မြန်မာ့ရိုးရာအတာသင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
ပဏာမစာရင်းတွင်ပါဝင်
ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပါဝင်လာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။
“မြန်မာရိုးရာအတာသင်္ကြန် မြန်မာနိုင်ငံအတွက် ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှု ယူနက်စကို ပဏာမစာရင်းမှာ ပါဝင်လာတဲ့အတွက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု ရရှိဖို့ သေချာသလောက်ရှိသွားပါပြီ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ဗည်းကျောက်စာ(နေပြည်တော်) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။
ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် ၂၀၂၃ခုနှစ် မတ်လအတွင်း၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ယူနက်စကိုသို့ တင်ပြထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ မဟာဆုန်ကရန် သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ရက်တွင် ယူနက်စကိုက အတည်ပြုထားပြီးဖြစ်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။