မေ့လျော့ခံ ကျောက်ကပ်ရောင် ရောဂါများ

Health

မေ့လျော့ခံ ကျောက်ကပ်ရောင် ရောဂါများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မေ့လျော့ခံ ကျောက်ကပ်ရောင် ရောဂါများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီရက်ပိုင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်တဲ့လူနာတွေအများကြီးတွေ့နေရတယ်၊ များသောအားဖြင့်အသက် ၄၀ အောက်ဖြစ်ကြပြီး အမျိုးသမီးတွေများပါတယ်။
ကျောက်ကပ်ဆရာဝန်ဆီရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ကျောက်ကပ်အခြေနေက နောက်ဆုံးအဆင့် ၅ ကိုရောက်နေပြီး ဘာမှဆက်လုပ်လို့မရတော့ တဲ့ အခြေနေတွေများပါတယ်။ အဲ့ဒါမို့ ကျောက်ကပ်ရောင်​ရောဂါတွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်။

ကျောက်ကပ်ရောင်အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ

ကျောက်ကပ်ရောင်ရောဂါဟာ ကားအမျိုးစားလိုပဲ အမျိုးအစားအများကြီးရှိပါတယ်၊ တစ်ချို့က ဘာမှလုပ်စရာမလိုပဲ ပြန်ကောင်းနိုင်ပြီး တစ်ချို့က အရောင်ကျဆေးတွေသွင်းမှ ပြန်ကောင်းနိုင်ပါတယ်၊ တစ်ချို့ကျတော့လည်း ဆေး၃ မျိုး ၄ မျိုးသွင်းရပြီး ပြန်ကောင်းဖို့တော်တော်ခဲယဥ်းပါတယ်၊ စနစ်တကျစောစောစီးစီးမကုရင်တော့ ဘာအမျိုးအစားနေနေ အနှေးနဲ့အမြန် ကျောက်ကပ်ပျက်စီးသွားမှာဖြစ်ပါတယ်။

​ဘာလက္ခဏာတွေရှိသလဲ

ကျောက်ကပ်ရောင်ရမ်းမှု အမျိုးစားတွေနဲ့ ပြင်းထန်မှုအဆင့်တွေပေါ်မူတည်ပြီး ဘာလက္ခဏာမှ မပြတဲ့အဆင့်ကနေ ချက်ခြင်းကျောက်ကပ်ပျက်တဲ့အဆင့်ထိ အမျိုးမျိုးလာနိုင်ပါတယ်။
ကျောက်ကပ်ရောင်ရောဂါဖြစ်လာရင် များသောအားဖြင့် လူကောင်းအတိုင်းဖြစ်နေပြီး ခံစားရတဲ့ဝေဒနာက သိပ်မသိသာတော့ လူတွေက အရေးမထားကြပါဘူး။
တစ်ချို့ဆို ရောဂါဖြစ်လို့ဖြစ်မှန်းတောင် သတိမထားမိတက်ကြပါဘူး၊ အောက်ပါလက္ခဏာအစုများကတော့ ကျောက်ကပ်ရောင်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်၊ တစ်ခုခြင်းလည်းဖြစ်တက်သလို အစုလိုက်လည်းဖြစ်တက်ပါတယ်၊

1. သွေးတိုးရောဂါ
2. ဆီးတွင်းသွေးပါခြင်း နှင့် အမြှုပ်ထခြင်း
3. မျက်နှာအမ်းခြင်း၊ခြေထောက်ရောင်ခြင်း
4. ဆီးနည်းခြင်း
5. မောပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်။

ဘယ်လိုသူတွေမှာဖြစ်တက်သလဲ

 

လူတိုင်းဖြစ်နိုင်ပါတယ်၊ ကျားမ မရွေး၊အသက်အရွယ်မရွေး ကျောက်ကပ်ရောင်ရမ်းမှုဖြစ်တက်ပါတယ်၊ ရောဂါအခံမရှိလည်းဖြစ်တက်ပါတယ်၊ ဒါပေမယ့် အောက်ပါရောဂါအခံရှိသူများကတော့ သူများထက်ပိုပြီး ကျောက်ကပ်​ရောင်ရောဂါအဖြစ်များသဖြင့် အထက်ပါလက္ခဏာများရှိပ့က သေချာဂရုပြုစစ်ဆေးသင့်ပါတယ်။
1. အကိုက်အခဲပျောက်ဆေးများ၊တိုင်းရင်းဆေးများ ရေရှည်သောက်နေသူများ
2. လေးဘက်နာရောဂါအမျိုးမျိုးရှိသူများ
3. နှလုံးအဆို့ရှင်မကောင်းသူများ
4. ကင်ဆာရောဂါရှိသူများ
5. အသည်းရောင်အသားဝါရောဂါ(B,C)ရှိသူများ
6. ခုခံအားကျဆင်းသောရောဂါရှိသူများ
ရောဂါလက္ခဏာတွေအကြောင်းနဲ့ သတိပြုမိဖို့
အနည်းငယ်ပြောပြချင်ပါတယ်

