ရက်သတ္တနှစ်ပတ်အတွင်း ငလျင် (၁၁) ကြိမ်လှုပ်

ယခုလ ရက်သတ္တနှစ်ပတ် (မတ် ၁ ရက် မှ ၁၄ ရက်) အတွင်း ငလျင်လှုပ်ခတ်မှု (၁၁) ကြိမ်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် မကွေးတိုင်းတို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းရှိညောင်တုန်းမြို့နှင့်ဖျာပုံမြို့၊ စစ်ကိုင်းတိုင်း ရှိဟုမ္မလင်းမြို့တို့တွင် ငလျင်လှုပ်ခတ်မှုအကြိမ်ရေအများဆုံးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရ သည်။

မတ်လ ၁ ရက်တွင် မကွေးတိုင်း၊ မင်းဘူးမြို့၊ မတ်လ ၃ ရက်တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ မတ် ၅ ရက်တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မတ်လ ၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့် ယမန်နေ့(မတ် ၁၄ ရက်) တွင်လည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့၌ ငလျင်များလှုပ်ခတ်ခဲ့သည်။
မြန်မာနိုင်ငံ၌သိသာထင်ရှားစွာလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၆၀ အတွင်း ပြန်လည် လှုပ်ခတ်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် ၁၉၃၀ ခုနှစ်တွင် လှုပ်ရှားခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်နှင့် ၁၇၆၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လှုပ်ခတ်ခဲ့သည့် ငလျင်တို့ သည် တစ်ကျော့ပြန်လှုပ်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြောရေး ဆိုခွင့်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်ဖြေဆိုထားသည်။
ငလျင်လှုပ်ရှားနေစဉ် မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များမှလွတ်ကင်းရန် စာရေးခုံ၊ စားပွဲအောက်အစရှိသည်တို့တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေရန်၊ ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိပြုရန်၊ တံခါးပေါက်၊ ပြတင်းပေါက်များနှင့် ဝေးဝေးနေရန်နှင့်အိမ်အပြင်သို့ ထွက်မပြေးရန်၊ တိုက်အမြင့်တွင် နေထိုင်သူများအနေဖြင့် လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်းမပြုလုပ်ရန်၊ မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင် သို့ရောက်ရှိအောင်ကြိုးပမ်းရန်၊ မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကိုစက်သတ်ရပ်ထား၍ ကားအတွင်း၌ပင်ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရန်၊ ငလျင်လှုပ်ခတ်စဉ် ဆူနာမီရေလှိုင်းကြီးများဝင်ရောက်နိုင်သဖြင့် ပင်လယ်ကမ်းခြေနှင့်နိမ့်သော မြစ်ကမ်းပါးနေရာများနှင့် ဝေးဝေးနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