Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းအနေနဲ့ စစ်ပွဲမတိုင်ခင်ကတည်းက ရုရှားနဲ့ အပေးအယူလုပ်ခဲ့သင့်တယ်လို့ ထရမ့်ပြော

ယူကရိန်းအနေနဲ့ စစ်ပွဲမတိုင်ခင်ကတည်းက ရုရှားနဲ့ အပေးအယူလုပ်ခဲ့သင့်တယ်လို့ ထရမ့်ပြော

International News

ယူကရိန်းစစ်ပွဲရပ်တန့်နိုင်ရေးအတွက် ဆော်ဒီအာရေဗျမှာလုပ်တဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းကို မဖိတ်ကြားခဲ့တဲ့အပေါ် “အံ့အားသင့်ခဲ့ရတယ်” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးရဲ့ ပြောဆို ချက်နဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်က ယူကရိန်းကို ဦးတည်ပြီး တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းရဲ့တုံ့ပြန်မှုက ”စိတ်ပျက်စရာ” ဖြစ်ပြီး စစ်ပွဲကိုစတင်ခဲ့သူအဖြစ် ယူကရိန်းကို အပြစ်တင်တဲ့ပုံစံမျိုး ပြောခဲပါတယ်။ ယူကရိန်းအနေနဲ့ “သဘောတူညီမှုတစ်ခုရအောင် လုပ်ခဲ့ရမှာ”လို့ ထရမ့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက ရုရှားရဲ့ အလုံးစုံကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်-ရုရှားဆက်ဆံရေး၊ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဘီဘီစီက သမ္မတထရမ့်ကို မေးမြန်းခဲ့ပါတယ်။
အမေရိကန်-ရုရှားဆက်ဆံရေး၊ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဘီဘီစီက သမ္မတထရမ့်ကို မေးမြန်းခဲ့ပါတယ်။

ဆော်ဒီအာရေဗျမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ တွေ့ဆုံဆွေးနွေးအပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့က ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်အောက်မှာမှ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ယူကရိန်းထဲ နေရာချထားမှာကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီးနောက်မှာ ဒေါ်နယ်ထရမ့်ရဲ့ အခုလို မှတ်ချက်ထွက်ပေါ်လာတာပါ။

စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် နှစ်ဖက်အဖွဲ့တွေ ဖွဲ့စည်းတာဝန်ပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ ရုရှားနဲ့ အမေရိကန်တို့က ပြောပါတယ်။

ယူကရိန်းတွေအနေနဲ့ သူတို့ဟာ သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားမိနိုင်ကြောင်း၊ ဒီအပေါ် သမ္မတ ထရမ့်ရဲ့ သတင်းစကားက ဘာလဲဆိုတာကို ဘီဘီစီက သမ္မတထရမ့်ကို သူ့ရဲ့ မာရာလာဂိုစံအိမ်က သတင်းထောက်တွေနဲ့တွေ့ဆုံပွဲအတွင်း မေးမြန်းခဲ့ပါတယ်။

“သူတို့ ပါဝင်ခွင့်မရလို့ စိတ်ဆိုးနေတယ်လို့ ကျွန်တော် ကြားတယ်။ ကောင်းပြီလေ၊ သူတို့မှာ သုံးနှစ်စလုံး ပါဝင်ခွင့် ရှိခဲ့တာပဲ။ အဲဒီမတိုင်ခင်ကလည်း အခွင့်အရေးရှိခဲ့တယ်။ ဒီကိစ္စကို အရင်ကတည်းက အလွန် လွယ်လွယ်လေးနဲ့ ဖြေရှင်းခဲ့ရမှာ” လို့ ထရမ့်က ပြောပါတယ်။

“ဒီစစ်ပွဲကို ဘယ်တုန်းကမှ မစခဲ့သင့်ဘူး။ သဘောတူညီမှု လုပ်နိုင်ခဲ့ရမှာ”လို့ သူက ပြောပါတယ်။

