နာမည်အကြောင်းသိကောင်းစရာများ (၁)

Astrology
နာမည်အကြောင်းသိကောင်းစရာများ (၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်အကြောင်းသိကောင်းစရာများ (၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာမည်အကြောင်းသိကောင်းစရာများ (၁)

နှစ်တစ်နှစ် နဲ့တစ်နှစ် ဂြိုဟ်တွေရဲ့အင်အားဟာ မတူပါဘူး ။ ဂြိုဟ်တစ်လုံးဟာ ဒီနှစ်မှာ အားကောင်းပေမယ့် နောက်နှစ်မှာ အားနည်းတဲ့ဂြိုဟ် ဖြစ်သွားတတ်ပါတယ်။ နှစ်တိုင်း နှစ်တိုင်းမှာ ဂြိုဟ် (၇) လုံး ရှိတဲ့အနက် (၄) လုံးဟာ အားကောင်းပြီး (၃) လုံးဟာ အားနည်းတတ်ပါတယ် ။

“အများဆုံး အသုံးပြုနေကြသော နာမည်ပေးပုံ”

မြန်မာနိုင်ငံမှာ လက်ရှိ လူအများ သုံးစွဲနေကြတဲ့ နာမည် ပေးပုံကတော့ “နေ့နံ အပေါ် အခြေခံတဲ့ နာမည် ပေးနည်း” ဖြစ်ပါတယ်။ တနင်္ဂနွေ သားသမီးဆိုရင် တနင်္ဂနွေဖြစ်တဲ့ (အ၊ဥ) နဲ့ ပေးမယ်။ တနင်္လာ သားသမီးဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ပေးမယ်။ အင်္ဂါဆိုရင်လည်း (စ၊ဆ၊ဇ၊စျ၊ည) ပေါ့ ။ ဒီလိုပဲ လွယ်လွယ် ပေးလိုက်ကြပါတယ်။ ဒီလို နေ့နံအတိုင်း ပေးလိုက်တာကိုပဲ ကလေးအတွက် လုံလောက်သွားပြီလို့ထင်တတ်ကြပါတယ်။

ဒီကြားထဲမှာ အဖေနာမည်တို့ ၊ အမေနာမည်တို့၊ အဖိုးအဖွား နာမည်တွေပါမကျန် နာမည်ထဲမှာ ထည့်ပြီး မှည့်လိုက်ကြပါသေးတယ်။ ဘယ်ဗေဒင်ဆရာဆီကိုမှ သွားမနေကြတော့ပါဘူး။ သွားပြန်တော့လည်း စိတ်တိုင်းကျလှတယ် မရှိပါဘူး။ ဗေဒင်ဆရာတွေပေးတဲ့ နာမည်တွေကလည်း မော်ဒန်မဖြစ်ပဲ ခေတ်ဟောင်းအမည်လေးတွေ၊ ခပ်တုံးတုံးတွေ မဟုတ်လား။

ဒီတော့ ကိုယ့်စိတ်ကြိုက် အတိုင်း နေ့နံပေါ်မှာ အခြေခံပြီး နောက်ဆုံးပေါ် လှပေ့၊ ဆန်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ နာမည်မျိုးတွေကို ပေးချလိုက်တော့တာပါပဲ ။ င့ါသား ငါ့သမီးနာမည်ကို ဘယ်သူနဲ့မှ မတူစေရဘူးဆိုတဲ့ မိဘတွေကလည်း အများသား ။ နာမည်တွေ ဆန်းကြယ်ကြပုံကိုလည်း ကြည့်ကြပါဦး ။

”ကျော်အာကာမြင့်မိုရ်ဘုန်းထက်”ဆိုတဲ့ နာမည်မျိုးကတော့ ကျွန်တော့အဖို့သိပ်ဆန်းတယ်လို့ပြောနိုင်လောက်တဲ့ နာမည်မျိုး မဟုတ်ပါဘူး။ ဒါပေမဲ့”အနှိုင်းမဲ့ဘုံနန်းဒေဝီ“
ဆိုတဲ့ နာမည်မျိုးကို တွေ့လိုက်တော့ ကျွန်တော့်အနေနဲ့ငိုရမလို ၊ ရယ်ရ မလို ဖြစ်သွားပါတယ်။