အသက်၄၀ အောက်သွေးတိုးခြင်း

Kidney Diseases Symptoms, Risk Factors, Diagnosis and Treatment | Narayana  Health

ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးပြီဆိုရင် ကျောက်ကပ်ရောင်တာကို စစ်ကိုစစ်ရပါမယ်။ တစ်ချို့က သွေးတိုးလို့ကျောက်ကပ်ပျက်ပြီး တစ်ချို့က ကျောကိကပ်ပျက်လို့ကို သွေးတိုးလာတက်လို့ မပေါ့သင့်ပါဘူး။ သွေးတိုးရောဂါဟာ လက္ခဏာသိပ်မပြတက်ပါဘူး၊ ခေါင်းကိုက်တာ၊ နေလို့အဆင်မပြေဖြစ်နေတာ စသည်လောက်သာ ဖြစ်တက်ပြီး သွေးပေါင်ချိန်မကြည့်ရင် မသိနိုင်ပါဘူး၊ ဒါမို့ ဘာကြောင့်နေမကောင်းဖြစ်ဖြစ် သွေးပေါင်ချိန်ကြည့်သင့်ပါတယ်။ အသက်၄၀ အောက် မည်သူမဆို သွေးတိုးရောဂါ ရှိမှန်းစသိတာနဲ့ ကျောက်ကပ်ကို စစ်ဆေးသင့်ပါတယ်၊ ထိုသူများရဲ့ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကျောက်ကပ်ရောဂါတစ်ခုခုကြောင့်သွေးတိုးခြင်းဖြစ်ပါတယ်၊ သေချာစစ်ဆေးကုသပါက စောစီးစွာသိရှိပြီး ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကနေ အသက် ၄၀ လောက်ထိ တစ်နှစ်တစ်ခါ (သို့ )၆ လတစ်ခါလောက် လောက်သွေးပေါင်ချိန်ကြည့်ခြင်း၊ ဆီးစစ်ခြင်း၊ Creatinine စစ်ခြင်း၊ လိုအပ်ပါက အယ်ထရာဆောင်း ရိုက်ခြင်းများပြုလုပ်သင့်ပါတယ်။ ၎င်းစစ်ဆေးမှုများသည် အကုန်အကျ သိပ်မရှိပဲ ရောဂါကို လက္ခဏာမပြခင် စောစီးစွာ သိရှိနိုင်ပါတယ်။

နေ့စဥ်သွားသောဆီးကို အလေးထားကြည့်ရူပါ

ကျွန်တော်တို့ရဲ့ နေ့စဥ်စွန့်ထုတ်ပစ်ရတဲ့ဆီးဟာ ကျောက်ကပ်တွေ အတွင်းကနေ စစ်ထုတ်ပြီးထွက်လာတာဖြစ်လို့ ကျောက်ကပ်အခြနေကို အပြည့်အဝ မှန်းဆလို့ရပါတယ်၊ ပုံမှန်ဆိုရင် ဆီးဟာ ဖြူပြီး ကြည်နေရပါမယ်၊
ကျောက်ကပ်ရောင်ရောဂါဖြစ်နေပြီး ဆီးထဲမှာ သွေးပါလာပြီဆိုရင်တော့ ဆီးဟာ သွေးအရောင်ပြောင်းလာတာ၊ ရေနွေးကြမ်းအရောင်လိုရင့်လာတာ၊ ကိုကာကိုလာလိုအရောင်ဖြစ်လာတာ စသည်ဖြင့် ပါဝင်တဲ့ သွေးအနည်းအများပေါ်မူတည်ပြီး အရောင်ရင့်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်၊

ဆီးထဲမှာ အမြှုပ်တွေအရမ်းထနေတာတွေ့ရင် ကျောက်ကပ်ဇကာတွေရောင်ခြင်းကြောင့် အသားဓါတ်တွေ မထိန်းနိုင်ပဲ ဆီးထဲမှာထွက်ကျလာလို့ဖြစ်ပါတယ်။
ကိုယ်နေ့စဥ်သွားနေကျဆီး ရဲ့ ပြောင်းလဲမှုတွေကို သတိပြုမိရင်လည်း ကျောက်ကပ်ရောင်ရောဂါတွေကို စောစောစီးစီးမိနိုင်ပါတယ်၊