“ကျွန်တော်သာဆိုရင် ယူကရိန်းအတွက် သဘောတူညီမှု လုပ်နိုင်ခဲ့ရမှာ” လို့ ပြောပါတယ်။

“အဲဒီသဘောတူညီမှုမှာ မြေအားလုံးနီးပါးကို သူတို့ကို ပေးလိုက်မယ်။ အားလုံးပဲ။ မြေအားလုံးနီးပါးပေါ့။ ဒါဆို ဘယ်သူမှ သေဆုံးခဲ့မှာ မဟုတ်ဘူး။ ပြီးတော့ ဘယ်မြို့မှ ဖျက်ဆီးခံခဲ့ရမှာ မဟုတ်ဘူးပေါ့”

ဆော်ဒီအာရေဗျက အမေရိကန်-ရုရှားဆွေးနွေးပွဲအပြီးမှာ သူ့အနေနဲ့ “ပိုပြီး ယုံကြည်မှု ရှိလာတယ်”လို့ ထရမ့်က ပြောပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆော်ဒီအာရေဗျအစည်းအဝေးကို အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်
ဆော်ဒီအာရေဗျအစည်းအဝေးကို အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်

“ဆွေးနွေးပွဲက အရမ်း ကောင်းပါတယ်။ ရုရှားက တစ်ခုခု လုပ်ချင်နေတာပါ။ ရက်စက်ကြမ်းကြုတ်တဲ့ အရိုင်းအစိုင်းဝါဒကို သူတို့က ရပ်တန့်ချင်နေတာ။”

“ဒီစစ်ပွဲ ရပ်တန့်ဖို့ ကျွန်တော့်မှာ လုပ်နိုင်ခွင့်အာဏာရှိတယ်လို့ ကျွန်တော် ထင်တယ်” လို့ ထရမ့်က ပြောပါတယ်။

ယူကရိန်းကို ဥရောပနိုင်ငံတွေက စစ်တပ်တွေစေလွှတ်ဖို့ အလားအလာနဲ့ပတ်သက်ပြီး ဒေါ်နယ် ထရမ့်ကို မေးမြန်းရာမှာ သူပြောတာက “သူတို့အဲဒါကို လုပ်ချင်တယ်ဆိုရင် အဲဒါ ကောင်းတာပဲ။ ကျွန်တော်တော့ ထောက်ခံတယ်။”

ရီးယာ့ဒ်မြို့မှာ အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲဟာ ယူကရိန်းအပေါ် ရုရှားရဲ့ အလုံးစုံကျူးကျော်စစ် စပြီးကတည်းကဆိုရင် ဒီနှစ်နိုင်ငံကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်၊ ရုရှားသမ္မတရဲ့ လက်ထောက် ယူရီ အူရှကော့ဗ်၊ ရုရှားအစိုးရပိုင် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အကြီးအကဲ ကီရဲလ် ဒီမီဒရစ်ဗ်တို့ ပါဝင်ပါတယ်။

အစည်းအဝေးပြီးနောက် ဘယ်လိုငြိမ်းချမ်းရေး သဘောတူညီချက်မှာမဆို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ယူကရိန်းမှာနေရာချထားမှာကို မော်စကိုက လက်ခံမှာမဟုတ်ဘူးလို့ လက်ဗရော့က ပြောခဲ့ပါတယ်။

“တခြားအလံတွေရဲ့ အောက်က စစ်တပ်တွေ ပေါ်ပေါက်လာတာက အခြေအနေကို ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အဲဒါက လုံးဝ လက်မခံနိုင်စရာပါ” လို့ သူက ပြောပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ဟာ သံတမန်တွေ အမြန်ဆုံးခန့်ပြီး “အပြည့်အဝ ပူးပေါင်းဆောင်မှု ပြန်လည်လုပ်ဆောင်နိုင်ဖို့” အခြေအနေတွေ ဖန်တီးမယ်လို့ သူက ပြောပါတယ်။

