ညောင်ဦးမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုသည့် လူငယ် ခုနစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရ၍ တစ်ဦးသေဆုံး ကျုးလွန်သူဟု ယူဆသူများအား ရဲစခန်းတွင် ထိန်းသိမ်းထားဟုဆို

Local News
ညောင်ဦးမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုသည့် လူငယ် ခုနစ်ဦး
အုပ်စုဖွဲ့ရိုက်နှက်ခံရ၍ တစ်ဦးသေဆုံး ကျုးလွန်သူဟု ယူဆသူများအား ရဲစခန်းတွင် ထိန်းသိမ်းထားဟုဆို

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ Cheri L‌and River House Hotel ၌ လာရောက်တည်းခိုသည့် လူငယ် ခုနစ်ဦးအား ပြီးခဲ့သည့် (နိုဝင်ဘာ ၃ ရက်)တွင် အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ သေဆုံးသူနှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးထံမှသိရသည်။

ဖြစ်စဉ်မှာ အဆိုပါ လူငယ် ခုနစ်ဦးသည် (နိုဝင်ဘာ ၁ ရက်)ညပိုင်းတွင် ဟိုတယ်သို့‌ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် ဘုရားဖူးလည်ပတ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့် နိုဝင်ဘာ ၃ ရက်၊ ညနေပိုင်းတွင် ဟိုတယ်နှင့်အနည်းငယ်လှမ်းသည့် မြစ်ကမ်းဘေးရှိ ကန်ဘောင်၌ သီချင်းဖွင့်၍ စုဖွဲ့သောက်စားခဲ့ရာမှ ဟိုတယ်ဝန်ထမ်းဖြစ်သူနှင့် စကားအချေအတင်ဖြစ်ခဲ့ကြောင်းသိရသည်။

“သူတို့ဟိုတယ်ကလည်း မြစ်ဘေးနားမှာဖွင့်ထားတဲ့ ဟိုတယ်။ မြစ်ဘေးနားက ကန်ဘောင်ကိုရောက်ဖို့ကလည်း ကန်ဘောင်နဲ့ ဟိုတယ်အဝေးကြီးပဲ။ အဲဒီကန်ဘောင်မှာဖွင့်တဲ့ လက်တဆုပ်စာ Speaker က ဘယ်လောက်ကျယ်မှာလဲဗျာ။ သူတို့ သောက်ရင်းစားရင်း Speaker ဖွင့်ပြီး သီချင်းဆိုကြတယ်။ အဲဒီချိန်မှာ ဟိုတယ်ဝန်ထမ်းတစ်ယောက်တည်း လာပြောတာ။ စကားများပြဿနာဖြစ်တဲ့ အဆင့်ထိတောင်မရောက်သွားဘူး။ ပြီးသွားတယ်။ သူတို့က ပထမ အသံတိုး‌ပေးလိုက်တယ်။ နောက်ကျ မဖွင့်တော့ဘူးဆိုပြီး နှစ်ယောက်က ကျန်ခဲ့တာ။ ငါးယောက်က အခန်းထဲပြန်ဝင်ချိန် နောက်ကနေလိုက်ရိုက်တာ”ဟု အဆိုပါ သေဆုံးသူနှင့် နီးစပ်တစ်ဦးကပြောသည်။

