ ဖိတ်ကြားချက်အရ ရွေးကောက်ပွဲ အနိုင်ရသမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့သည် အိမ်ဖြူတော်ဘဲဥပုံရုံးခန်း၌ နိုဝင်ဘာ ၁၃ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။
ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်သည် မူလက အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေါ်နယ်ထရန့်နှင့် ပြုလုပ်ခဲ့သည့် သမ္မတလောင်းများ စကားစစ်ထိုးပွဲတွင် အရေးနိမ့်ခဲ့ရပြီးနောက် ယခုနှစ် ဇူလိုင်လအတွင်း ရွေးကောက်ပွဲမှ နုတ်ထွက်ခဲ့သည်။
အိမ်ဖြူတော် ဆွေးနွေးပွဲ၌ ဒေါ်နယ်ထရန့်နှင့် မည်သည့်အကြောင်းအရာများအား သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုဆွေးနွေးမည်ကိုမသိရသေးပေ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။