ဒီလို အလွန်ထူးဆန်းတဲ့ နာမည်တွေ မှည့်ထားပြီး ထူးထူးချွန်ချွန် ဖြစ်လာသူတွေကို အလွန် တွေ့ရခဲ့လှပါတယ်။ လေ့လာကြည့်မယ်ဆိုရင် ထင်ပေါ် ကျော်ကြားတဲ့ ၊ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် တော်တော်များများရဲ့နာမည်တွေဟာ ခပ်ရိုးရိုးလေးတွေပဲ ဖြစ်နေတာကိုပဲ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ သိပ်ရိုးစင်းလွန်းတော့လည်း ခေတ်နဲ့မဆီလျှော် ပြန်ဘူးပေါ့ ။ သိပ်ကို ဆန်းပြားလွန်းတဲ့ နာမည်တွေကို ပေးထားပြီး ဆိုဆုံးမလို့မရတဲ့ သားသမီးတွေ အတော်များများကိုလည်း ကျွန်တော် တွေ့ဖူးလှပါပြီ။

ပြောချင်တာကတော့ နာမည်ကောင်းတစ်ခု ဆိုတာ ရိုးရိုးကလေးနဲ့အဓိပ္ပာယ် ကောင်းမွန်တဲ့ နာမည်မျိုး ၊ မှန်ကန်ပြီး အားရှိတဲ့ နာမည်မျိုး ဖြစ်ရပါမယ်။ ဒါမှသာ နာမည်ပိုင်ရှင်ကို ကောင်းကျိုးပြုတတ်ပါတယ်။ ဒီလိုဆိုရင် နာမည်ကို လှလှလေးပေးလို့မရတော့ဘူးလား။ ခပ်ရိုးရိုးကြီးပဲ ပေးရမှာလားလို့စောဒက တက်စရာ ရှိပါတယ်။ နာမည်ကို လှလှလေးပေးလို့ ရပါတယ်။ သိပ်ထူးထူးဆန်းဆန်းသာ မပေးသင့်တာပါ။ ဒီတော့ နေ့သင့်နံသင့် နာမည်ပေးကြတဲ့ အကြောင်းကို ပြန်ကောက်ကြရအောင်။

“နေ့သင့်နံသင့်အမြဲတမ်းပေးလို့ရသလား”

ကျွန်တော်တို့ရဲ့ နာမည်ပေးဗေဒင် လုပ်ငန်းသက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံး တောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် ပေးချင်တယ် ဆိုတာပါပဲ။ ကလေးကို သူမွေးတဲ့နေ့အတိုင်း နေ့သင့် နံသင့် ပေးမှ မှန်ကန်တယ်လို့ထင်နေကြသူတွေ တော်တော်များပါတယ်။

နောက်ပြီး တစ်ချို့ဗေဒင် မှည့်နည်း စနစ်တွေမှာ နေ့သင့်နံသင့် ပေးခြင်းကို ပုံသေကျင့်သုံးနေကြတဲ့အတွက် ဒါကို အမှန်ပဲ ထင်နေကြပုံ ရပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသန ပြုချက်တွေအရ ကလေးတိုင်းကို နေ့သင့်နံသင့် ပေးလို့မရပါဘူး။ တစ်ချို့ပေးလို့ရပေမယ့် တစ်ချို့ပေးလို့မရပါဘူး ။ ဒါဟာ ကလေးမွေးဖွားတဲ့ခုနှစ် ၊ သက္ကရာဇ် အပေါ်မှာ အခြေခံနေပါတယ်။