ထိုသို့ ဝင်ရောက် ရိုက်နှက်ရာတွင် ခန့်မှန်း ဆယ်ဦးခန့်ရှိပြီး ယင်းဟိုတယ် uniform ဝတ်ဆင်သူအချို့နှင့် အရပ်ဝတ် ဝတ်ဆင်ထားသူများပါရှိကြောင်း ၊သံတုတ်ဖြင့်ရိုက်နှက်ရာတွင် အသက် (၂၅)နှစ်အရွယ် ကိုရဲထက်နိုင်မှာ အခင်းဖြစ်နေရာတွင် လဲကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အသက်ဆုံးရှုံးသွားတဲ့သူငယ်ချင်းက နောက်ဆုံးဝင်တာ။ သူဝင်တဲ့ချိန်နောက်ကရိုက်တော့ နောက်စေ့ ချက်ချင်းကြေသွားပြီး မှောက်သွားတာ။ ကျွန်တော့်သူငယ်ချင်းက အဝင်ဝမှာဆိုတော့ သူ့ကိုဝင်ထွက်တိုင်း ကန်ကျောက်သွားတာ။ သူလဲသွားတော့ ကျန်တဲ့ လေးယောက်ကို လူ ဆယ်ယောက်ကဝင်ရိုက်တာ။ ဟိုတယ် uniform နဲ့ကနည်းနည်းပဲပါတာ။ အရပ်ဝတ်နဲ့ နယ်ခံတွေပါတယ်။ မြစ်ဘေးနားမှာ သောက်နေတဲ့နှစ်ယောက်ပြန်လာတော့ တံခါးဖွင့်ပေးပါ။ သူငယ်ချင်းတွေကို ခေါ်ထုတ်ပြီး ဆေးရုံသွားမယ်ဆိုတော့ မဖွင့်ပေးဘူးတဲ့။ ပြီးတော့ နောက်ဆက်တွဲတွေပါလာမယ်။ ဒီကောင်တွေကိုပါရိုက်ဆိုပြီး လိုက်ရိုက်တော့ သူတို့ကလည်း အပြေးမြန်တော့ မြစ်ဘေးနားက ကန်ဘောင်မှာပတ်ပြေးရင်း ခြုံပုတ်တစ်ခုမှာ ပုန်းရင်း ရဲပါလာမှ ထုတ်ပေးတာ။ ကျွန်တော့်သူငယ်ချင်းရဲ့ ဦးခေါင်းဓာတ်မှန်ကိုကြည့်ပါ။ လူတစ်ယောက်ရဲ့ ခေါင်းကို ပတ်ပတ်လည်ကွဲအောင် ရိုက်သွားတာပါ။ ကျန်တဲ့တစ်ယောက်က ၁၅ချက် ချုပ်ရပါတယ်။ ကျန်တဲ့လူတွေက ခုနစ်ချက်က အောက်ထစ်ပါပဲ”ဟု ၎င်းကဆက်ပြောသည်။

အခင်းဖြစ်ရာသို့ သက်ဆိုင်ရာမှ ရောက်ရှိလာပြီးနောက် ညောင်ဦးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရာတွင် ဆေးရုံမှလက်မခံ၍ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ဆေးကုသမှုပေးခဲ့ခြင်းမရှိကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“မန္တလေးဆေးရုံတင်တော့လည်း ရဲမှု၊ ရဲခင်းဆိုတော့ သံကုတင်ပေါ် ဒီတိုင်းပစ်ထားတာ။ နောက်ဆုံး နီးစပ်တဲ့အမျိုးတွေရောက်လာမှ ခေါင်းကိုသန့်ရှင်းရေးလုပ်ပေးပြီး မိသားစုဆီလှမ်းဆက်တာ။ အသက်ရှူစက်တပ်ဖို့ ပိုက်ဆံကုန်မယ်ဆိုပြီး မိသားစုဘက်က ကုန်လည်းရတယ်။ ကလေးက ပထမဆိုပြီးပြောမှ အသက်ရှုစက် စတပ်ပေးတာ။ အဲဒီချိန်မှာ သူကသတိမရှိတော့ပါဘူး။ ICU ထဲ‌ရောက်နေပြီ”ဟု ၎င်းကပြောသည်။

ရိုက်နှက်ခံရသူ ခုနစ်ဦးအနက် အသက် (၂၅)နှစ်အရွယ် ကိုရဲထက်နိုင်မှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေရာမှ နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သေဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) မွန်းတည့် ၁ နာရီတွင် ရန်ကုန်မြို့ရှိ ထိန်ပင်သုဿန်၌ မီးသင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ နီးစပ်သူကဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဟိုတယ်ဘက်မှ တာဝန်ယူညှိနှိုင်းခြင်း ယနေ့ထိ မရှိသေးကြောင်း၊ လက်ရှိအချိန်တွင် ပြစ်မှုကျုးလွန်သူဟု ယူဆသူ ဟိုတယ် မန်နေဂျာအပါအဝင် ခြောက်ဦးအား ညောင်ဦးမြို့နယ်ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ မိသားစုနှင့်နီးစပ်သူထံမှသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...