ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်နှင့်ဇီလန်စကီး အား ကူညီရန်အီးယူခေါင်းဆောင်များ သဘောတူ

သမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်မူဝါဒများ ပြောင်းပြန်လှန်ပစ်မှုနှင့်အတူ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့သောကမ္ဘာကြီးတွင် ယူကရိန်းနှင့်အတူ ဆက်လက်ရပ်တည်ပြီး ကာကွယ်ရေးအတွက် ငွေကြေး ပိုမိုသုံးစွဲရေး အစီအစဉ်များကို ဥရောပခေါင်းဆောင်များက ယမန်နေ့က သဘောတူခဲ့ကြသည်။
ယူကရိန်းစစ်ပွဲဖြင့်ရဲတင်းလာသော ရုရှားက နောက်တစ်ဆင့်တွင် အီးယူနိုင်ငံတစ်နိုင်ငံအားတိုက်ခိုက်လာနိုင်ပြီး အမေရိကန်က ဝင်ရောက်ကူညီမည်ကို အီးယူက အားမကိုးနိုင်တော့ ဟူသော စိုးရိမ်မှုများရှိနေချိန်တွင် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ ဥရောပရဲ့ကာကွယ်ရေးကိုတည်ဆောက်ပြီး ယူကရိန်းနဲ့ အတူတကွရပ်တည်ရင်း ဥရောပသမဂ္ဂက စိန်ခေါ်မှုကို ရင်ဆိုင်နိုင်တယ်ဆိုတာကို ဒီကနေ့မှာ ပြသခဲ့ပါတယ်။” ဟု အစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သော အန်တိုနီယိုကော့စတာက ပြောကြားသည်။
ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းကမ်းများလျှော့ပေးခြင်းနှင့် စစ်ဘက်အတွက်သုံးစွဲရန် ယူရိုငွေ ၁၅၀ ဘီလီယံကို ပူးတွဲချေးယူပြီး အီးယူအစိုးရများအား ပြန်ချေးပေးမည့် ဥရောပကော်မရှင်၏ အစီအစဉ်ကိုလည်း အီးယူခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။
ယင်းအဆိုပြုချက်များကို ၎င်းတို့၏ကာကွယ်ရေးဝန်ကြီးများက အရေးတကြီး အသေးစိတ် လေ့ လာကြရန်လည်းအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက လက်မှတ်ရေးထိုးထားသော ပူးတွဲကြေညာချက်က ဖော်ပြထားသည်။
“ ယူကရိန်းမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ ဥရောပကာကွယ်ရေးစွမ်းပကားကို တည်ဆောက်ဖို့လိုအပ်ပါတယ်။” ဟု ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က ထိပ်သီးအ စည်း အဝေးအပြီးတွင်ပြောကြားသည်။
ယူကရိန်းနိုင်ငံအားထောက်ခံကြောင်း ကြေညာချက်ကိုလည်း မော်စကိုနှင့် ဆက်ဆံရေးထူထောင်နေသည့် ဟန်ဂေရီအမျိုးသားရေးဝါဒီခေါင်းဆောင် ဗစ်တာအော်ဘန်မှလွဲ၍ ကျန်ခေါင်းဆောင် ၂၆ ဦး က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ယူကရိန်းအရေးကို ယူကရိန်းမပါဝင်ဘဲဆွေးနွေးမှုများ မရှိနိုင်ကြောင်း နှင့် ယူကရိန်းအား ဆက်လက်ကူညီထောက်ပံ့ကြရန်အီးယူခေါင်းဆောင် ၂၆ ဦး က ပြောကြားကြသည်။
ယူကရိန်းအားကူညီရေးတွင် အမေရိကန်အား စည်းရုံးသိမ်းသွင်းနိုင်ရန်မျှော်လင့်ကြောင်း တချို့ခေါင်းဆောင်များကလည်းပြောကြားကြသည်။
လက်ရှိအခြေအနေ၏ လေးနက်ပြင်းထန်မှုကိုပြသသော လက္ခဏာတစ်ရပ်၌ ပြင်သစ်သမ္မတ မက်ခရွန် က ပြင်သစ်၏နျူကလီးယား အဟန့်အတားအား ဥရောပမိတ်ဖက်များဆီ တိုးချဲ့ပေးရေးကို ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ကမ်းလှမ်းခဲ့ပြီး ယင်းကိုအများစုက သတိထားသောအပြုသဘောဖြင့် တုံ့ပြန်ခဲ့ကြသည်။
လစ်သူယေးနီးယား သမ္မတ နော်ဆီဒါ ကဲ့သို့ ခေါင်းဆောင်တချို့ကမူ ပြင်သစ်၏ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ကြကာ ယင်းမှာ ရုရှားအတွက်လေးနက်သော အဟန့်အတားဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။
ရေးသားသူ-The Standard Time daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