အလက်ပိုမြို့ ဆီးရီးယားသူပုန်များသိမ်းပိုက်၊ အာဆတ်စစ်တပ်အတွက်
ရုရှားလေကြောင်းပစ်ကူပေး
အစ္စလာမ်မစ်စစ်သွေးကြွအုပ်စု ဟာရက်တာရာအယ်လ်ရှမ်းက ဦးဆောင်သော သူပုန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး အလက်ပိုမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒါဇင်နှင့်ချီသောစစ်သားများ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့များကို ပြောင်းရွှေ့နေရာချထားရကြောင်း ဆီးရီးယားစစ်တပ်က ပြောကြားသည်။
ဆီးရီးယားစစ်တပ်ကို အကူအညီပေးကာ ဆီးရီးယားသူပုန်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကာ ရုရှားသတင်းဌာနများက ဖော်ပြကြသည်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း နူဆာရာတပ်ဦးဟု လူသိများခဲ့သော ဟာရက်တာရာအယ်လ်ရှမ်းအဖွဲ့ကို အမေရိကန်၊ ရုရှား ၊ တူရကီနှင့်အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြပြီး ဆီးရီးယားသမ္မတ အာဆတ်သည် ရုရှားနိုင်ငံ၏ အနီးကပ်မဟာမိတ်တစ်ဦးဖြစ်သည်။
ဆီးရီးယားနိုင်ငံမှ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် ဒေသဆိုင်ရာအစိုးရများနှင့် အဆက်အသွယ်ရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ပြောကြားသည်။
၂၀၁၁ ခုနှစ်တုန်းက ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ရက်စက်စွာနှိမ်နင်းရာမှ စတင်ခဲ့ပြီး အီရန်၊ ရုရှားတို့၏ အကူအညီဖြင့် အာဆတ်အစိုးရက နယ်မြေနှင့် မြို့ကြီးအများစုကို ထိန်းချုပ်သွားနိုင်ခဲ့ကာ ၂၀၂၀ ခန့်တွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သော်လည်း တရားဝင်အဆုံးသတ်ခြင်းမရှိခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်တွင် လူပေါင်း ငါးသိန်းကျော် သေဆုံးခဲ့ကာ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ဒုက္ဒသည်များ ဖြစ်နေကြရသည်။
အလက်ပိုမြို့ကိုလည်း ဆီးရီးယားအစိုးရက ရုရှားတို့၏ အကူအညီဖြင့် ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အာဆတ်အစိုးရက ထိန်းချုပ်မှုရယူသွားခဲ့သည်။
တန်ပြန်တိုက်စစ်အတွက် ပြင်ဆင်နေကြောင်း စစ်တပ်က ပြောကြားခဲ့ပြီးနောက် အလက်ပိုမြို့၌ သူပုန်စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အာဆတ်အစိုးရကိုလိုလားသော အယ်လ်ဝါတန် သတင်းစာက ဖော်ပြသည်။
အလက်ပိုမြို့ ဘေဆယ်ရင်ပြင်တွင် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။
သူပုန်များက အလက်ပိုမြို့လေဆိပ်ကိုလည်း သိမ်းပိုက်ထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးနှင့် သူပုန်အဖွဲ့ကွပ်ကဲရေးဌာနက ပြောကြားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။