စစ်ကိုင်းဗဟိုပြုငလျင်ကြောင့် မြန်မာ၊ ထိုင်းတို့မှာ ပြိုကျထိခိုက်မှုများပြီး ဗီယက်နမ်နိုင်ငံအထိ သက်ရောက်မှုရှိခဲ့

မတ် ၂၈ ရက် နေ့လယ်ပိုင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့အထိ သက်ရောက်မှုရှိခဲ့ပြီးဘန်ကောက်မြို့က ဆောက်လုပ်နေဆဲ အထပ်မြင့်အဆောက်အဦ ပြိုကျမှုမှာ ဒါဇင်နဲ့ချီတဲ့ အလုပ်သမားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီးဟာ အနက်တိမ်အနေအထားနဲ့ စစ်ကိုင်းမြို့ အနောက်မြောက်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့ USGS က ဆိုပါတယ်။
မန္တလေးမြို့မှာရှိတဲ့ ဗလီတစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ရတယ်လို့ သိရှိထားရပါတယ်။ မန္တလေးမြို့ခံတွေတင်တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေမှာတော့ မြို့တခွင်က လမ်းတွေပေါ်မှာ ပြိုကျနေတဲ့ အဆောက်အဦတွေ အပျက်အစီးတွေ ပျံ့ကျဲနေတာ တွေ့မြင်နေရပါတယ်။

ငလျင်လှုပ်ခတ်ချိန် နေပြည်တော် အမျိုးသားပြတိုက်မှာ ရောက်ရှိနေတဲ့ စာနယ်ဇင်းအဖွဲ့ကတော့ အဆောက်အဦ လှုပ်ရမ်းပြီး မျက်နှာကျက် အစိတ်အပိုင်းတွေ ပြုတ်ကျတာတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့် ပြတိုက်အနီးနားမှာရှိတဲ့ လမ်းတချို့ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် နေပြည်တော်က ဆေးရုံဆီကို သွားတဲ့လမ်းတလျှောက်မှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဆေးရုံဟာ ပျက်စီးထိခိုက်မှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလို လမ်းပိတ်နေတဲ့ ကြားထဲမှာ ဆေးရုံကားတွေဖြတ်သန်းဖို့ ဆေးအကူတွေက တခြားကားတွေ ဘေးဖယ်ပေးကြဖို့ အော်ပြောနေတာကို တွေ့ခဲ့ရပါတယ်။ ကုတင် ၁၀၀၀ ဆေးရုံမှာတော့ လမ်းပေါ််မှာတင် ဒဏ်ရာရာသူတွေကို ကုသပေးနေတာ၊ ဆေးသွင်းကုသပေးနေတာတွေ ရှိနေခဲ့ပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီကတော့ ရှားရှားပါးပါး နိုင်ငံတကာကနေ လူသားစာနာအကူအညီတောင်းခံလိုက်ပြီး ဒေသ ၆ ခုမှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ နေပြည်တော်က ဆေးရုံတစ်ခုဆီ ရောက်လာတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့မှာလည်း ဆောက်လုပ်နေဆဲ အထပ် ၃၀ မြင့် အဆောက်အဦ ပြိုကျလို့ အလုပ်သမား ၄၃ ယောက် ပိတ်မိနေတယ်လို့ ရဲနဲ့ ဆေးအဖွဲ့တွေက ပြောပါတယ်။ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အဆောက်အဦ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ ဒါဇင်နဲ့ချီတဲ့ အလုပ်သမားတွေကို ကယ်ထုတ်နေတယ်လို့ ထိုင်းအမျိုးသား အရေးပေါ်ဆေးဌာနက ဆိုပါတယ်။
ငလျင်ကြောင့် ဘန်ကောက်မြို့မှာရှိတဲ့ မြေပေါ် မြေအောက် ရထားလမ်းပိုင်းအားလုံးကို ရပ်ဆိုင်းထားပြီး ဝန်ကြီးချုပ် ပေသွန်ထန် ရှာနာဝါထရာက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာမယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့မှာတော့ ငလျင်လှုပ်ခတ်ချိန်မှာ ရာနဲ့ချီနဲ့လူတွေဟာ အထပ်မြင့်အဆောက်အဦတွေကနေ ပြေးထွက်လာခဲ့ကြရပါတယ်။ ငလျင်လှိုင်းကို တရုတ် အနောက်တောင်ဘက်က ယူနန်ပြည်နယ်အထိပါ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အခုလိုငလျင်တွေ လှုပ်ခတ်မှုက မကြာခဏ ဖြစ်ပေါ်တတ်လေ့ရှိပြီး ပြင်းအား ၇ မဂ္ဂနီကျုနဲ့ အထက် ငလျင် ၆ ကြိမ်လောက်ဟာ ၁၉၃၀ ကနေ ၁၉၅၆ ခုနှစ်အတွင်း နိုင်ငံ့ဗဟိုကို မြောက်ကနေ တောင်အထိ သွယ်တန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ USGS က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း ပုဂံမြို့မှာ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ လူ ၃ ဦးသေဆုံးခဲ့ရပါတယ်။
ရေးသားသူ- Than Lwin Times
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