ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းစုစီ နည်းပဒေကို ကြိုပြင်ဆင်ပြီး ရဲတပ်ဖွဲ့ ကို လုပ်ပိုင်ခွင့်ပိုပေး

Local News

ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းစုစီ နည်းပဒေကို ကြိုပြင်ဆင်ပြီး ရဲတပ်ဖွဲ့ ကို လုပ်ပိုင်ခွင့်ပိုပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းစုစီ နည်းပဒေကို ကြိုပြင်ဆင်ပြီး ရဲတပ်ဖွဲ့ ကို လုပ်ပိုင်ခွင့်ပိုပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၃ ဒီဇင်ဘာ ၂၀၂၂

စစ်အာဏာသိမ်းမှုအောက်မှာရှိနေပြီး လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု မရှိသလောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ပြင်ဆင်လိုက်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် လမ်းပေါ်ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေကိုလည်း အခုအခါမှာ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒီပြင်ဆင်မှုမှာ ဆန္ဒပြဖို့ အသိပေးတင်ပြတာကစလို့ ဆန္ဒပြပွဲကို လူစုခွဲတဲ့အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ပိုပေးထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဆန္ဒပြလိုသူတွေဟာ ဒေသအာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူထားရမှာဖြစ်ပြီး သဘောတူညီမှုကိုဖောက်ဖျက်ရင် ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လူစုခွဲမှာဖြစ်တဲ့အကြောင်း နည်းဥပဒေအသစ်မှာ သတိပေးထားပါတယ်။

သဘောတူညီမှုကိုဖောက်ဖျက်ရင် ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လူစုခွဲမယ်လို့ နည်းဥပဒေအသစ်မှာ သတိပေးထား

နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးအရ ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့်ကို ဥပဒေအရခွင့်ပြုထားပေမဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ ဒီအခွင့်အရေးကို ပြည်သူတွေခံစားရမှာမဟုတ်ဘူးလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“စစ်အုပ်ချုပ်မှုကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆန္ဒပြမှုတွေက ဘယ်လောက်ပဲ တရားဥပဒေနဲ့အညီ လုပ်ဖို့ ကြိုးစားကြိုးစား ဆန္ဒပြမယ့် အကြောင်းအရာကို သူတို့ သဘောမကျဘူး၊ မနှစ်ခြိုက်ဘူး၊ သူတို့ရဲ့ မူဝါဒတွေ ပေါ်လစီတွေနဲ့ ဆန့်ကျင်နေတယ်ဆိုရင် အချိန်မရွေး ဖမ်းဆီး၊ ထောင်ချ၊ အရေးယူနိုင်ပါတယ်။”

ဥပဒေသမားတွေကတော့ ငြိမ်းစုစီဥပဒေက ကောင်းမွန်ပေမယ့် အာဏာပိုင်တွေ ကြိုက်နှစ်သက်တဲ့ ဥပဒေမျိုး မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီ NLD လက်ထက်မှာရော စစ်ကောင်စီလက်ထက်မှာပါ ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့ ငြိမ်းစုစီ ဥပဒေကို လိုသလို ပြင်ခဲ့ကြတာလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲအကြို ပြင်ဆင်မှုလို့ သုံးသပ်

ကြည့်မြင်တိုင်မြို့နယ် ဆန္ဒပြမှုကို ကားတိုက်ဝင်တိုက် ဖြိုခွဲပြီးနောက် ဒဏ်ရာရသူတွေ

နိုင်ငံရေးသမားတွေကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပေးခဲ့ရင် ပါတီတွေရဲ့မဲဆွယ်စည်းရုံးမှုနဲ့ ပါတီထောက်ခံသူတွေရဲ့ ဝန်းရံမှုတွေပေါ်ပေါက်လာမှာကို ကိုင်တွယ်ဖို့ အခုကတည်းက ဥပဒေကို ကြိုပြင်တာလို့ ရှုမြင်ပါတယ်။

စစ်ကောင်စီက လာမယ့်နှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားပြီး နိုင်ငံသားမှတ်ပုံတင်ကတ် ပြုလုပ်တာတွေနဲ့ ရွေးကောက်ပွဲ အကြိုပြင်ဆင်မှုတွေကို တစ်နှစ်ခွဲလောက် ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဒီဥပဒေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကာလကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုတာက ရက် ၆၀၊ ရွေးကောက်ပွဲ မကျင်းပခင်မှာ နိုင်ငံအနှံ့မှာ စည်းရုံးပိုင်ခွင့်၊ မိမိရဲ့ မဲဆန္ဒနယ်မြေမှာ စည်းရုံးပိုင်ခွင့် ရှိတယ်။

ပါတီတွေရဲ့ လှုပ်ရှားမှုတွေ ရှိတိုင်းမှာ ငြိမ်းစုစီနဲ့ပဲ ကျွန်တော်တို့ တင်ရပြုရတာ ရှိတယ်။

ဆိုတော့ အဲဒီနှစ်ခုက ဆက်စပ်တယ်၊ ပါတီရုံးတွေ ဖွင့်တာ၊ တခြား မဲဆွယ် စည်းရုံးတာတို့ လုပ်တဲ့အခါမှာ ငြိမ်းစုစီ ဥပဒေအရပဲ ဆောင်ရွက်ရတာ ဖြစ်တယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်း လနဲ့ချီကြာတဲ့ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး အင်အားသုံး နှိမ်နင်းဖြိုခွဲဖမ်းဆီးခံခဲ့ကြရပါတယ်။

ပန်းပင်ကြီးလမ်းဖြစ်စဥ်မှာဆိုရင် ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခဲ့လို့ ပြည်တွင်းပြည်ပကပါ ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ အမျိုးဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆန္ဒပြပွဲတွေ နဲ့ တပ်မတော် ထောက်ခံရေးဆန္ဒပြပွဲတွေ ရှိနေပြီး ရဲတပ်ဖွဲ့ကဒီဆန္ဒပြပွဲတွေကိုတော့ ငြိမ်းစုစီဥပဒေအရ အကာအကွယ်ပေးမှုတွေ ရှိခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။