လှိုင်သာယာFMIအိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်
ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။

“ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။
ထို့နောက် Oceanရှေ့တွင် ရပ်ထားသော အာရာဖတ်ကားအနီးသို့ အရောက်တွင် ကားခေါင်းခန်းမှ မှန်တံခါးကျလာပြီး “ညီလေးက အလုပ်လျှောက်ထားတဲ့ ကိုဖြိုးလား?”ဟု မေးလေသည်။ မေးသူမှာ အသားဖြူဖြူ မြန်မာစကားအနည်းငယ်ဝဲတဲတဲနှင့် တိုင်းရင်းသားကပြားပုံစံမျိုးဖြစ်ဟု ကိုဖြိုးတွေ့လိုက်သည်။ ကိုဖြိုးမှ “ဟုတ်ကဲ့ပါခင်ဗျ”ဟုဖြေကြားလိုက်ရာ ထိုသူမှ “လာ ကားပေါ်တက်ခဲ့ ညီလေး၊ အစ်ကိုလည်း အခုပဲ အပြင်ကအလုပ်ကိစ္စပြီးလို့ ရုံးကို ပြန်မှာ၊ မင်းနဲ့လမ်းကြုံတော့ အတော်ပဲပေါ့” ဟု ပြောလိုက်ရာ ကိုဖြိုးလည်း ဘာမှ တွေးမနေတော့ပဲ ကားခေါင်းခန်းတံခါးဖွင့်ပြီး တက်ထိုင်လိုက်တော့သည်။
ထို့နောက် FMIအိမ်ယာထဲသို့ မောင်းဝင်သွားလေသည်။ ကိုဖြိုးမှ “ကျွန်တော်သိလိုက်တာတော့ ကားက ကံရိပ်သာလမ်းရယ်၊ ပဒေသာပင်လမ်းမကြီးရယ် အဲ့ဒီလမ်းတွေကနေ မောင်းဝင်သွားတာ၊ အဲ့ဒီနောက်တော့ လမ်းကြို လမ်းကြားတွေ ပတ်မောင်းနေတော့ ဘယ်လမ်းတွေရောက်ကုန်လဲတော့ အတိအကျမပြောတတ်တော့ဘူး” ဟု ပြောလေသည်။ ဆယ်မိနစ်ခန့် ကားမောင်းပြီးချိန်တွင်မူ FMIအိမ်ယာထဲရှိ ခြံဝန်းကျယ်ကြီးထဲတွင် လက်တဖောင်ခန့်မြင့်သော ခြံစည်းရိုးကြီးများ ခတ်ထားသော ဝင်းခြံကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုခြံဝတွင် လုံခြုံရေးဂိတ်တစ်ခုရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော လုံခြုံရေးများလည်း ရှိသည်။ ကားကို ခြံဝန်းထဲရှိ ကားပါကင်တန်းအမိုးအောက်တွင် ထိုးရပ်ကာ မန်နေဂျာဆိုသူက သူ့နောက်ကို လိုက်ခဲ့ရန် ပြောလေသည်။

ကိုဖြိုးလည်း မန်နေဂျာအနောက်ကို လိုက်ခဲ့ရာ အိမ်ကြီးအတွင်းကို ဝင်ရန်အတွက် သော့ခတ်ထားသော သံဘာဂျာတံခါးကို အရင်ဆုံးသော့ဖွင့်ပြီးမှ ဝင်ရလေသည်။ အိမ်ကြီးအတွင်းသို့ ရောက်သည်တွင် ဆေးရုံသုံးခုတင်ကြီးများ၊ ဆေးဝါးထည့်သော ကတ္ထူပုံးအလွတ်များကို တွေ့ရလေသည်။ ကိုဖြိုးလည်း စိတ်ထဲတွင် မသင်္ကာဖြစ်စပြုလာသည်။
အိမ်ကြီး၏ လှေကားကြီးအပေါ်မှ တက်ပြီး ဒုတိယအထပ်သို့ ရောက်သည်နှင့် တပြိုင်နက် လူသုံးယောက် ဘွားကနဲပေါ်လာကာ ကိုဖြိုး၏ လက်နှစ်ဖက်နှင့် ခါးကို သိုင်းဖက်ကာ ဝိုင်းချုပ်လိုက်ကြလေသည်။ ကိုဖြိုးလည်း ရုတ်တရုတ်ဖြစ်သဖြင့် ကြောင်သွားကာ မရုန်းမိသေးချေ။ ပြီးမှ သတိဝင်ကာ “ကျွန်တော့်ကိုလွှတ် ကျွန်တော့်ကိုလွှတ်” ဟု အော်ပြီး အားကုန်ရုန်းလေတော့သည်။
