ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများ ပြီးပြတ်တော့မည်။

Local News

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများ ပြီးပြတ်တော့မည်။

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများ ပြီးပြတ်တော့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှုအားလုံးပြီးပြတ်ပါက ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ဖွယ်ရှိသည်ဟု တရားရုံးသ တင်းရင်းမြစ်က ဆိုပြီး ဖိအားမျိုးစုံကြုံနေရသည့် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အလို့ငှာ ပြန်လွှတ်တော့မည်ဟူသော သတင်းများလည်း ထွက်နေသည်။​

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများအားလုံး ယခုနှစ်မကုန်မီ ပြီးပြတ် မည်ဟု နေပြည်တော်အချုပ်ထောင် တရားခွင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရ သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်နှစ်နီးပါးအတွင်း အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲကာ ၁၄ မှုဖြင့် ထောင် ၂၆ နှစ်ချပြီး ဖြစ်သည်။

 

လက်ကျန် အမှုငါးမှုမှာ သဘာဝဘေးကျရောက်လျှင် သုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် က ရဟတ်ယာဉ် ငှားရမ်း၊ဝယ်ယူသည်ကို အကြောင်းပြု၍ တစ်မှုလျှင် ထောင် ၁၅နှစ်အထိချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စွပ်စွဲထားသည့် အမှုများဖြစ်သည်။

ထိုအမှုအားလုံးတွင် NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်းထွက်ဆိုထားပြီး မကြာမီတွင် အပြီးသတ်လျှောက်လဲ ချက်ပေးရန်ရှိကြောင်း၊ ထို့နောက်တွင် စွဲချက်တင်မတင် တရားရုံးက ဆုံးဖြတ်ပြီးနောက် တစ်လအတွင်း အမိန့်ချဖွယ်ရှိကြောင်း တရားရုံး သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၉)တွင် နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တင်သွင်းသည့် သက်သေငါးဦး စစ်ဆေးရန်ရှိပြီး အသေးစိတ်ကိုမူ ထုတ်မပြောနိုင်ဟု ၎င်းတို့က ဆိုသည်။

“စွဲဆိုခံထားရတဲ့ အမှုတွေ အားလုံးပြီးရင်တော့ နေရာပြောင်းရွှေ့ထားမယ်ဆိုပြီး အကြမ်းဖျင်းတော့ သိထားတယ်၊ အကျယ်ချုပ်လား၊ အကျဉ်းထောင်ထဲပို့မလားတော့ တိတိကျကျ မသိရသေးဘူး”ဟု တစ်ဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲသည့် ပုဒ်မများ။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲသည့် ပုဒ်မများ။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ရှိ ကွန်ကရစ် အဆောက်အဦးငယ်တစ်ခုတွင် သီးသန့် ချုပ်နှောင်ထားသည်။ အသက် ၇၇ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ရာသီဥတု၊ ပိုးမွှားဒဏ်နှင့် နေရေး၊ စားရေး ဒုက္ခမျိုးစုံရင်ဆိုင်နေရကာ နိုင်ငံတကာကလည်း နေအိမ်၌ ပြန်လည်ထားရှိရန် စစ်ကောင်စီကို တောင်းဆိုထားသည်။

မကြာသေးမီတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည့် NLD အစိုးရ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် အချုပ်ထောင် တွင် ယခင်ထက် သိသိသာသာပိန်သွားသည့် ပုံစံရှိသော်လည်း တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု နိုင်ငံတကာ သတင်းဌာနများကို ပြောထားသည်။

ရှောင်တာနယ်သည် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသူဖြစ်ပြီး လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး၊ ဒုဝန်ကြီး သုံးဦးနှင့် အတူ စစ်ကောင်စီက ထောင်သုံးနှစ်ချခဲ့သည်။ အမှုရင်ဆိုင်နေရချိန် တစ်နှစ်နီးပါး အတွင်း နေပြည်တော်အချုပ်ထောင်၌ရှိနေခဲ့ကာ အပတ်စဉ် တရားရုံးချိန်းများမတိုင်မီတွင် ရှောင်တာနယ်က ဒေါ် အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ခွင့်ရခဲ့သူဖြစ်သည်။