“အရမ်း အသုံးဝင်တဲ့ ဆွေးနွေးမှုပါ။ နှစ်ဖက်စလုံးက နားထောင်ခဲ့ကြသလို တစ်ယောက်ပြောတာ တစ်ယောက် ပြန်ကြားခဲ့ရတယ်” လို့ လက်ဗရော့က ပြောပါတယ်။

နေတိုးကာကွယ်ရေးမဟာမိတ်အဖွဲ့ ဘယ်လိုချဲ့ထွင်မှုမျိုးမဆို၊ ပြီးတော့ ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ် ဖို့လုပ်ဆောင်တာမျိုးတွေက ရုရှားအပေါ် ”တိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်လိမ့်မယ်လို့ လက်ဗရော့က ရုရှားရဲ့ မူလရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြောဆိုခဲ့ပါတယ်။

ရူဘီယိုဘက်ကလည်း သူ့အနေနဲ့ ရုရှားဟာ ပဋိပက္ခကိုအဆုံးသတ်ဖို့ ”လေးနက်တဲ့လုပ်ငန်းစဥ်တစ်ခုမှာ စတင်ပါဝင်ဖို့ ဆန္ဒရှိနေတယ်” လို့ ”ယုံကြည်”ကြောင်း ပြောပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တူရကီရောက်နေချိန်မှာ စိတ်ပျက်နေပုံရတဲ့ ယူကရိန်းသမ္မတ
တူရကီရောက်နေချိန်မှာ စိတ်ပျက်နေပုံရတဲ့ ယူကရိန်းသမ္မတ

“ဘက်အားလုံးမှာ အလျော့ပေးတာမျိုးတွေတော့ ရှိမယ်။ အဲဒီတွေကို ကျွန်တော်တို့ ကြိုတင်သတ်မှတ်ထားမှာတော့ မဟုတ်ဘူး”။

“ဒီနေ့က ရှည်လျားပြီး ခက်ခဲတဲ့ခရီးအတွက် ပထမခြေလှမ်းပါ။ ဒါပေမယ့်လည်း အရေးကြီးခြေလှမ်းဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ဥရောပခေါင်းဆောင်တွေကလည်း ကတိုက်ကရိုက်နဲ့ တနင်္လာနေ့မှာ အစည်းအဝေးတစ်ခုကို ပဲရစ်မြို့မှာ စီစဥ်ခဲ့ကြပါတယ်။ အဲဒါဟာ သမ္မတထရမ့်လက်ထက် အမေရိကန်နဲ့ရုရှားတို့ရဲ့ သိသာတဲ့ပြန်ပေါင်းထုတ်မှုအပေါ် တုံ့ပြန်နိုင်ရေး ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ ဘုံရပ်တည်ချက်တစ်ခုရဖို့ထိ မဆွေးနွေးနိုင်ခဲ့ပါဘူး။

ရုရှားက သူရဲ့ အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်မှု ထပ်မလုပ်နိုင်အောင် တားဆီးနိုင်ဖို့အတွက် ဘယ်လိုယူကရိန်းသဘောတူညီချက်မှာမဆို ”အမေရိကန်ရဲ့ ထောက်ခံမှု” လိုအပ်လိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာက ပြောခဲ့ပါတယ်။ ယူကရိန်းကို ဗြိတိသျှစစ်သားတွေ စေလွှတ်ဖို့ စဥ်းစားမယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ နေတိုးရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဂျာမနီက ဝန်ကြီးချုပ် အိုလက်ဖ် ရှို့လ်ဇ်က “လက်ရှိကာလမှာယူကရိန်းကို စစ်သားတွေ စေလွှတ်ဖို့ဆိုတဲ့ ဆွေးနွေးမှုက ”လုံးဝဆန္ဒစောလွန်းတယ်” လို့ ပြောပါတယ်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တုစ်ခ်ကတော့ တပ်သားတွေ စေလွှတ်ဖို့ မရည်ရွယ်ထားဘူးလို့ ပြောခဲ့ပြီး ထရမ့်ရဲ့ သမ္မတကျမ်းကျိန်ပွဲကိုတက်ရောက်ခဲ့တဲ့ တစ်ဦးတည်းသော ဥရောပ ခေါင်းဆောင်ဖြစ်တဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ ဒီလိုလုပ်ဖို့ သံသယရှိတယ်လို့ ပြောခဲ့ပါတယ်။

