ထုတ်ဝေသူ / စာရေးဆရာ မြေမှုန်လွင် မှ လူငယ်တွေစာဖတ်နည်းလာကြတယ် ဆိုတဲ့အချက်ကို ဝေဖန်ခြင်း

Local News

လူငယ်တစ်ယောက်လဲဖြစ် စာရေးဆရာတစ်ဦးလည်းဖြစ် ထုတ်ဝေသူလဲ ဖြစ်သူ ကိုမြေမှုန်လွင်က လူငယ်တွေစာဖတ်နည်းသွားတယ်ဆိုတဲ့ အချက်ကို သူ့ရဲ့ fb စာမျက်နှာပေါ်ကနေ အထက်ပါအတိုင်း ငြင်းဆိုထားပါတယ်။ သူ့ wall ပေါ်မှာ ”

လူငယ်တွေ စာမဖတ်ပြန်ဘူးလား

ကျွန်တော့်ဘဝမှာ အကြိမ်ပေါင်းများစွာ
ငြင်းဆိုပြောဖူးတဲ့ စကားဆိုရင်တော့
လူငယ်တွေ စာမဖတ်ဘူးဆိုတဲ့
စကားပါပဲ။
ဘယ်သူကနေ ဘယ်လိုစပြောလိုက်သလဲတော့မသိဘူး။
မကြာခဏကြားနေရပါတယ်။
လူငယ်တွေ စာမဖတ်ဘူးဆိုတာ
ရာနှုန်းပြည့် မမှန်ပါဘူး။
လူငယ်တွေ စာမဖတ်ဘူးလို့
ပြောတဲ့သူတွေကို ကြည့်လိုက်ရင်
စိတ်မှန်းနဲ့ပဲ ပြောနေကြတာပါ။
ဘယ်သူမှ စာရင်းဇယားနဲ့ ပြောနိုင်တာမရှိပါဘူး။
စာအုပ်အဌားဆိုင်တွေပျောက်သွားတာနဲ့
စာမဖတ်တော့ဘူးဆိုပြီး
ပြောရင်တော့ မှန်မှာ မဟုတ်ပါဘူး။
မြန်မာပြည်မှာ လူငယ်တွေဟာ
အတိုင်းအတာတစ်ခုထိ စာဖတ်ပါတယ်။
အဲ့ဒါကို သက်သေပြဖို့အတွက်
နှစ်စဉ် WE Distribution ကနေ
စစ်တမ်းတွေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။
လူငယ်နဲ့ လူကြီး
၃၀ နှစ်အောက်နဲ့ ၃၀ နှစ်အထက်ခွဲခြားမယ်ဆိုရင်
၃၀ နှစ်အောက်က ပိုပြီး စာဖတ်ပါတယ်။
၅၀ ကျော်တွေရဲ့ စာအုပ်ဝယ်နှုန်းက အလွန်နည်းပါတယ်။
ဒီတော့ စာရင်းဇယားအရဆိုရင်
မြန်မာပြည်မှာ စာမဖတ်တာ လူငယ်တွေမဟုတ်ဘဲ
လူကြီးတွေ ဖြစ်ပါတယ်။
အဲ့ဒါကို ထပ်ပြီး သိသာစေတာကတော့
Bestseller စာအုပ်တွေကို ကြည့်ရင် ပိုသိသာပါတယ်။
လူငယ်ကြိုက်စာအုပ်တော်တော်များများဟာ
စောင်ရေသောင်းကျော်ရောင်းနေရပါတယ်။
စောင်ရေ သောင်းကျော်ဆိုတာ
တကယ်တော့ အရှေ့တောင်အာရှက
စာအုပ်ဈေးကွက်တွေကို ကောင်းကောင်းယှဉ်နိုင်တဲ့
အနေအထားဖြစ်ပါတယ်။
ပူပူနွေးနွေးအနေနဲ့
ခက်ဇော်ရဲ့ TGOR ဆိုရင် အခု စောင်ရေ ငါးသောင်းပြည့်သွားပါပြီ။
ဒီလိုပါပဲ စာအုပ်ထွက်ထားတာတစ်လဝန်းကျင်ပဲရှိသေးတဲ့
ဆရာဖြိုးသီဟရဲ့ ပျော်ရွှင်ပါစေ ဆိုတဲ့စာအုပ်ဆိုရင်လည်း
စောင်ရေ တစ်သောင်းကျော်သွားပါပြီ။
နောက်ပြီး TGOR စောင်ရေငါးသောင်းဆိုတာ
မြန်မာပြည်ရဲ့ စံချိန်တင် ရောင်းအားမဟုတ်ပါ။
မိုးရှင် ( I.M.T) ရဲ့ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့၊
ချမ်းမြေ့ဝင်းရဲ့ ဂရုမစိုက်ခြင်း အနုပညာတို့ဆိုရင်
