ဥရောပရဲ့အမြင့်ဆုံးဘူတာရုံ

International News Knowledge
ဥရောပရဲ့အမြင့်ဆုံးဘူတာရုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဥရောပရဲ့အမြင့်ဆုံးဘူတာရုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဥရောပရဲ့အမြင့်ဆုံးဘူတာရုံ

ဆွစ်ဇာလန်နိုင်ငံ အဲလ်တောင်တန်းပေါ်က အမြင့်ပေ ၁၁၃၃၂ မှာ တည်ဆောက်ထားတဲ့ ဂျန်ဖရာဂျို့ချ်ဘူတာရုံဟာ ဥရောပရဲ့အမြင့်ဆုံး ဘူတာရုံပါပဲ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က တောင်ကိုဖောက်ပြီး တည်ဆောက်ခဲ့တဲ့ ဒီစီမံကိန်းဟာ အင်ဂျင်နီယာပညာရပ်ရဲ့ အံ့ဘွယ်တစ်ခုလည်း ဖြစ်ပါတယ်။

၁၈၆၂ ခုနှစ်မှာ အင်္ဂလိပ်- ဆွစ်ဇာလန် တောင်တက်သမားတစ်စုက ဘားနိစ်အဲလ်တောင်တန်းပေါ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီး ဆယ်စုနှစ် အနည်းငယ်အကြာမှာ ဆွစ်ဇာလန်စက်မှုပညာရှင် အဒေါ့ဂူယာဇယ်လာက အဲလ်တောင်တန်းကို ဖောက်ပြီး ဂျန်ဖရာဂျို့ချ်အငူမှာ ဘူတာရုံဆောက်ဖို့ တင်ပြခဲ့တာပါ။ မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ အဲဒီရထားလမ်းစီမံကိန်းမှာ လူ ၃၀ အသက်ဆုံးရှုံးခဲ့ရပြီး ၁၆ နှစ်အကြာမှာ ပြီးစီးခဲ့ပါတယ်။

၁၉၁၂ ခုနှစ်မှာတော့ ဒီရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ကလိန်းရှိုင်ဒက်တောင်ကြားလမ်းကနေ ဂျန်ဖရာဂျို့စ်အငူဆီ ရောက်ဖို့ မိနစ် ၃၀ ပဲ ကြာမြင့်ပါတယ်။ အမြင့်ပေ ၁၁၃၃၂ မှာ တည်ရှိတဲ့ ဂျန်ဖရာဂျို့စ်အငူမှာ ရာသီဥတု ရုတ်ခြည်းပြောင်းလဲမှုတွေ ကြုံရလေ့ရှိပြီး ရာသီဥတု သာယာတဲ့အချိန်မှာတော့ အလွန်ထူးခြားတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာပါ။ ဘယ်နေရာကိုပဲကြည့်ကြည့် တောင်ထိပ်ဖျား ၂၀၀ နီးပါးလောက်ကို မြင်ရမယ်လို့ ဆိုပါတယ်။

ဂျန်ဖရာဂျို့စ်ဘူတာရုံကို သွားရောက်မယ့် ရထားခရီးစဉ်အတွက် ရထားလက်မှတ်ခတစ်စောင်ကတော့ အမေရိကန်ဒေါ်လာ ၂၄၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။