တပ်ချုပ်နဲ့ ၀ တပ်ဖွဲ့တို့တွေ့ဆုံခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

Local News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်အနေနဲ့၊ ရွေးကောက်ပွဲအပြီး ပထမဆုံးခရီးစဉ်အဖြစ်၊ ရှမ်းပြည်နယ်က ရွေတြိဂံတိုင်းစစ်ဌာနချုပ်ကိုသွားပြီး၊ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွှတ်ရေးတပ်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့တဲ့အပေါ်၊ ဒီခရီးစဉ်ရဲ့ထူးခြားမူကို ဝတပ်ဖွဲ့ဆက်ဆံရေးတာဝန်ခံတွေနဲ့ သုံးသပ်သူတစ်ဦးကို ကိုဝင်းမင်းက မေးရာမှာ ဝ တပ်ဖွဲ့ရဲ့လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အခုလိုစရှင်းပြပါတယ်။

“ ဒီရွေးကောက်ပွဲပြီးတော့ ပထမအခေါက်လို့တော့ ပြောလို့ ရတာပေါ့နော်။ ဒီလိုပဲ တွေ့နေကြပါ။ တပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ COVID ကူးစက်တုန်းကပေါ့နော်၊ တွေ့လာတာဆိုရင်လည်း ဒီအခေါက်နဲ့ ဆိုရင်တော့ ၂ ကြိမ်၊ ၃ ကြိမ်ရှိပြီ။”

ဒါ့အပြင်အခုတွေ့ဆုံခဲ့တဲ့ ဝ အထူးဒေသ တောင်ပိုင်း စစ်ဒေသ (၁၇၁) ရဲ့ တာချီလိတ်ရုံး ဆက်ဆံရေးတာဝန်ခံ ဦးဆမ်းဘိမ်းကလည်း –

“ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ပြီးတော့ ဒါတွေလည်း အဓိက ပါရင်လည်း ပါတာပေါ့ဗျာ ၊ အဓိကတော့ သူက ကျနော်တို့ ဒေသဖွံ့ဖြိုးရေး လမ်းကြုံလို့လာရင်းနဲ့ အဲဒီဘက် ငြိမ်းချမ်းရေးအတွက် ဘာညာပေါ့ဗျာ ။ လမ်းကြုံရင်းနဲ့ ဒီဘက်မရောက်တာကြာတော့ မိုင်းဆက်ဘက်ပေါ့နော် COVID ရောဂါ ထိန်းချုပ်တာဘယ်လိုလည်း ဒါလောက်ဘဲ ကျနော်သိရတာပေါ့နော်။”

ဒါပေမယ့် အခုလို COVID ကူညီရေး အရင်စက်တင်ဘာလဆန်းတုန်းကလည်း ဝ တပ်ဖွဲ့နဲ့ မတွေ့ခင်နဲ့ တွေ့ပြီး ကရင်နဲ့ မိုင်းလားအဖွဲ့လို အခြားတိုင်းရင်းသားတပ်တွေနဲ့ မတွေ့တော့ပဲ ဒီတခေါက် မနေ့ကပဲ နေပြည်တော် ပြန်သွားခဲ့တဲ့အပေါ် ဒီ ခရီးစဉ် ထူးခြားမှုကို မေးရာမှာ မြန်မာ့ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့တဲ့ သုံးသပ်သူ ဦးညိုအုန်းမြင့်က

“အဓိကတော့ UWSA ခေါင်သူကြီးပေါ့နော် အဲဒီနေရာရဲ့ နိုင်ငံရေးအရရော ၊ စစ်ရေးအရရော အဓိက ဦးဆောင်တဲ့အဖွဲ့ကိုလည်း ရှင်းပြတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ တပ်မတော်ဘက်ကနေပြီးတော့ ဝ UWSA အဖွဲ့လို ကျန်တဲ့ တရုတ်မြန်မာနယ်စပ် ဘက်မှာ ရှိနေတဲ့ အဖွဲ့တွေအပေါ်မှာ ဒီ စိုးရိမ်စိတ်ပေါ့နော် ရွေးကောက်ပွဲ အပြီးမှာ NLD အစိုးရ အနိုင်ရရှိခဲ့တဲ့ အပြီးမှာ သူ့အနေနဲ့တော့ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို တပ်မတော်ရဲ့ ဝါဒကဘယ်လိုရှိတယ် ၊ တိုင်းပြည်ရဲ့ အခြေအနေ တရပ်အထိတော့ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို လျော့ချ ပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဒီနေရာမှာ အခုလို တပ်မတော် ထိပ်ဆုံးခေါင်းဆောင် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်နဲ့ ဝ ဘက်က တွေ့ခဲ့သူ ဦး ဦးညီကပ်ရဲ့ နိုင်ငံရေး အဆင့် အရေးပါမှုကို မေးရာမှာ ဦးညီရမ်းကပဲ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ခက်နေပုံကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ဒီ ဝ ပြည်နယ် တောင်ပိုင်း (၁၇၁) စစ်ဒေသ ရဲ့ ဒုတိယ နိုင်ငံရေးမှူးပေါ့နော် ။ အဲဒါဆိုရင်တော့ ကျနော်တို့ ဒီထက်မက အပြန်အလှန်တွေ့ဆုံဖို့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ COVID အတောအတွင်း ဆိုတော့လည်း သွားလာဖို့လည်း အဆင်မပြေဖြစ်တဲ့အခါကျတော့လေနော် ကျနော်တို့ ကတော့ အရင်ကတည်းက တပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ရော၊ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော ဒီလိုပဲ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေရှိနေပါတယ်။”

