EV ကားများ ဧပြီ ၁ ရက်မှစတင်ကာ လမ်းတံတားကြေးပေးဆောင်ရမည်ဟုဆို

လမ်းတံတားအသုံးပြုခ ကင်းလွတ်ခွင့်ရထားသည့် EV ကားများ လာမည့် ဧပြီ ၁ ရက်မှစတင်ကာ လမ်းတံတားကြေးပေးဆောင်ရမည်ဖြစ်ကြောင်း EV ယာဉ်မောင်းများထံမှသိရသည်။
EV ကားများလမ်းတံတားအသုံးပြုခ ကင်းလွတ်ခွင့်ကာလသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှစတင်ကာ ယခုမတ်လ ၃၁ ရက်တွင်ပြည့်ပြီဖြစ်သည့်အတွက် လမ်းတံတားကြေးများပေးဆောင်ရမည်ဖြစ်ကြောင်း နစက၏ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက EV ကားများနှင့် ပတ်သက်သည့်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်ကရန်ကုန်မြို့တွင်းပဲမောင်းတာ။ အုန်နာကြေးကတစ်ရက်ခြောက်သောင်းခွဲပေးရတယ်။ အုန်နာကအားသွင်းပေးတယ်။ အခုလမ်းတံတားကြေးပေးရမယ်လို့ စာတွေထွက်လာတယ်။ ကျွန်တော်တို့မြို့တွင်းမောင်းတဲ့သူတွေအတွက်တော့ ပြဿနာမရှိဘူး။ ယာဉ်စီးခ စျေးနှုန်းတွေလည်းတိုးတောင်းမှာမဟုတ်ဘူး။ မြို့တွင်းမှာသွားတဲ့တက္ကစီတွေက လမ်းတံတားကြေးကိုခရီးသည်ကပဲ ပေးရတဲ့စနစ်က အရင်ကတည်းကရှိပြီးသားဆိုတော့ ပြဿနာမရှိဘူး” ဟု EV ယာဉ်မောင်းတစ်ဦးက ပြောသည်။မန္တလေး- ပြင်ဦးလွင်လမ်းပိုင်းတွင်ပြေးဆွဲနေသော EV တက္ကစီကားများအနေဖြင့် လက်ရှိအခြေအနေတွင် ဈေးနှုန်းပြောင်းလဲရန်မရှိကြောင်း သိရသည်။
“လောလောဆယ်စျေးမတက်သေးပါဘူး။ မန္တလေးနဲ့ ပြင်ဦးလွင်ကို ခရီးသည်တစ်ဦး ၁၇၀၀၀ နဲ့ စဖွင့်ကတည်းက ဒီစျေးနဲ့သတ်မှတ်ပြီးပြေးဆွဲနေတာပါ။ အခုလည်းဒီစျေးနဲ့ ဆက်ဆွဲသွားမှာပါ။ လမ်းတံတားကြေးပေးရင်လည်း ခရီးသည်ကပေးရမှာမဟုတ်ဘူး။ မောင်းတဲ့သူကပဲပေးရမှာပါ” ဟု မန္တလေး-ပြင်ဦးလွင်ပြေးဆွဲနေသည့်မဂ်လာပါ EV တက္ကစီဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လျှပ်စစ်သုံး EV ယာဉ်များကို၂၀၂၃ ခုနှစ်မှ၂၀၂၅ ခုနှစ်အထိ ကနဦးမှတ်ပုံတင်သည့်ယာဉ်များအတွက် ၁၀၀ ရာခိုင်နှုန်းဘီးခွန်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် အစရှိသည့်အခွန်အခများကို ကင်းလွတ်ခွင့်ပြုထားသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