နှစ်တစ်နှစ် နဲ့တစ်နှစ် ဂြိုဟ်တွေရဲ့အင်အားဟာ မတူပါဘူး ။ ဂြိုဟ်တစ်လုံးဟာ ဒီနှစ်မှာ အားကောင်းပေမယ့် နောက်နှစ်မှာ အားနည်းတဲ့ ဂြိုဟ် ဖြစ်သွားတတ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ ဂြိုဟ် (၇) လုံး ရှိတဲ့အနက် (၄) လုံးဟာ အားကောင်းပြီး (၃) လုံးဟာ အားနည်းတတ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ဒီဂြိုဟ်တွေဟာ အလှည့်ကျ ပြောင်းလဲနေပါတယ်။ ဒီတော့ ကိုယ့်ကလေးရဲ့ မွေးနံဟာ အဲဒီနှစ်အတွက် အားကောင်းတဲ့ ဂြိုဟ် (၄) လုံးမှာ ပါရင် နေ့သင့်နံသင့် နာမည် မှည့်လို့ရပါတယ်။

အားနည်းတဲ့ ဂြိုဟ် (၃)လုံးမှာ ပါနေရင် နေ့သင့်နံသင့် မှည့်လို့မရပါဘူး ။ မမှည့်သင့်ပါဘူး။ ဒီလို အားနည်းတဲ့ ဂြိုဟ်ဖြစ်နေတဲ့ နှစ်မှာ နေ့သင့် နံသင့် နာမည် မှည့်လိုက်တဲ့အတွက် ရင်သွေးဖြစ်သူဟာ ပထမအရွယ် မှာ ကျန်းမာရေး ညံ့ခြင်း ၊ ပညာရေး ညံ့ခြင်း၊ အောင်မြင်မှု နည်းခြင်း ၊ ဘ၀ကို ခက်ခဲစွာ ရုန်းကန်ရတတ်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့သင့် နံသင့် ဖြစ်ဖို့မဖြစ်ဖို့ထက် မိမိရင်သွေးဘ၀ ကောင်းစားဖို့ ကို ပိုပြီး အဓိက ထားရမှာ ဖြစ်ပါတယ်။

“မိဘနာမည်ထည့်ရမရ”

နောက်ပြဿနာ တစ်ခုကတော့ ကလေးရဲ့ နာမည်မှာ မိဘနာမည်ပါချင်တဲ့ ကိစ္စပါပဲ။ အထူးသဖြင့် ဖခင်ရဲ့နာမည်ကို နာမည်နောက်ဆုံးမှာ ပါချင်ကြတယ်။ ဒါကလည်း စောစောက ပြောခဲ့သလိုပါပဲ ။ အဲဒီ မိဘနာမည်ဟာ ကလေး မွေးတဲ့နှစ်မှာ အားနည်းတဲ့ ဂြိုဟ်ရဲ့ အက္ခရာ ဖြစ်နေရင် မပေးသင့်ပါဘူး။ နောက်ပြီး ဒီလို အားနည်းတဲ့ နေ့နံဟာ နာမည်အစမှာ ပါတာထက်စာရင် နာမည်အဆုံးမှာ ပါတာက ပိုဆိုးပါတယ်။

ဒီလို မိဘနာမည်ကို ကလေးရဲ့ နာမည်မှာ မပါ ပါအောင် ဇွတ်အတင်း ထည့်ကြတဲ့ အတွက် ကလေးတွေမှာ နာမည်အမှားရဲ့ ဒဏ်ကို တစ်ဘ၀လုံး ခံသွားရတတ်ပါတယ်။ မိဘမျိုးရိုးနာမည်ထည့်တယ်ဆိုတာ ကျွန်တော်တို့ မြန်မာဓလေ့ထုံးတမ်း မဟုတ်တဲ့အတွက် ဒါကို အားလည်း မပေးသင့်ပါဘူး။ ခရစ်ယာန် နှင့် အစ္စလာမ် ဘာသာ၀င်များအတွက် မျိုးရိုးနာမည် ထည့်ချင်ရင် ခရစ်ယာန်နာမည်၊ အစ္စလာမ်နာမည် သတ်သတ်မှည့်တာ ကောင်းပါတယ်။ မြန်မာနာမည်ကိုတော့ မြန်မာ့ဓလေ့အတိုင်း မှည့်တာကိုပဲ အားပေးချင်ပါတယ်။

