မန္တလေးမှာဒီမနက် အရုဏ်မတက်မီ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦတချို့ ပျက်စီး ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရ

Local News

မန္တလေးမှာဒီမနက် အရုဏ်မတက်မီ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦတချို့ ပျက်စီး
ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မန္တလေးမှာဒီမနက် အရုဏ်မတက်မီ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦတချို့ ပျက်စီး ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီ ကျော်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရပြီး ငလျင်ကြောင့် မင်းကွန်းပုထိုးတော်ကြီးက ခြင်္သေ့ကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦတချို့ အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တံတားဦးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဖော်ပြထားပါတယ်။


တံတားဦးမြို့အနီးမှာ ရှေးဟောင်း သမိုင်းဝင် အင်းဝမြို့တော်ရှိနေပြီး နာမည်ကျော် ရှေးဟောင်း မယ်နုအုတ်ကျောင်းဟာ ငလျင်ဒဏ်ကြောင့် အက်ကြောင်းရာအနည်းငယ် ဖြစ်ပေါ်ခဲ့သလို ဒေါ်ဂျမ်း ဘုရားမှာလည်းထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး အင်းဝမြို့ရှိ စေတီ အနည်းဆုံး လေးဆူလောက် ထီးတော်တွေ မြေခခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


တံတားဦးမြောက်ဘက် မန္တလေးမြို့မှာလည်း ပြည်ကြီးတံခွန်မြို့နယ်က ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်း စေတီစိန်ဖူးတော် မြေခခဲ့တာရှိပြီး အခြားထိခိုက်မှုတွေ မကြားရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။


“မနက်က လှုပ်တဲ့ငလျင် အိမ်ကြီးကို ကိုင်မြှောက်ထားသလိုပဲ။ အိမ်နှစ်ထပ်ဆိုရင်ကို သိသာတယ်။ ပိတ်ထားတဲ့ ပြတင်းပေါက်တွေလည်း ပွင့်ထွက်သွားတယ်။ ပုလင်းတွေလည်း လဲကျသွားတယ်။ စက္ကန့်ပိုင်းကဆိုပေမဲ့ အတော်ကြာလို့ မိနစ်ဝက်လောက်ရှိမယ်လို့ ခံစားရတယ်။ ကြောက်စရာကြီး”လို့ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတဲ့အကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးက တွေ့ကြုံခဲ့ရတဲ့ အခြေအနေအကြောင်းကို ပြောပြပါတယ်။


ဒီငလျင်ဒဏ်ကို မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ တံတားဦးတွေမှာ သိသိသာသာ ခံစားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရှေးဟောင်းစေတီ ပုထိုးတွေရှိတဲ့ မင်းကွန်းဒေသမှာလည်း ကြီးလေးကြီးထဲက ခြင်္သေ့ကြီးမှာ မူလကတည်းက အက်ကြောင်းရာရှိနေတဲ့ လက်မောင်းရင်း ပဲ့ကျသွားတယ်လို့ လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မင်းကွန်းကျေးရွာမှာတည်ရှိတဲ့မြသိန်းတန်စေတီတော်မှာလည်း ငလျင်ကြောင့် စိန်ဖူးတော်နဲ့ငှက်မြတ်နားတော် တို့ မြေခခဲ့ရပြီး အက်ကွဲကြောင်းတွေဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။