ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒေဝါပလီ (ဝါ) ဒေဝါလီ ပွဲတော်အကြောင်း

Local News

ဟိန္ဒူဘာသာဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တို့ နဲ့ မစိမ်းလှတဲ့ ဘာသာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမ ဘုရားရှင်ဟာ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားတစ်ဆူလဲ ဖြစ်ပါတယ်။ တစ်ချို့သော အယူအဆလေးတွေ အနည်းငယ်ကွဲဲပြားပေမဲ့ အိန္ဒိယနိုင်ငံ နဲ့ ကပ်လျက်တည်ရှိတဲ့ မြန်မာနိုင်ငံဟာ ဟိန္ဒူဘာသာရဲ့ ယဉ်ကျေးမှုနဲ့ တချို့သော ထုံးတမ်းစဉ်လာတွေရဲ့ ရိုက်ခက် လွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုတာ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုလဲ ဖြစ်ပါတယ်။ ဒီနေ့ မိုးနတ်မင်း ပရိတ်သတ်ကြီးကို ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဟိန္ဒူရိုးရာအစဉ်အလာ ပွဲတော်တစ်ခုဖြစ်တဲ့ ဒေဝါပလီ (Deepavali) (ဝါ) ဒေဝါလီ(Diwali) ပွဲတော်အကြောင်းပဲဖြစ်ပါတယ်။ 

အထက်ပါ ပွဲတော်ဟာ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ ရိုးရာပွဲတော်တစ်ခု လဲဖြစ်ပါတယ်။ အိန္ဒိယတောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အနည်းငယ်ကွဲလွဲတဲ့ အခွေအဝေါ်ရှိပေမဲ့ တူညီတဲ့ အချက်ကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ဒီပွဲရဲ့သဘောကတော့ မီးအလင်းရောင်ဖြစ်ပြီး ဒီပဝါလီ ဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ ဆိုပါတယ်။ အလင်းက အမှောင်ကို ထိုးခွင်နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ မီးပူဇော်ကြတာ ဖြစ်ပါတယ်…။

ပွဲတော်ကို ငါးရက်တာ ကျင်းပလေ့ရှိပြီး ဆောင်းဦးရာသီမှာ ပြုလုပ်ကြပါတယ်။ ရက်အတိအကျကတော့ ဟိန္ဒူရိုးရာ ပြက္ကဒိန် အပေါ်မှာမူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ဒီပဝါလီည မရောက်ခင်မှာ ဘာသာဝင်များက အိမ်သန့်ရှင်းခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ ပြုလုပ်ပြီး ဒီပဝါလီညကို ကြိုဆိုကြကာ ဆီမီးထွန်းညှိကြခြင်းကို ပြုလုပ်ကြပါတယ်။ 

နောက်အယူအဆများကတော့…

ဒေပါဝလီညတွင် မှင်အိုးအသစ် ကလောင်အသစ် စာအုပ်အသစ်တို့ကို မင်္ဂလာရှိသောပစ္စည်းများအဖြစ် မှတ်ယူကာ အသုံးပြုကြပါတယ်။ ထိုနေ့တွင် စုဆောင်းထားသော တစ်နှစ်စာ ပိုက်ဆံများကို သေတ္တာတစ်ခုတွင်ထည့်ကာ ကုဝေရနတ်မင်းကြီးထံ အပ်နှံ၍ စောင့်ရှောက်မှု ခံယူမှုတွေ ပြုလုပ်ပါတယ်…။

ထို့အပြင် ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ… လက်ခ်ျမီမယ်တော်အတွက် အခင်းအဖြစ်ပူဇော်ပါတယ်…

အရောင်းအဝယ်၊ စီးပွားရေးလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကိုလည်း သေချာဆေးကြော သန့်စင်ကာ တုလာဒေဝီမယ်တော်ကို ပင့်ဖိတ်ကာ ပူဇော်အပ်နှံပြီး အရောင်းအဝယ်ကောင်းပါစေကြောင်းနဲ့ အလှူအတမ်းများလုပ်နိုင်ရန် ဆုတောင်းကြပါတယ် ။ ပူဇော်ရှိခိုးရာနေရာတွင်လည်း ဆီမီးများထွန်းညှိကာ ကျမ်းစာများ ရွတ်ဖတ်ကြပါတယ်။ ဒါကြောင့် ဒီပဝါလီဟု ခေါ်ဆိုခြင်းဖြစ်သည်။

ကျွန်တော်တို့နိုင်ငံက သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့လဲ အနည်းငယ် တူညီပါတယ်။ ပရိတ်သတ်ကြီးတို့ထဲမှာလည်း ဟိန္ဒူဘာသာဝင်တွေရှိရင် အထက်ပါပွဲတော်အကြောင်း ဝေမျှပေးသွားဖို့ အကူအညီတောင်းပါတယ်နော်။

Leave a Reply