အမိန့်ချပြီးနောက် မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်၊ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တို့ သို့ ရှောင်တာနယ်ကို ပို့ကာ နှစ်ပတ်ကျော်အကြာ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက ပြည်နှင်ဒဏ် ပေးထားသည်။

“အရင်ကလည်း သူက ပိန်ပိန်ပါးပါးပါပဲ။ ဒါပေမယ့် အခုက အဲဒီထက်ပိုပိန်ပါတယ်။ သို့သော် သူမက သန်သန်မာမာပါပဲ။ အရင်အတိုင်းပဲ”ဟု အသက် ၅၈နှစ်အရွယ် ရှောင်တာနယ်က The Financial Times ကို ပြောသည်။

တရားရုံးချိန်း၌ ပထမဆုံးပြန်တွေ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြဿနာများထဲ ဆွဲသွင်းသလို ဖြစ်ခဲ့ရသည့်အတွက် သူနှင့် သူ့မိသားစုကို တောင်းပန်ကြောင်း ပြောခဲ့သည်ဟု ရှောင်တာနယ်က The Australian သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် ပြောထားသည်။

သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက စွပ်စွဲသည့် ပုဒ်မများ။

သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက စွပ်စွဲသည့် ပုဒ်မများ။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများတွင် ပူးတွဲစွပ်စွဲခံထားရသည့် နိုင်ငံတော် သမ္မတ ဦးဝင်း မြင့်လည်း ပါဝင်ပြီး အပြစ်မရှိဟု ထွက်ဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ် အချို့ထံမှ သိရသည်။

လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင်က အာဏာသိမ်းသည့်နေ့ နံနက်မိုးမလင်းမီတွင် သမ္မတ အိမ်တော်၌ ရှိ နေသည့် ၎င်းကို ရာထူးမှနုတ်ထွက်ရန် စစ်တပ်က ခြိမ်းခြောက်သော်လည်း လက်မခံသည့် နောက်တွင် ဦးဝင်းမြင့်ကို စစ်ကောင်စီက လျှို့ဝှက်တစ်နေရာတွင် ဖမ်းဆီးထားကာ ပုဒ်မ ရှစ်ခုဖြင့် အမှုဖွင့်သည်။

ထိုအထဲမှ သုံးခုဖြင့် ထောင်နှစ်နှစ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နည်းတူ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ် ယူမှုဖြင့် အဂတိမှု ငါးမှုကို ဦးဝင်းမြင့်က ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်၊ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု ခြေလှမ်းပြင်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့ကဲ့သို့ နိုင်ငံ့အကြီးအကဲများကို ပြန်လွှတ်မည့် အရိပ်အယောင်များတွေ့မြင်လာရကြောင်း တရားရုံး ဆိုင်ရာ ဒုတိယ သတင်းရင်းမြစ်က ပြောသည်။

“အရင်အာဏာရှင်တွေကတော့ သူတို့ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေ ကျင်းပခါနီးရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ယုံကြည်အောင်လုပ်ခဲ့ တာတွေရှိတယ်။ ဒီလမ်းစဉ်ဘဲ လိုက်မလား၊ ဘယ်လိုလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက NLD ပြိုင်တိုင်း နိုင်လေ့ရှိသည့် မဲအများဆုံးသူ အနိုင်ရသည့် လက်ရှိရွေးကောက်ပွဲ စနစ်ကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် အစားထိုးကျင့်သုံးမည်ဟု ဆိုထားသည်။ ထိုစနစ်သည် ပါတီ ကိုသာ ကြည့်၍ မဲပေးရမည်ဖြစ်၍ NLD သာဝင်ပြိုင်မည်ဆိုလျှင် စစ်ကောင်စီ ဒုက္ခတွေ့လိမ့်ဦးမည်ဟု နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်ထားသည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။