ဥရောပထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဇီလန်စကီးအား လန်ဒန် နွေးထွေးစွာကြိုဆို

အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် အချေအတင်ဖြစ်ခဲ့ပြီးနောက် ဗြိတိန် ၊ ဥရောပတို့နှင့် ဆွေး နွေးပွဲများတက်ရောက်ရန် လန်ဒန်သို့ရောက်ရှိလာခဲ့သော ယူကရိန်းသမ္မတ ဇီလန်စကီး အား ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက နွေးထွေးစွာ ပွေ့ဖက် ကြိုဆိုခဲ့ကြောင်း ရိုက်တာသိရသည်။
ရုရှားက ယူကရိန်းအား ကျူးကျော်မှုသုံးနှစ်ပြည့်ပြီးချိန်နှင့်လည်း တိုက်ဆိုင်နေသော သောကြာနေ့က အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း ယူကရိန်းအား ကူညီထောက်ပံ့နေမှုများကို ရပ်တန့်မည်ဟု ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့သည်။
အိမ်ဖြူတော် ထိပ်တိုက်တွေ့မှုဖြစ်ပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူယ်ယ်မက်ခရွန် က စနေနေ့တွင် ဇီလန်စကီး ၊ ဒေါ်နယ်ထရန့်တို့နှင့် စကားပြောခဲ့ ကာ တည်ငြိမ်အေးဆေးမှုရှိရန် အင်တာဗျူးတစ်ခု၌ ပြောကြားသည်။

တနင်္ဂနွေနေ့တွင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးကြမည့် ဥရောပခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကီယာစတာမာနှင့် စကားပြောရန် လန်ဒန်မြို့ဒေါင်းနင်းလမ်းဝန်ကြီးချုပ် နေအိမ်သို့ ရောက်ရှိလာခဲ့သော ဇီလန်စကီး အား အရပ်သားပြည်သူလူထုက အားပေးကြိုဆိုခဲ့ကြသည်။
“ လမ်းပေါ်က အားပေးဂုဏ်ပြုသံတွေကို ခင်ဗျားကြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ခင်ဗျားကို သူတို့ ဘယ် လောက်ထောက်ခံကြောင်း နဲ့ ခင်ဗျားတို့နဲ့အတူ ကျွန်တော်တို့ အပြည့်အဝရပ်တည်ကြောင်း ပြသဖို့ လာရောက်ကြတဲ့ ဗြိတိန်နိုင်ငံသားတွေဖြစ်ပါတယ်။” ဟု စတာမာက ဇီလန်စကီးအားပြောကြားသည်။
ဗြိတိန်နိုင်ငံတစ်ဝှမ်းတွင် ဇီလန်စကီးအား အပြည့်အဝထောက်ခံကြကြောင်း နှင့် မည်မျှကြာမြင့်သည်ဖြစ်စေ ၎င်းတို့က ယူကရိန်းနှင့်အတူ ရပ်တည်မှာဖြစ်ကြောင်း ကီယာစတာမာက ယူကရိန်းသမ္မတအားပြောကြားသည်။
အရေးကြီးသောကိစ္စရပ်များကို ကီယာစတာမာနှင့် နွေးထွေးစွာ ဆွေးနွေးခဲ့ကြောင်း နှင့် အထူးသဖြင့် ယူကရိန်း ၏အနေအထား ခိုင်မာရေးနှင့် လုံခြုံရေးအာမခံချက်များ ရရှိရေးကို ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီး က ပြောကြားသည်။
၎င်းတို့၏ ဆွေးနွေးပွဲများအတွင်း ယူကရိန်းနှင့် ဥရောပတစ်ခုလုံးရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ လက်တွဲဖော်များနှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ယူကရိန်း၏ အနေ အထားကို အားဖြည့်ရန် ခိုင်မာသောခြေလှမ်းများအကြောင်း ၊ စစ်ပွဲအားတရားမျှတစွာ အဆုံးသတ်ရေး နှင့် ယုံကြည်စိတ် ချရသော လုံခြုံရေး အာမခံချက်များအကြောင်း ကို ဆွေး နွေးခဲ့ကြသည်ဟု ဇီလန်စကီး က တယ်လီဂရမ်လူမှုကွန် ရက်တွင် ပြောကြားသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