ဒါကြောင့် သားသမီးတွေရဲ့ နာမည်မှာ မိဘနာမည်ပါဖို့ကိစ္စကို အရမ်းအလေးမပေးပါနဲ့။ ကောင်းတယ်ဆိုရင် ထည့်လို့ရပါတယ်။ မကောင်းဘူးဆိုရင်တော့ ကလေးရဲ့ဘ၀ နောင်ရေးအတွက် အထူးအလေးပေး စဉ်းစားပါ။ (မိဘမျိုးရိုး နာမည်နဲ့တိုင်းရင်းသား လူမျိုးစု နာမည်တွေကို မမှားပါစေနဲ့။ တိုင်းရင်းသား နာမည်ဖြစ်တဲ့ ” စိုင်း ၊ နန်း ၊ မင်း ၊ မိ ၊ စော ၊ နော် ” တွေက ထည့်ခေါ်လို့ရပါတယ်။ ဒါကို ထည့်မတွက်ရပါ)

“ဟိုနည်းစနစ်ဒီနည်းစနစ်”

တစ်ချို့မိဘတွေဟာ ဗေဒင် မဂ္ဂဇင်း တစ်ခုခုကို ဖတ်ပြီး အဲဒီအထဲမှာ ပါတဲ့ နည်းစနစ် တစ်ခုခုကိုပဲ တစ်ကယ့်နည်း စနစ်ကြီးတစ်ခုလို့ထင်တတ်ကြပါတယ်။ အဲဒီမှာပါတဲ့ နည်းစနစ်တွေကို လက်တည့်စမ်း တတ်ကြပါတယ်။ တစ်ချို့ဆိုရင် စာအုပ်တောင် မဖတ်ဘဲ ဗေဒင်ယောင်ယောင် ဆေးယောင်ယောင် အပေါင်းအသင်း တစ်ယောက်က ပြောတဲ့ နည်းတစ်ခုကို အဟုတ်မှတ်ပြီး ကိုယ့်ကလေးကို လက်တဲ့စမ်းတတ်ကြပါတယ်။

ဒါကြာင့် နာမည်ပေါင်းရင် ” ကိုးန၀င်း ” ရရင် အရမ်းကောင်းတယ် ဆိုတဲ့ တရားသေ ယူဆချက်တွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဗေဒင်ပညာဆိုတာ ဆောင်းပါး တစ်ပုဒ်လောက် ၊ စာအုပ် တစ်အုပ်လောက် ဖတ်ရုံနဲ့တတ်မြောက်နိုင်တဲ့ ပညာမဟုတ်ပါဘူး။

ကျွန်တော်ဆိုရင် ဗေဒင်ပညာရပ် တစ်ခုလုံးရဲ့ကိုင်းလက်တံတစ်ခုမျှသာ ဖြစ်တဲ့ နာမည်ပေးဗေဒင်ကို စာတွေ့အနေနဲ့ (၃) နှစ်လောက် လက်တွေ့သုတေသန အနေနဲ့ (၇) နှစ် လောက် လေ့လာခဲ့ရပါတယ်။

ဒါကြောင့် မိဘတွေကို အထူးပြောချင်တာက ဆောင်းပါး တစ်ပုဒ်လောက် ဖတ်ပြီး လက်တည့် မစမ်းသင့်သလို တစ်ကယ်တတ်ကျွမ်းတဲ့သူ မဟုတ်တဲ့ သူတွေရဲ့အကြံပေးချက်တွေကိုလည်း နားမယောင်သင့်ပါ။ “ဆရာများ၊ သားသေ” ဆိုတဲ့ စကားပုံ ရှိပါတယ်။ တစ်ကယ်တတ်ကျွမ်း နားလည်သူ ဆရာသမား တစ်ဦးဦးနဲ့သာ တိုင်ပင်ပြီး မှည့်သင့်ပါတယ်။