ဥရောပက တပ်သားတွေ စေလွှတ်တာက “အရှုပ်ထွေးဆုံးနဲ့ ထိရောက်မှုအနည်းဆုံး” နည်းလမ်း ဖြစ်လိမ့်မယ်လို့ ပဲရစ်အစည်းအဝေးအတွင်းမှာ သူက ပြောခဲ့ပါတယ်။

ရူဘီယိုကတော့ ဥရောပသမဂ္ဂဟာ “ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတာကြောင့် တစ်ချိန်ချိန်မှာတော့ ဆွေးနွေးရေးစားပွဲဝိုင်းမှာ ရှိလာလိမ့်မယ်” လို့ ရီးယာ့ဒ်မြို့မှာ ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ယူကရိန်း မပါတာနဲ့ပတ်သက်လို့တော့ “ဘယ်သူ့ကိုမှ ဘေးဖယ်မထားပါဘူး” လို့ သူက အခိုင်အမာပြောဆိုပါတယ်။

“ဒါနဲ့ပတ်သက်လို့ ပဋိပက္ခမှာပါဝင်ပတ်သက်သူတိုင်း သဘောတူဖို့ လိုအပ်သလို သူတို့ လက်ခံနိုင်ဖို့လည်း လိုတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

တူရကီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယူကရိန်းခေါင်းဆောင် တုံ့ပြန်တဲ့အချိန်မှာတော့ သူဟာ ပင်ပန်းနေပုံရပြီး စိတ်ပျက်နေပုံလည်း ရပါတယ်။

“အရာအားလုံးကို မျှမျှတတ ဖြစ်စေချင်တယ်။ ဒါကြောင့် ဘယ်သူမဆို ကျွန်တော်တို့ နောက်ကွက်မှာ ဘယ်လိုဆုံးဖြတ်ချက်မှ ချလို့မရဘူး” လို့ ဇလန်းစကီးက ပြောပါတယ်။

“ယူကရိန်းစစ်ပွဲကို ဘယ်လိုရပ်တန့်ရမလဲဆိုတာက ယူကရိန်းမပါဘဲနဲ့ ဆုံးဖြတ်ချက်တွေ ချလို့ မရပါဘူး”။

ရီးယာ့ဒ်မြို့ဆွေးနွေးပွဲမှာ ရုရှားနဲ့ အမေရိကန်မျက်နှာတွေပေါ်က အပြုံးတွေက သူ့အတွက် ထိတ်လန့်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူ့ကိုကျော်ပြီး သဘောတူထားကြတာကို သူ့ဘက်က ပြောင်းလဲနိုင်ခြေလည်း နည်းတယ်ဆိုတာ သူသိထားပါလိမ့်မယ်။

ယူကရိန်းအနေနဲ့ အမေရိကန်တပ်တွေရဲ့ အကူအညီမပါဘဲ ရုရှားတပ်တွေကို ချေမှုန်းနိုင်ဖို့ မဆိုထားနဲ့၊ ခုခံနိုင်ဖို့ အခွင့်အလမ်းတောင် သိပ်မရှိဘူးဆိုတာ ယူကရိန်းသမ္မတဘက်က သိထားပါလိမ့်မယ်။

ရေးသားသူ – BBC သတင်း


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...