ကာချုပ် မင်းအောင်လှိုင်က ဒေါ်စုစီကနေ ဘာကိုတောင်းဆိုချင်နေတာလဲ

Local News

ရွေးကောက်ပွဲလွန်ကာလများသည် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ အနိုင်ရသူ၏ အစိုးရဖွဲ့စည်းခြင်းသည် ကြီးမားသော သတင်းဖြစ်ပြီး လာမည့်အစိုးရကို ဖွဲ့စည်းမည့်သူများကို အားလုံးစိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံတွင်မူ အခြေအနေသည် ထိုမျှရိုးရှင်းလှခြင်းမရှိပေ။ သြဇာကြီးမားသော တပ်မတော်က တိုင်းပြည်၏ နိုင်ငံရေးတွင် ဝင်ရောက်ပတ်သက်နေခြင်းနှင့်အတူ အနိုင်ရခေါင်းဆောင်နှင့် တပ်အကြီးအကဲတို့ တွေ့ဆုံခြင်းသည် ပထမဆုံးလုပ်ရမည့်ကိစ္စဖြစ်ကြောင်း သမိုင်းကပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်အပြီး လွန်ခဲ့သော ၅ နှစ် ဒီဇင်ဘာလကလည်း ထိုအတိုင်း အတိအကျဖြစ်ခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ပြည်သူ့ဆန္ဒကို လိုက်နာပြီး နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြကြောင်း ထိုစဉ်က စစ်ဖက်မှ ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။

ထိုအစဉ်အလာကို ယခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး တလကျော်အကြာတွင် ထပ်မံလုပ်ဆောင်ကြောင်း သတင်းများက ဆိုသည်။ ထိုအစည်းအဝေးကို မြို့တော် နေပြည်တော်တွင် လွန်ခဲ့သောအပတ်က ကျင်းပသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များက ဆိုသည်။ နောက်တကြိမ် အစည်းအဝေး ကျင်းပရန်လည်း စီစဉ်ထားပြီး ယခုလမကုန်မီဖြစ်ဖွယ်ရှိကြောင်း စစ်ဖက်နှင့် အစိုးရ သတင်းရင်းမြစ်များက ဆိုသည်။

ယခုတကြိမ်တွင် နှစ်ဖက်လုံးက အဆိုပါ တွေ့ဆုံဆွေးနွေးမှုအကြောင်း ထုတ်မပြောရန် ရေငုံနှုတ်ပိတ်ထားကြသော်လည်း လာမည့် ၅ နှစ်အတွက် ၎င်းတို့၏ မျှော်မှန်းချက်များအသီးသီးရှိနေကာ ဒေသမတည်ငြိမ်မှုကြောင့် နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောနေရာများတွင် ရွေးကောက်ပွဲ ကျင်းပရေးကို ဆွေးနွေးကြောင်း စုံစမ်းသိရှိရသည်။

မတ်လတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယသက်တမ်းစတင်သောအခါ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးကို မျက်စပစ်နေသည်ဟု လေ့လာသိရှိရသည်။

ထိုရာထူးသည် ဒေါ်အောင်ဆန်းစုကြည် လိုလားနေသည်မှာ ကြာပြီဖြစ်ပြီး ရသင့်ရထိုက်သော ရာထူး ဖြစ်သော်လည်း  သားများနှင့် ကွယ်လွန်သူ ခင်ပွန်းသည်သည် နိုင်ငံခြားသားဖြစ်သောကြောင့် စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ထားသည့် ရာထူးဖြစ်သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သောကြောင့် အငြိမ်းစားယူရမည့် အသက် ၆၀ ထက် လွန်စွာကျော်လွန်နေသည့် ဗိုလ်ချုပ်မှူးကြီးသည်လည်း လက်ရှိရာထူးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာတွင် အနည်းဆုံး နောက်ထပ် ၃ နှစ် ဆက်လက်ရှိလိုသည်။

၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရန် တဖက်နှင့်တဖက် အပြန်အလှန် လိုအပ်နေသည်မှာ အမှန်တရားဖြစ်သည်။

သမ္မတရာထူးယူရန် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ထောက်ခံရန် လိုသည်။ ထိုသို့ဖြစ်ရန်အတွက် ရွေးကောက်ခံမဟုတ်သော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေးကို ထောက်ခံရန် လိုသည်။ ထိုပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တားဆီးထားသော ပုဒ်မဖြစ်သည်။

တချိန်တည်းတွင် ဖွဲစည်းပုံအခြေခံဥပဒေအရ တပ်မတော်အကြီးအကဲခန့်အပ်ခြင်း (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်အတွက်မူ ရာထူးသက်တမ်းတိုးခြင်း) ကို သမ္မတက ထောက်ခံအတည်ပြုရန်လိုသည်။

နေပြည်တော်ရှိ သတင်းရင်းမြစ်များအရ ဖြစ်နိုင်ခြေရှိသော အလားအလာမှာ တပ်မတော်က လာမည့် ၅ နှစ်အတွင်း ပုဒ်မ ၅၉(စ) ကို မကျင့်သုံးဘဲထားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေကာ အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုဖြင့် ဗိုလ်ချုပ်မှူးကြီး၏ တပ်မတော်အကြီးအကဲရာထူး သက်တမ်းရှေ့ဆက်ရေးဖြစ်သည်။

ယင်းသည် လိုရာဆွဲတွေးခြင်းဟု အချို့က ပယ်ချပြီး  ဗိုလ်ချုပ်ကြီးများသည် ခန့်မှန်းရခက်သူများဖြစ်ကြောင်း ထောက်ပြကြသည်။ သို့သော် အချို့ကလည်း ထိုကဲ့သို့သော အလားအလာ၏ အပြုသဘောဆောင်နိုင်ခြေကို အာရုံစိုက်ကြသည်။ ထိုကဲ့သို့ဖြစ်မည်ဆိုလျှင် အခြားသော ဖြစ်ပေါ်တိုးတက်မှုများနှင့်တကွ နိုင်ငံ၏ရှည်လျှားလှသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အောင်မြင်ရန်ခက်ခဲ့သည့် ရည်မှန်းချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါသော အလှည့်အပြောင်းဖြစ်နိုင်ကြောင်း သူတို့က ဆိုသည်။

အမှန်တကယ် မည်သို့ ဖြစ်လာသည်ဖြစ်စေ ဆိုရိုစကားအတိုင်းဆိုရပါက နိုင်ငံရေးသည် ဖြစ်နိုင်ခြေများ၏ အန္တိမကစားပွဲဖြစ်သည်။

လတ်တလောတွင်မူ နှစ်ဖက်လုံးက နှုတ်ဆိတ်နေသောကြောင့် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုများ နီးကပ်လာသည့် သဘောဖြစ်နေသည်။ ဆက်လက်စောင့်ကြည့်နေရမည် ဖြစ်ပေသည်။

Leave a Reply