သို့သော် အားကောင်းမောင်းသန် ယောင်္ကျားကြီး ၃ယောက်အပြင် သူ့ကို ခေါ်လာသော မန်နေဂျာဆိုသူကပါ ဝိုင်းချုပ်ထားသဖြင့် ကိုဖြိုးတစ်ယောက် လွတ်အောင် ရုန်းမထွက်နိုင်တော့ပေ။ ကိုဖြိုးကို ဘာစကားတစ်ခွန်းမှ မပြောပဲ ဝိုင်းချုပ်ထားကာ အိမ်အနောက်ဖက် အပေါ်ထပ်တွင်ရှိသော အခန်းလွတ်တစ်ခန်းထဲကို ထည့်ပြီး အပြင်ဖက်မှ သော့ပိတ်ထားလိုက်လေတော့သည်။ ကိုဖြိုးလည်း တံခါးကို အားကုန်တွန်းဖွင့်ကြည့်သည်။ ဆောင့်ကန်ကြည့်သည်။ တံခါးလက်ကိုင်ကို အားကုန်လှည့်ဖွင့်ကြည့်သည်။ တံခါးက လုံးဝမပွင့်ပေ။ သူ့ကို ဘာရည်ရွယ်ချက်နှင့် ဖမ်းထားခြင်းလဲဟု ကိုဖြိုးတွေးကြည့်မိသည်။
စစ်တပ်ထဲ ပို့မလို့လား? ဒါမှမဟုတ် ကျားဖြန့်မှာ အလကားခိုင်းစေမလို့လား? မရိုးသားသော သူများဖြစ်သည်ကတော့ သေချာသည်။ ယခုပင် ကိုဖြိုးကို မင်းမဲ့တိုင်းပြည်ကဲ့သို့ အဓမ္မဖမ်းဆီးထားပြီး မဟုတ်ပါလား? ကိုဖြိုး အပြင်ကို ဟစ်အော်ပြီး အကူအညီတောင်းကြည့်သည်။ တောင်းပန်ကြည့်သည်။ ဘာမှ မထူးခြားပေ။
ယခုကိုဖြိုးရောက်နေသော အခန်းမှာ ပြတင်းပေါက်တစ်ပေါက်သာရှိသော အခန်းငယ်လေးဖြစ်သည်။ အခန်းထဲတွင် သောက်ရေသန့်ဗူး ဗူးကြီးတစ်ဗူးနှင့် ရေခွက်တစ်ခွက်သာ ရှိပြီး ကျန်တာဘာတစ်ခုမှ မရှိပေ။ ပြတင်းပေါက်တွင်လည်း သံပန်းတံခါးဖြစ်သောကြောင့် သံပန်းများ တပ်ထားလေသည်။ မောလည်း မောနေပြီဖြစ်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။ ကိုဖြိုးရှိနေသောအခန်း၏ တံခါးတွင် ခြစ်ရာ ကုတ်ရာများကို အများကြီး သတိထားမိလိုက်သည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဤအခန်းထဲတွင် မိမိရှေ့တွင် လူများစွာပိတ်လှောင်ခံခဲ့ရခြင်းဖြစ်နိုင်သည်။ ထိုသူများ ဘာဖြစ်ကုန်လဲဆိုတာ တွေးရင် ကိုဖြိုး ချောက်ခြားလာသည်။
ထိုအခန်း၏ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ခြံဝန်းထဲက ကားပါကင်ကို လှမ်းမြင်ရသည်။ သူအခန်းထဲရောက်ပြီး တစ်နာရီခန့်အကြာတွင် သူ့ကို ခေါ်လာသော အာရာဖတ်ကားအနက်ကြီးစက်နှိုးသံကို ကြားရသောကြောင့် မှန်ပြတင်းမှ ကြည့်လိုက်ရာ ကားပေါ်သို့ ကျွတ်ကျွတ်အိတ်အမည်းအထုတ်ကြီးများ တင်နေကြသည်ကို တွေ့ရသည် စုစုပေါင်း အထုတ်အနက်ကြီး ၃ ထုတ်တင်ပြီးသည့်နောက်တွင် ကားကြီးက အပြင်သို့ ပြန်ထွက်သွားလေသည်။
ကိုဖြိုးလည် ဒီအတိုင်း ထိုင်မနေရဲတော့ပေ။ ဒီအိမ်ကြီးထဲမှ လွတ်လမ်းမရှာနိုင်ပါက မိမိလည်း တစ်ခုခုဖြစ်တော့မည်မှာ ကြိမ်းသေဖြစ်လေသည်။ ကိုဖြိုး သံပန်းတံခါးကို ကြည့်လိုက်ရာ သံပန်းတံခါးမှာ ပြတင်းပေါက်သစ်သားဘောင်တွင် မူလီအပေါ်၂လုံး၊ အောက်၂လုံး စုတ်ကာ ကပ်ထားခြင်းဖြစ်ကြောင်းတွေ့ရသည်။ အခန်းထဲတွင် ဝက်အူလှည့်စသော ကိရိယာများလည်း ရှာကြည့်သော်လည်း မတွေ့ပေ၊ ထို့ကြောင့် ကိုဖြိုး ခါးတွင် ပတ်ထားသော ခါးပတ်ခေါင်းအချွန်ဖြင့် မူလီများကို ထိုးလှည့်ကြည့်ရာ အနည်းငယ်လှည့်လို့ရကြောင်း တွေ့ရသောကြောင့် မူလီ၄လုံးစလုံးကို စိတ်ရှည်လက်ရှည်ဖြင့် လှည့်ချွတ်လိုက်ကာ သံပန်းတံခါးကို ဆွဲဖြုတ်လိုက်လေသည်။