စောင်ရေ သိန်းချီရောင်းချထားပြီး ဖြစ်ပါတယ်။
ဦးနုရဲ့ မိတ္တဗလဋီကာဆိုရင်လည်း စရိုက်ကတည်းက
ဒီနေ့ချိန်ထိ စောင်ရေတွေပေါင်းလိုက်ရင်
သန်းချီမယ်လို့ ခန့်မှန်းရပါတယ်။
ဒီလိုပါပဲ စောင်ရေ သောင်းကျော်တဲ့ စာအုပ်တွေဆိုတာ
စာအုပ်ဈေးကွက်ထဲမှာ အနည်းဆုံး တစ်လကို
တစ်အုပ်လောက်တော့ ရှိနေတာပါပဲ။
ဆိုလိုတာက စာအုပ်ဈေးကွက်ဟာ
ထင်သလောက်တော့ မသေးငယ်ပါဘူး။
နောက်ပြီး ကိုဗစ်ကာလမှာ ထိခိုက်မှုအလွန်နည်းတဲ့
ရှားရှားပါးပါးနယ်ပယ်တစ်ခုကိုပြပါဆိုရင်
စာအုပ်ထုတ်ဝေရေးနယ်ပယ်ကို
ပြရမှာပါပဲ။
ဒါပေမယ့် ဒီလိုပြောနေတဲ့အတွက်
စာအုပ်အားလုံးရောင်းနေရသလားဆိုရင်တော့လည်း
မဟုတ်ပါဘူး။
ကျွန်တော်တိုက်ကနေပဲ စောင်ရေ ငါးရာပြည့်အောင်
မရောင်းရတဲ့ စာအုပ်တွေ ရှိပါတယ်။
ဒါပေမယ့် စာအုပ်ဈေးကွက်ဟာ
တစ်နှစ်ထက် တစ်နှစ်ပိုမိုတိုးတက်နေတာကတော့
ငြင်းလို့မရပါဘူး။
ထုတ်ဝေသူအသစ်တွေ၊ စာရေးဆရာအသစ်တွေ
အွန်လိုင်းအခြေစိုက်စာအုပ်အရောင်းဆိုင်တွေ
အများအပြား တိုးတက်လာတာကိုလည်း
ထင်ရှားစွာတွေ့နေရပါတယ်။
အထူးခြားဆုံးအချက်ကတော့
အရင်ခေတ်တွေကလို
စာရေးဆရာအစွဲ၊ စာအုပ်တိုက်အစွဲနဲ့
စာအုပ်ဝယ်တဲ့ ဓလေ့အလွန်နည်းသွားပြီ
လက်ရာကောင်းရင် ကောင်းသလို
လူကြိုက်များရင် များသလို
ရောင်းနေရတဲ့အတွက် ဝမ်းသာမိပါတယ်။
ထုတ်ဝေသူလေး ငါးယောက်ခြောက်ယောက်၊
စာရေးဆရာလေး ဆယ်ယောက်လောက်က
ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားရင်
ဘယ်တော့မှ ကြီးထွားလာမှာ မဟုတ်ပါဘူး။
အပြိုင်အဆိုင်များများနဲ့
အသစ်တွေ များများပေါ်လာမှ တိုးတက်မှာပါ။
အသစ်တွေဟာ အဟောင်းတွေထက်
သတ္တိရှိသလို
အမြင်တွေလည်း သစ်ပါတယ်။
ကျွန်တော့်အတွေ့အကြုံအရ
၂၀၂၁ မှာ စာအုပ်ဈေးကွက်ဟာ
လက်ရှိအနေအထားထက် ၂၀% လောက်ပိုမို
ဖွံဖြိုးနိုင်ပါတယ်။
စာရေးဆရာများ ကြီးပွားချမ်းသာတဲ့ခေတ်ကို
သေချာပေါက်ရောက်လာမှာပါ…
စာရေးဆရာဆိုရင် မွဲကိုမွဲရမယ်ဆိုတဲ့
လူတွေရဲ့ အတွေးတွေကို ပြောင်းစေချင်ပါပြီ၊
စာရေးဆရာတစ်ယောက်အနေနဲ့
ဘဝကို ပြည့်ပြည့်စုံစုံဖြတ်သန်းရမယ့်
ခေတ်ကို မြင်နေရပြီဖြစ်ပါကြောင်း….

မြေမှုန်လွင်”

ဆိုပီးပြောပြထားပါတယ်။ ပရိသတ်ကြီးရော သူနဲ့ သဘောထားချင်းတူရဲ့လား။ လူငယ်တွေ စာဖတ်ကြတယ်လို့ ထင်ပါသလား။ မိမိရဲ့ အမြင်ကို လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်ပါတယ်နော်။

Leave a Reply