ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကမ္ဘာ့အကြီးမားဆုံးရုံးအဆောက်အအုံ စံချိန်ကို အိန္ဒိယကျောက်မျက်ခန်းမ လွှဲပြောင်းရယူ

International News
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကမ္ဘာ့အကြီးမားဆုံးရုံးအဆောက်အအုံ စံချိန်ကို
အိန္ဒိယကျောက်မျက်ခန်းမ လွှဲပြောင်းရယူ

အမေရိကန်နိုင်ငံရဲ့ ပင်တဂွန်စစ်ဌာနချုပ်ဆိုတာ ကမ္ဘာ့အကြီးမားဆုံးရုံးအဆောက်အအုံအဖြစ် နှစ် ၈၀ ကြာ စံချိန်တင်ထားခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ကျောက်မျက်ခန်းမကြီးက ဒီစံချိန်ကို လွှဲပြောင်းရယူလိုက်ပါပြီ။ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ တည်ဆောက်ထားတဲ့ Surat Diamond Bourse အဆောက်အအုံဟာ ထောင့်မှန်စတုဂံပုံစံ အဆောက်အအုံ ၉ ခုကို ကျောရိုးမတစ်ခုထဲကနေ ဖြာထွက်နေတဲ့ပုံစံမျိုး တည်ဆောက်ထားတာဖြစ်ပြီး (စတုရန်းပေ ၆၆၇၃၆၂၄ ရှိတဲ့ ပင်တဂွန်စစ်ဌာနချုပ်ထက်) စတုရန်းပေ ၅၅၀၀၀ ပိုကျယ်ဝန်းပါတယ်။

ဂူဂျာရတ်ပြည်နယ်၊ ဆူရတ်မြို့အစွန်ဘက် ၃၅ ဧကကျော် ကျယ်ဝန်းတဲ့တည်နေရာမှာ တည်ဆောက်ထားတာဖြစ်ပြီး ရုံးခန်းနဲ့ အလုပ်ရုံပေါင်း ၄၇၀၀ ကျော် ပါဝင်ပါတယ်။ ၁၅ ထပ်မြင့်တဲ့ ဒီအဆောက်အအုံမှာ ဓာတ်လှေကား ၁၃၁ စင်း ထည့်သွင်းထားပါတယ်။

တကယ်တော့ ဒီအဆောက်အအုံဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ စီစဉ်တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယဗိသုကာလုပ်ငန်း Morphogenesis က ဒီအဆောက်အအုံ တည်ဆောက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။ ကမ္ဘာ့ဈေးကွက်ထဲမှ စိန်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ဆူရတ်မြို့မှာ သွေးတာဖြစ်ပြီး စိန်သွေးပညာရှင်တွေ၊ စိန်ရောင်းဝယ်သူတွေကို အဆောက်အအုံတစ်ခုတည်းမှာ အတူတကွ လုပ်ဆောင်ကြစေရေးက အဓိက ရည်မှန်းချက်ပါပဲ။ အဲဒီရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဒီအဆောက်အအုံဟာ နိုင်ငံတကာ စိန်၊ ရတနာ ရောင်းဝယ်ရေးမှာ အကြီးမားဆုံးနဲ့ အချက်အချာအကျဆုံး ကျောက်မျက်ခန်းမကြီး ဖြစ်လာတော့မှာပါ။

ဒီအဆောက်အအုံမှာ လူ ၆၅၀၀၀ ဆံ့ပြီး ကားအစီးရေ ၄၅၀၀ ပါကင်ထိုးနိုင်သလို စက်ဘီး၊ ဆိုင်ကယ်အစရှိတဲ့ နှစ်ဘီးယာဉ် ၁၀၀၀၀ ပါကင်ထိုးနိုင်ပါတယ်။ ဒါဟာ မျက်မှောက်ခေတ် မြို့ငယ်တချို့ထက်တောင် ပိုများပြားတဲ့ ပမာဏမျိုး ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...