ဆေးဖက်ဝင် ကျည်းနီပင်

အပင်ပုံသဏ္ဌာန်
အမြဲစိမ်းပင်မျိုးဖြစ်ပြီး အရွက်အုပ်ဆိုင်းဆိုင်းရှိသည်။ အရွက်မှာ ရွက်ထီးဖြစ်ပြီး ရွက်လွှဲထွက်သည်။ များသောအားဖြင့် အကိုင်းထိပ်တွင် လှည့်ပတ်ထွက်သည်။ အရွက် လေးလက်မမှ ရှစ်လက်မခန့်ရှည်သည်။ ရွက်ဖျားပိုင်းကျယ်ပြီး ထိပ်ချွန်ကာ ရွက်ရင်းကျဉ်းသွားသည်။ အရွက်ပေါ် မျက်နှာပြင်မှာ အစိမ်းရောင်တောက်ပပြီး အောက်မျက်နှာပြင်၌ အမွေးနုကလေးများပါရှိသည်။

ပန်းခိုင်ထိပ်ဖျားမှ ရှည်လျားသော ပန်းခိုင်တွဲကျ၍ ပွင့်ပြီး သေးငယ်သော ပန်းပွင့်ကလေးများတွင် ပွင့်ဖတ်လေးခုမှာ ခွက်သဏ္ဌာန် ဖြစ်ပေါ်နေသည်။ ပွင့်ချပ်မှာ ပန်းဆီရောင်ဖြစ်ပြီး ဝတ်ဆံများစွာ ပါရှိသည်။ ယင်းတို့မှာ ပန်းပွင့်ကို ထင်ရှားလှပစေသည်။ မတ်လ၊ ဧပြီလတို့တွင်ပွင့်ပြီး ဇွန်၊ ဇူလိုင်လတို့တွင် အသီးရင့်သည်။ ပန်းခိုင်တစ်လျှောက်သည် အသီးအရင်းပိုင်းသွယ်ပြီး အဖျားပိုင်းကြီးသွားသည်။ တစ်သီးတစ်စေ့သာပါသော လေးမြှောင့်ပုံအသီးဖြစ်ပြီး အသီးခွံတွင် အမျှင်များ ပါရှိသည်။ မှည့်လျှင် ကြွေကျပြီး အလေ့ကျ ပြန်ပေါက်သည်။
ပေါက်ရောက်ပုံ
မြန်မာနိုင်ငံတစ်ဝန်း မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကမ်းစပ် တစ်လျှောက် သဘာဝအလျောက် ပေါက်ရောက်သည်။ အသီးများ မျောပါသွားပြီး မြစ်ရိုး၊ ချောင်းရိုး တစ်လျှောက် အလေ့ကျပေါက်ရောက်သည်။
အသုံးပြုသည့် အစိတ်အပိုင်းနှင့် အာနိသင်

မြန်မာ့ဆေးကျမ်းအဆိုအရ သွေး၊ သည်းခြေ၊ လေဟူသော ဒေါသ သုံးပါးကိုနိုင်၏။ အထူးသဖြင့် လေကိုပျက်စီးစေနိုင်၏။ ချာချာလည်အောင်မူးသောရောဂါကို ပျောက်စေ၏။ ကျည်းနီရွက်သည် အူကို တွန့်ရှုံ့စေ၏။ ကျည်းနီမြစ်သည် အေး၏။ အသက်ရှည်စေ၏။ အစေ့အဆန်သည်ပူ၏။ ထိုးအောင့်နာကျင်ခြင်း၊ သားဖွားရာတွင် နာကျင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်၏။
အသုံးပြုပုံ
ကျည်းနီသီးကိုသွေး၍ ဦးခေါင်းတစ်ခုလုံးကို လိမ်းပေးခြင်းဖြင့် သုံးလကြာပါက ဆံပင်ဖြူကို ပြန်နက်လာစေ၏။ ကျည်းနီသီးကို ကြိတ်ခြေပြီး သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါက အစာအိမ်အချဉ်ပေါက်ခြင်း၊ လေအောင့်ခြင်းတို့ကို ပျောက်စေ၏။ မျက်စိအောင့်လျှင် အသီးအဆန်ကို သွေးလိမ်းပါက ပျောက်၏။
ကျည်းနီသီးအဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေး၍ ရှူပေးပါက ခေါင်းတစ်ခြမ်းကိုက်သောရောဂါပျောက်၏။ ကျည်းနီသီးအဆန်ကို ပေါက်ပန်းဖြူရွက်ကြိတ်ညှစ်ရည်နှင့် ရော၍ စားသုံးပေးလျှင် ပန်းသေရောဂါပျောက်၏။
ကြိတ်မှန်ရွက် ကြိတ်ညှစ်ရည်နှင့် အသီးအဆန်ကိုသွေး၍ သောက်လျှင် ကိုယ်ရေဝါရောဂါနှင့် လေလုံးရောဂါများ ပျောက်ကင်းစေ၏။ သစ်ပုလွေအရည်နှင့် အသီးအဆန်ကို ကြိတ်၍ လိမ်းပေးပါက ညှပ်ရိုးတစ်လျှောက် အနာပေါက်ခြင်းကို လျင်မြန်စွာ ပျောက်စေ၏။ ကျည်းနီသီးအဆန်နှင့် မရိုးရွက်ကို ဆတူကြိတ်၍ လိမ်းပေးပါက ခါးနာခြင်းရောဂါကို ပျောက်စေ၏။ ကျည်းနီသီးဆန်ကို ရေနွေးနှင့် သွေး၍လိမ်းပေးပါက ကင်းမြီးကောက်ထိုးခံရသည့် အဆိပ်ကို ပျက်ပြယ်စေ၏။
ကျည်းနီရွက်ကို ကျိုသောက်လျှင် ဝမ်းဖောဝမ်းရောင်ကို သက်သာပျောက်ကင်းစေနိုင်သည်။ ကျည်းနီမြစ်ကိုကျို၍ သောက်ပေးပါက ဝမ်းသွားစေ၏။ ကျည်းနီသီးအဆန်ကို အခြားဆေးအမယ်များနှင့် ရောစပ်၍လည်းအမျိုးမျိုး အသုံးပြုနိုင်သည်။
ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