ဦးညိုအုန်းမြင့်ကလည်း ဝ တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အသက်အရွယ်ရလာပြီး ခရီးသွားခက်ချိန်ဖြစ်တာမို့ အခုလို တွေ့တာဖြစ်တယ်လို့ သုံးသပ်ပြပါတယ်။

“ဒီ ကျိုင်းတုံနဲ့ နီးတဲ့နေရာကတော့ ဝ တောင်ပိုင်းလို့လဲ ပြောလို့ရတာပေါ့နော်။ ဒီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ဆိုရင်လည်း အသက်အရွယ်လည်းကြီးလာပြီ ကျန်းမာရေးအနေအထားတို့ဘာတို့ ဒီအပေါ်မှာပဲလို့ ထင်ပါတယ်။”

တချိန်တည်းမှာ ဝ တပ်ဖွဲ့ အနေနဲ့ အစိုးရပါတီ NLD ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကို အင်္ဂါနေ့က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစာ ပို့လိုက်တာနဲ့ တရုတ်အစိုးရကလည်း အလားတူ စာပို့လိုက်ချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာက ထူးခြားမှု ရှိတာပါလားလို့ မေးရာမှာ ဦးညီရမ်းကတော့

“ဒါကတော့ တိုက်ဆိုင်မှုပါပဲ။ ဒီရက်ပိုင်းတွေပဲ ထုတ်နေကြဆိုတော၊့ ဒါက တိုက်ဆိုင်မှုပါ။ ကျနော် မှတ်မိသလောက်ဆိုရင်တော့ အရင်တုန်းက ရွေးကောက်ခံရတဲ့ NLD ကိုလည်း ကျနော်တို့ ဝမ်းမြောက်ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့တာပဲ။ ဒါက ပြည်သူတရပ်လုံးက ရွေးကောက်တင်မြောက်ခဲ့တဲ့ ပါတီ၊ ခေါင်းဆောင်ဆိုရင်လည်း ကျနော်တို့ ခေါင်းဆောင်လို့ပဲ မှတ်ယူပါတယ်။”

တချိန်တည်းမှာ ဦးညိုအုန်းမြင့်ကလည်း AA ရခိုင့်တပ်မတော်ရဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ပြန်လုပ်ပေးရေး တောင်းဆိုချက်ကို တပ်မတော်ဘက်က ကြိုဆိုလိုက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်လာတဲ့ အနေအထားမှာ UWSA ဝ တပ်ဖွဲ့အတွက်လည်း ဒီခရီးစဉ်က ရှင်းပြဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ AA ဘက်က ကြေညာတဲ့အပေါ်မှာ ပြန်ပြီးတော့ အဓိကတော့ ရွေးကောက်ပွဲ။ အဲဒီအတွက်ကြောင့် UWSA အနေနဲ့ ဒီအပေါ်မှာ သိလည်းသိချင်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေကို အဓိက ရှင်းပြချင်တယ်လို့ ကျနော် ထင်ပါတယ်။”

အခုလို တပ်မတော်ဘက်ကနေ အရင်အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်တပ်ရဲ့ တောင်းဆိုချက်အပေါ် ကြိုဆိုလိုက်တဲ့အပေါ် ဦးညီရမ်းကလည်း ထပ်ပြီး ကြိုဆိုလိုက်ပါတယ်။

“အကြမ်းဖက်အဖွဲ့လို့ မသတ်မှတ်ပဲနဲ့ပေါ့နော် ၊ ဆွေးနွေးဖော် ဆွေးနွေးဖက်အနေနဲ့ လက်ခံနိုင်ရင်တော့ ၊ တံခါးဖွင့်ပေးနိုင်ရင်တော့ တိုးတက်တဲ့ အခင်းအကျင်းတွေ ကျနော်တို့လည်း ဖြစ်စေချင်တာပေါ့နော်။”

ဒါပေမဲ့ NLD ပါတီက နိုဝင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ AA အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းအဖွဲ့လို့ဘဲ ခေါ်ဝေါ်သုံးစွဲထားတာကိုတွေ့ရပါတယ်။

ဦးညီရမ်းကပဲ အခုနောက်ဆုံးဖြစ်လာတဲ့ တပ်ဘက်က ကြိုဆိုမ၊ှု ပူးပေါင်းဆောင်ရွက်မှုတွေကနေ တဆင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး ဝ တပ်ဖွဲ့အနေနဲ့လည်း ကြားထဲက ကူညီဖို့ မျှော်လင့်ထားတယ်ဆိုပြီး ဦးညိုအုန်းမြင့်ကလည်း အခုလို ဖြစ်လာရင် တရုတ်အစိုးရ ဘက်ကလည်း တည်ငြိမ်ရေးအတွက် ပိုပူးပေါင်းဆောင်ရွက်ဖို့ ရှိနိုင်တယ်လို့ သုံးသပ်ပြပါတယ်။

Leave a Reply