Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း

ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း

Astrology Religion
ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း
ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း

ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ ရှေးဦးပထမ သမာဓိ မရသေးခင် ဂုဏ်တော်တစ်ပါး တည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ် ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ်အစဉ် မပျော်မွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်။ ဂုဏ်တော်ကိုးပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လွှဲကာဖယ်ကာ အာရုံပြုနေရသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင် ပျော်ပြီးယင်း ပျော်ယင်း ဖြစ်သကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူတို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူးရွှင်မှူးချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော် တစ်ပါးပါး၌ သမာဓိ စူးစိုက်လာလိမ့်မည်။

ထို့ ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦး မိမိ၏ သီလကို ၅-ပါးဖြစ်စေ, ဂ-ပါးဖြစ်စေ, ၁ဝ-ပါးဖြစ်စေ, အထူး လုံခြုံစွာ ရှိစေရမည်။ ထို့နောက် ဆိတ်ငြိမ်သော အရပ်ကို ရစေရမည်။ မိမိအိမ်မှာ ဖြစ်လျှင်လည်း အားလုံး တိတ်ဆိတ်သောအခါ ဖြစ်စေရမည်။ ရုပ်ပွားတော် စေတီတော်အနီးအပါး ဖြစ်လျှင်လည်း ပွဲလမ်းအခါ မဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်။ သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီရုပ်ပွားအနီး သို့မဟုတ် တောတောင်ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံ မပြုသင့်ပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း
ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း

အရပ်ရပ် အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်ပြီးနောက် တကယ့် ယောဂီ စိတ်ကို ရောက်စေလျက် မိမိရွှေမှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါအတိုင်း အာရုံပြုပါ။

(၁) ဗုဒ္ဓဂုဏ်တော်။ ။ဘုရားရှင်သည် အလောင်းတော်သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေခါစ၌
သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော် ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ-ကိုယ်တိုင် သိရသောအခါဝယ်၊
ဗောဓေယျံ-သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟု ဓိဋ္ဌာန်တော်မူခဲ့ပါသည်။

(၂) သုဂတဂုဏ်တော်။ ။ထိုသို့ ဓိဋ္ဌာန်တော်မူခဲ့သည် အားလျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်း များစွာတို့ကို စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာဖြည့်ကာ ကောင်းစွာ ကြွတော်မူခဲ့ပါသည်။

(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။ ။ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရားဖြစ်တော့မည့်ဘဝ၌ သီလစောင့်ခြင်း, ဣန္ဒြေစောင့်စည်းခြင်း စသော ကိုယ်ကျင့်တရား စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူရကား, ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်, သန်းခေါင်ယံဝယ် နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံဝယ် ကိုယ်တော်၏ သန္တာန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝခြောက်ခန်းစေနိုင်သော “အာသဝက္ခယ” ခေါ် အရဟတ္တမဂ်ဉာဏ်တော် ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။

(၄) အရဟံဂုဏ်တော်။ ။ထို ဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာအနောက်အကျုမှ ကင်းစင်သဖြင့် အမြဲ ကြည်လင်တော်မူပါသည်။

(၅) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်။ ။ထိုကဲ့သို့ ကြည်လင်သော စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍
မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင်
လုံးဝကုန်စင် သိမြင်တော် မူနိုင်ပါသည်။

(၆) လောကဝိဒူဂုဏ်တော်။ ။ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော် ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍
မကြာမကြာ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကို လည်းကောင်း သတ္တဝါအနန္တကိုလည်းကောင်း ရုပ်နာမ်ဓမ္မ သင်္ခါရလောကကိုလည်းကောင်း သိမြင်တော်မူပါသည်။

(၇) အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်။ ။သတ္တလောက (သတ္တဝါဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော ဣနြေတို၏ အနု အရင့်ကို နှိုင်းနှင့် ခွဲခြမ်း သိစွမ်းတော်မူရကား ထို သတ္တဝါအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြော ပြသဆုံးမ တော်မူနိုင်ပါသည်။ ။

(ဂ) သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်။ ။ထိုကဲ့သို့ မိမိတို့အလို လိုက်၍ အကြိုက်ကျအောင် ဟောပြော ဆုံးမတော်မူသော ဘုရားရှင်ကို ဆရာ မတင်လျင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည်နည်း၊ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်ပါပေသည်။

(၉) ဘဂဝါဂုဏ်တော်။ ။ထိုကဲ့သို့ လူရော နတ်ပါ ဗြဟ္မာမလပ် အရပ်ရပ်ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသာဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော် ဉာဏ်တော် ကျက်သရေတော် တန်ခိုးတော် ကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီတကား။

အားတက်ဖွယ်။ ။ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံ ကောင်းလှပေပြီ။ ထို ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံ ပြုနေရ အောက်မေ့နေရသည်မှာ စိတ်စက် ချမ်းသာလှပေ၏၊ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်းပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏၊ ထို ဘုရားရှင်ဂုဏ်တော်များကို အာရုံပြုလိုက်ရလျင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျုကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှသောကြောင့် အထပ်ထပ် အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါးပေလိမ့်မည်။

လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ့်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသောအဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရားရှေ့တာ်မှာဖြစ်စေ သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ၊

အာရုံမပြုတတ်သေးပါလျှင် အားလပ်ခွင့်ရချိန်မှာ ဤ ဂုဏ်တော် ၉-ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှုရွတ်ဖတ်နေကြပါကုန်၊ လူမှုရေးကိစ္စများ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော်တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ်လုပ်ယင်း အာရုံပြုနေပါလျင် လောကသံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။

#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ
မဟာဂန္ဓာရုံဆရာတော်ကြီး_အရှင်ဇနကာဘိဝံသ

ရေးသားသူ-CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...