ခါတော်မှီ ဆရာတု ဆရာယောင်တွေကိုတော့ အထူးသတိထားပါ။ အစစ်အတုကို မိမိဥာဏ်နဲ့ သာ ခွဲခြားကြည့်ကြပါ။ အတုနဲ့မိပြီး ရင်သွေးရဲ့ဘ၀ မနစ်မွန်းပါစေနဲ့။

“ဘယ်နည်းစနစ်အကောင်းဆုံးလဲ”

မြန်မာနိုင်ငံမှာ နာမည်ပေးနေကြတဲ့ နည်းစနစ်တွေ အားလုံးကို စစ်စစ်ပေါက်ပေါက်ရေတွက်ကြည့်မယ်ဆိုရင် နည်းပေါင်း (၄၀) ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် တကယ် အသုံးများပြီး အဓိကကျတဲ့ နာမည်ပေးနည်းကတော့ (၃) ခုသာ ရှိပါတယ်။ အဲဒါတွေကတော့ …
(၁) မဟာဘုတ် နဲ့နာမည်ပေးနည်း
(၂) အင်္ဂဝိဇ္ဖာ နဲ့ နာမည်ပေးနည်း
(၃) ဆန်းဗေဒင် နဲ့နာမည်ပေးနည်း တို့ပဲ ဖြစ်ပါတယ် ။

ဆရာတစ်ဦးကို နည်းစနစ် တစ်ခုတော့ စိတ်ကြိုက်ရှိတတ်ကြပါတယ်။ ဒါကြောင့် ဘယ်နည်းစနစ်က အကောင်းဆုံးပဲလို့ ပြောလိုက်ရင် ပညာရှင်ခြင်း ပုတ်ခတ်သလို ဖြစ်သွားနိုင်တာမို့ဒါကိုတော့ မပြောလိုပါ။ ဒါပေမယ့် နည်းစနစ် (၃) ခုစလုံးကို ညှိနှိုင်းသုံးစွဲရင်တော့ အကောင်းဆုံးပဲလို့သာ ပြောလိုပါတယ်။

ကျွန်တော်ရဲ့ နည်းစနစ်ကို ပြောရရင်တော့ မဟာဘုတ် နဲ့အင်္ဂဝိဇ္ဖာ ကို အပြည့်အ၀ အသုံးချထားပြီး ဆန်းဗေဒင် နည်းစနစ် တစ်ချို့ကိုတော့ အထောက်အကူအနေနဲ့ ယူထားပါတယ်။ အားလုံးကို အကြံပြုချင်တာကတော့ ဘယ်နည်းစနစ်ကိုပဲ သုံးသုံး မဟာဘုတ်ကိုတော့ လက်မလွှတ်စေချင်ဘူး။ ဒါကလည်း အရမ်းပြောတာ မဟုတ်ဘဲ လက်တွေ့သုတေသနများအရ ပြောခြင်း ဖြစ်ပါတယ်။

ဗေဒင်ပညာသက်တမ်းတစ်လျှောက်မှာ ဆန်းဗေဒင် နည်းအရ မှားယွင်းနေပေမယ့် ဆိုးကျိုး မခံစားရတာတွေ၊ အင်္ဂဝိဇ္ဖာနည်းအရ မှားနေပေမယ့် ဘာမှ မဖြစ်တာတွေ အများအပြား ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် မဟာဘုတ် မှားပြီး ဘာမှ မဖြစ်ဘူးဆိုတာတော့တွေ့ ရခဲလှပါတယ်။ မဟာဘုတ် မှားရင်တော့ ဆိုးကျိုးတွေကို ဧကန် ခံရတတ်ပါတယ်။ ဒါကြောင့် မဟာဘုတ်ကိုတော့ လက်မလွှတ်သင့်ဘူးလို့ယူဆမိပါတယ်။ နာမည်တစ်ခုရဲ့ အမှားအမှန်ကို စစ်ဆေးတဲ့ နေရာမှာလည်း မဟာဘုတ်နဲ့ စစ်ဆေးကြည့်တာဟာ အလွယ်ကူဆုံးနဲ့ အမှန်ဆုံး ဖြစ်ပါလိမ့်မယ်။