ထို့နောက် မှန်တံခါးကို ဖွင့်ကာ အပေါ်ထပ်မှ ဖြစ်ချင်ရာဖြစ်ဟု သဘောထားပြီး ခုန်ချလိုက်လေသည်။ ဆယ့်ငါးပေခန့်အမြင့်မှ ခုန်ချလိုက်သောကြောင့် အောက်ထပ်ကိုဒူးထောက်ကာ ကျသွားလေသည်။ ဘယ်ဖက်ဒူးခေါင်းမှ ဆိုးဝါးစွာ နာကျင်သွားသော်လည်း ဇောနဲ့မို့ ခြံဝင်းအနောက်ဖက်ပိုင်းကို ပြေးသွားကာ ခြံစည်းရိုးနှင့် ကပ်လျက်ပေါက်နေသော သရက်ပင်ကြီးအပေါ်သို့ ဖက်တက်ပြီး ခြံစည်းရိုးကို ကျော်တက်ကာ ထိုအိမ်ကြီးမှ ဝေးလျှင်ပြီးရောဟု သဘောထားပြီး ခြေဦးတည့်ရာ ပြေးခဲ့လေသည်။ မိနစ်နှစ်ဆယ်ခန့်မျှ ပြေးပြီးသည့်နောက်တွင် ရင်ထဲတွင် ဆို့တက်လာ၍ ဆက်မပြေးနိုင်တော့ပဲ ရေမြောင်းတစ်ခု၏ဘေးတွင် ထိုင်ချကာ ခဏအမောဖြေလိုက်ရသည်။
ထို့နောက် လမ်းတွင်တွေ့သော ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းပြီး ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်သို့ လိုက်ပို့ရန် အကူအညီတောင်းရလေသည်။ ဆိုင်ကယ်စီးလာသော ဦးလေးကြီးက သဘောကောင်းသောကြောင့် ကိုဖြိုးကို လမ်းမပေါ်အထိ လိုက်ပို့ပေးလေသည်။ ကိုဖြိုးလည်း ရန်ကုန် ပုသိမ်လမ်းမကြီးပေါ်ရောက်သောအခါတွင် တက္ကစီတစ်စီးကို ငှားစီးပြီးလျှင် အိမ်အထိ အမြန်ဆုံးပြန်ခဲ့ရလေသည်။ ကိုဖြိုးသည် ထိုအဖြစ်အပျက်များကို ပြန်ပြောနေရင် ကတုန်ကယင်ဖြစ်နေသည်။
“ကျွန်တော်ထင်တာကတော့ လူတွေကို အလုပ်ပေးမယ်လို့ လိမ်ခေါ်ပြီးတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အိမ်ထဲမှာ ဆေးရုံသုံးပစ္စည်းတွေ ခုတင်တွေမနည်းဘူး။
သာမန်အိမ်တွေမှာ ဒီပစ္စည်းတွေရှိနေစရာ ဘာအကြောင်းမှ မရှိဘူးလေ၊ ပြီးတော့ ကျွန်တော့်လိုမျိုး လိမ်အခေါ်ခံရပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ရောင်းခံခဲ့ရတဲ့ မြန်မာပြည်သားတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ မသိဘူး” ဟု ပြောပြသည်။ “ရဲစခန်းသွားတိုင်ရင်လည်း မတော်လို့ ရဲတွေက သူတို့လူတွေဖြစ်နေရင် တိုင်တဲ့ ကိုယ်ပဲဒုက္ခရောက်မှာလေ။ ဒါကြောင့် ကိုယ့်လိုအဖြစ်မျိုးကို တခြားလူတွေ မကြုံတွေ့စေချင်လို့ အခုလို ပြန်ပြောပြပြီးတော့ မျှဝေလိုက်ရတာ” ဟု ပြောပြသည်။
Credit
(သီဟဇော် – Hlaingtharyar news media)
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