ငါးဖမ်းသင်္ဘောများ ပစ်ခတ်ခံရမှု ထိုင်းအစိုးရ ကန့်ကွက်
ရနောင်းကမ်းလွန်တွင် ထိုင်းရေတပ် ကင်းလှည့်မှု တိုးမြှင့်
ထိုင်းငါးဖမ်းသင်္ဘောများအား မြန်မာ့တပ်မတော်(ရေ) စစ်သင်္ဘောတစ်စင်းက ပစ်ခတ်ခဲ့မှုအတွက် ထိုင်းနိုင်ငံက သံတမန်ရေးအရ ကန့်ကွက်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယင်းသို့ မြန်မာစစ် သင်္ဘောတစ်စင်းက ထိုင်းငါးဖမ်း သင်္ဘောများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းရေတပ်က ရနောင်းပြည်နယ် ကမ်းရိုးတန်းကမ်းလွန်ထိုင်းရေပြင်ပိုင်နက်အတွင်းကင်းလှည့်မှုများ တိုးမြှင့်ပြုလုပ်နေကြောင်း ထိုင်းမီဒီယာများက ဒီဇင်ဘာ ၁ ရက်တွင် ရေးသားတင်ပြထားသည်။
ထိုင်း ငါးဖမ်းရေယာဉ်များပစ်ခတ်ခံရမှုဖြစ်စဉ်သည် ထိုင်းနိုင်ငံ ပါယမ်းကျွန်းမှ ၁၉ ကီလိုမီတာခန့်အကွာ မြန်မာ့ရေပြင်အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် မြန်မာရေတပ်သင်္ဘောက ပစ်ခတ်ချိန်တွင် ထိုင်းငါးဖမ်းရေယာဉ်များအနေဖြင့် မြန်မာရေပြင်အတွင်း ပိုင်နက်ချိုးဖောက်ဝင်ရောက်နေသည်ဆိုသော အဆိုမှာ မိမိအတွက် ဝိဝါဒကွဲပြားဖွယ် အဆိုဖြစ်နေကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောကြားထားသည်။
ထိုင်း ငါးဖမ်းရေယာဉ်များပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ရာ နေရာအတိအကျနှင့် တရားစီရင်ပိုင်ခွင့်နယ်စည်းများအခြေအနေကို ဖော်ထုတ်သတ်မှတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု စတင်နေကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်အတွင်း ထိုင်းငါးဖမ်းရေယာဉ်များမှ ရေလုပ်သားတစ်ဦး သေဆုံးခဲ့ရပြီး အခြားငါးဖမ်းရေယာဉ်တစ်စင်းနှင့် ရေလုပ်သား ၃၁ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ရေပြင်နယ်စပ်စည်းနယ်မြေကို ရှောင်ရှားကြရန်လည်း ထိုင်းရေယာဉ်များအား ထိုင်းရေတပ်ကင်းလှည့် သင်္ဘောများက သတိပေးနေကြောင်း သိရသည်။
ထိုင်းအစိုးရ ပင်လယ်ရေကြောင်းလုံခြုံရေး ကွပ်ကဲမှု ဗဟိုဌာနအစီရင်ခံစာ၏ အဆိုအရ မြန်မာရေတပ်သင်္ဘောသည် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သတိပေးပစ်ခတ်မှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ယင်းသို့ ပစ်ခတ်မှုများကြောင့် ထိုင်းငါးဖမ်း ရေယာဉ်များပေါ်မှ ရေလုပ်သားများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး အချို့မှာ ရေထဲသို့ခုန်ချခဲ့ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဖူသမ်ဝီရှာယာချိုင်းက ကြေညာချက်ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၃၀ ရက်တွင် ပေါ်ပေါက်ခဲ့သည့် အထက်ပါဖြစ်စဉ်ကြောင့် ထိုင်းနှင့် မြန်မာအကြားသံတမန်ရေး ပြဿနာတစ်ရပ်ပေါ်ပေါက်လာနိုင်ရန် မရှိကြောင်း ထိုင်းတာဝန်ရှိသူများက ယုံကြည်ထားသည်။
အလားတူ ထိုင်းငါးဖမ်းရေယာဉ်များ ပစ်ခတ်ခံရမှုဖြစ်စဉ်ကိုသံတမန်လမ်းကြောင်းများဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဖြေရှင်းရေးအတွက် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကို လမ်းညွှန်ထားရန် ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်က ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုညွှန်ကြားထားကြောင်း သိရသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။