“နာမည်နဲ့ဗျုပ္ပတ်”

နာမည်မှည့်တဲ့နေရာမှာ အရေးကြီးတဲ့ အချက် တစ်ချက်ကတော့ ” ဗျုပ္ပတ်” ဖြစ်ပါတယ်။ ” ဗျုပ္ပတ်” ဆိုတာ နာမည်ရဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ နာမည်တစ်ခုရဲ့ အဓိပ္ပါယ်ဟာ ထိုနာမည်ပိုင်ရှင်ရဲ့ ရုပ်ရည်၊ ပုံပန်းသဏ္ဍန်၊ အဆင်း အရောင်၊ အကျင့်စာရိတ္တ၊ စိတ်နေ စိတ်ထားတွေနဲ့လိုက်ဖက်ညီညွတ် နေရပါမယ်။ ဒါမှ အကျိုးပေး ကောင်းပါမယ်။ ဘ၀ကံ ကောင်းပါမယ်။ နာမည်နဲ့ဗျူပ္ပတ် တစ်ခြားစီ ဖြစ်နေရင်တော့ ဘ၀ကံ မကောင်းတတ်ပါ။

ဥပမာ – နာမည်က ” မောင်မောင်မြင့် ” အရပ်က သိပ်ပုနေရင် ဗျုပ္ပတ် ဆန့်ကျင်နေပါတယ်။ ထိုနည်းတူ အသားမည်းသူကို “ဖြူဖြူ၀င်း” လို့မှည့်တာ၊ အသားဖြူသူကို ” ညိုညိုစိမ့် ” ၊ ကြောက်တတ်သူကို ” ရဲသွေး” ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူကို ” ကြည်ရွှင် ” ၊ ရွှင်ရွှင်ပြပြ နေတတ်သူကို “မှိုင်းဝေ” ၊ ရုပ်မလှသူကို “လှလွန်းဆွေ” မှည့်တာတွေဟာ ဗျုပ္ပတ်အမှားတွေပါ။

နောက်တစ်ခုဟာ လူ့လောကနယ်ပယ်အရ မြင့်မြတ်တယ်လို့စံပြုထားတဲ့ အရာတွေထက် ကျော်လွန်အောင် နာမည်မှည့်တာကို “ဗျုပ္ပတ်လွန်တယ်” လို့ခေါ်ဆိုပါတယ်။ “မြင့်မိုရ်အုပ်စိုး” ၊ “အာကာမင်းထွဋ်ခေါင်” ၊ “နေမင်းအုပ်ပိုင်စိုး” ၊ “ဒီပါလွှမ်းထက်ကျော်” လို နာမည်တွေဟာ နာမည်ပိုင်ရှင်ကို အလွန် “ခိုက်” စေတတ်ပါတယ်။ အရပ်ထဲမှာ ပြောကြတဲ့ ” နာမည်က သိပ်ကြီးလွန်းနေတယ်” ဆိုတာမျိုးပေါ့။

သုတေသနပြုချက်များအရ နာမည်သိပ်ကြီးလွန်းနေရင် ကျန်းမာရေးညံ့ခြင်း ၊ ပညာရေးညံ့ခြင်း ၊ ဆိုဆုံးမရန် ခက်ခဲခြင်း၊ ဆိုးသွမ်းမိုက်မဲခြင်း၊ (အချို့) အသက်တိုခြင်းများကို ဖြစ်စေနိုင်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။