မျက်နှာအမ်းလာခြင်း/ပြည့်လာခြင်း

ကျောက်ကပ်ရောင်ရောဂါတွေရဲ့ ပထမဆုံးလက္ခဏာတွေထဲမှာ မျက်နှာအမ်းတာပါပါတယ်၊ ခြေထောက်တွေအမ်းတာက နောက်မှ ပိုဆိုးလာမှ သိရတဲ့ လက္ခဏာပါ၊ နံနက်အိပ်ယာထလို့ မှန်ထဲမှာ ကိုယ့်မျက်နှာ ကိုယ်ကြည့်ရင်း ပြောင်းလဲမှုကို သိရှိနိုင်ပါတယ်၊ မျက်နှာအမ်းလာတာ သတိထားမိရင်လည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ကို စောစာစီးစီးလုပ်ခြင်းအားဖြင့် ကျောက်ကပ်​ရောင်ရောဂါတွေကို စောစောမိနိုင်ပါတယ်၊

ကျောက်ကပ်ရောင်တာကို ဘာလို့စောစောသိဖို့လိုလည်း

ကျောက်ကပ်တစ်ခုဟာ ရောင်ရမ်းမှုတစ်ခုဖြစ်ပြီး သေချာကုသမှုမရှိရင် အမာရွတ်တွေဖြစ်သွားပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး၊ အဲ့လိုအမာရွတ်တွေဖြစ်ဖို့ အချိန် ၃ လခန့်သာကြာပါတယ် ၊ အဲ့ဒါမို့ ကျောက်ကပ်ရောင်တဲ့ရောဂါကို ၃ လလောက်အတွင်း သိရှိဖို့အရမ်း(အရမ်း) အရေးကြီးပါတယ် ၊ နောက်ကျမှသိရင် ကျောက်ကပ်ဟာ အမာရွတ်တွေဖြစ်သွားပြီး ကုလို့မရတော့ပဲ နာတာရှည်ကျောက်ကပ်အားနည်းတဲ့​ရောဂါဖြစ်သွားပါတော့တယ်။

စောစာသိတော့ရော ကာကွယ်နိုင်သလား

ကျောက်ကပ်ရောင်ရမ်းခြင်းဟာ ခံစားရတဲ့ဝေဒနာ သိပ်မဆိုးကြတော့ လူနာတွေရော ဆရာဝန်တွေရော ပေါ့ပေါ့လေးတွေးတက်ကြပါတယ်၊ ဆီးဆေးလေးပေးလိုက်ရင် အရောင်ကျသွားပြီး ကောင်းသွားတယ်ထင်တက်ကြပါတယ်၊ တစ်ချို့ကြတော့လည်း မလိုအပ်ပဲ အရောင်ကျဆေးတွေပေးနေ၊သောက်နေတက်ကြပါတယ်၊ အဲ့တော့ လူနာတွေဟာ ရောဂါကို စောစောသိပေမယ့် ပိန်လိုက်ဖောင်းလိုက်နဲ့ တဝဲလည်လည်ရင်း ကျောက်ကပ်ပျက်တဲ့အဆင့်ကို ​အနှေးနဲ့အမြန် ရောက်သွားတက်ကြပါတယ်၊ မြန်မာပြည်မှာ အဲ့လိုလူနာတွေအများကြီးပါ၊

အဲ့တာမို့ ကျောက်ကပ်ရောင်တယ်ထင်ရင်၊ ကျောက်ကပ်ရောင်တာကို တွေ့ရင် ကျောက်ကပ်ဆရာဝန်ဆီပြသ သင့်ပါတယ်၊ လိုအပ်ရင် ကျောက်ကပ်အသားစထိယူရပါတယ်၊ ကျောက်ကပ်​​ရောင် အမျိုးအစားအလိုက် သူ့အိုးနဲ့သူဆန် တန်တဲ့ဆေးကို အချိန်မှီမှီထိထိရောက်ရောက် စနစ်တကျကုမှ ပျောက်သင့်ပျောက်ထိုက်တဲ့ကျောက်ကပ်ရောင်ရောဂါတွေဟာ ပျောက်ကင်းမှာဖြစ်ပါတယ်။

လူတွေဟာ သွေးထွက်သံယိုရှိမှ၊ ခန္ဓာကိုယ်မှာ နာကျင်ခံစားမှုတွေရှိမှ ရောဂါအဖြစ် အရေးတယူရှိကြပါတယ်၊ ကျောက်ကပ်ရောင်ရောဂါတွေကတော့ အသံတိတ် အလစ်ဝင်ပြီး ဘဝတစ်ခုလုံးကို ဖျက်ဆီးတက်တယ်ဆိုတာ ယခုကျောက်ကပ်ဆေးနေရတဲ့ သူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်၊ မိမိကိုယ်ကို မျက်ခြေမပျက်စောင့်ကြည့်ပြီး ကျောက်ကပ်ရောင်ရောဂါများကို လက်ဦးမှုယူ တိုက်ထုတ် ကာကွယ် နိုင်ကြပါစေ

ရေးသားသူ – Dr.Nyi Min Han

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။