မနေ့ ညနေပိုင်း၌ မြေငလျင်လှုပ်ခတ်မှုများဖြစ်
ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်(နိုဝင်ဘာလ ၂၀ ရက်) ညနေ ၆ နာရီခန့်က ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့၏ အနောက်ဘက် (၃)မိုင်ခန့်အကွာ၌ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်မှု (နိုဝင်ဘာလ ၂၀ ရက်) ညနေ ၅ နာရီ၊ ၄၈ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးသော ကျိုက်လတ်မြို့၏ အနောက်ဘက် (၃)မိုင်ခန့်အကွာ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ညနေ ၅ နာရီ ၃၄ မိနစ်ကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့ အရှေ့မြောက်ဘက် ၃၄ မိုင်ခန့်၊ အိမ်မဲမြို့ မြောက်ဘက် ၅ မိုင်ခန့် အကွာ၊ အနက် ၆ မိုင်ကျော်ကို ဗဟိုပြု၍ မဂ္ဂနီကျူ ၄ ဒသမ ၃ အဆင့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြေငလျှင် သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းအပြင် ပဲခူးတိုင်း သာယာဝတီမြို့နယ် အနီးတွင်လည်း ယနေ့ ညနေ ၆ နာရီက မဂ္ဂနီကျူ ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါစင်တာထုတ်ပြန်ချက်အရသိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုများအား ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင်လည်း သိသာစွာခံစားခဲ့ရကြောင်း၊ ကော့မှူးမြို့တွင်လည်း ပျက်ဆီးမှုများရှိခဲ့ကြောင်း အဆိုပါဒေသတွင်း နေထိုင်သူများထံမှ သိရသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။