ဒဏ္ဍာရီတစ်ခုအဖြစ် မှတ်ယူထားသည့် သူယောင်သီး (သို့) သူယောင်မယ်

Knowledge Religion
ဒဏ္ဍာရီတစ်ခုအဖြစ် မှတ်ယူထားသည့် သူယောင်သီး (သို့) သူယောင်မယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒဏ္ဍာရီတစ်ခုအဖြစ် မှတ်ယူထားသည့် သူယောင်သီး (သို့) သူယောင်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒဏ္ဍာရီတစ်ခုအဖြစ် မှတ်ယူထားသည့် သူယောင်သီး (သို့) သူယောင်မယ်

သူယောင်မယ် အကြောင်းကို ပိဋကတ်စာပေတွင် အလမ္ဗုသာဇာတ် အဋ္ဌကထာ၌ ဖော်ပြထားတာ ရှိပါသည်။ အလမ္ဗုသာဇာတ် အကျဉ်းချုပ်မှာ ဤသို့ဖြစ်လေသည်။
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ကာသိတိုင်းတွင် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်ကား အတတ် ပညာစုံသောအခါ၌ ရသေ့၀တ်ကာ တော၌နေလေ၏။ တနေ့တွင် သမင်မတစ်ကောင်သည် ဘုရားအလောင်းရသေ့ ကျင်ငယ်စွန့်ရာ အရပ်၌ သုတ်ရေနှင့် ရောသောမြတ်ကို စားမိကာ ကိုယ်၀န်တည်လေ၏။ ထိုအခါမှစ၍ ရသေ့၏ ကျောင်းနားမှ မခွါတော့ပေ။ နောင်အခါ လူသားကလေးငယ်ကို မွေးဖွားလေ၏။ ဘုရားအလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူလျက် `ဣသိသိင်္ဂ´ ဟု အမည်ပေးထား၏။ ဘုရားလောင်းသည် `ဣသိသိင်္ဂ´ သိကြားနားလည်သော အရွယ်သို့ ရောက်သောအခါ ရသေ့၀တ်ပေးထား၏။

အသက်အရွယ် ကြီးရင့်နေပြီ- ဖြစ်သော ဘုရားလောင်း ရသေ့သည် ၏သိသိင်္ဂရသေ့ကို နာရိ၀န- မည်သော သူယောင်မယ်တောသို့ ခေါ်သွား၍ `တာတ ဣမသ္မိံ ဟိမဝန္တေ ဣမေဟိ ပုပ္ဖေဟိ သဒိသာ ဣတ္ထိယော နာမ ဟောန္တိ၊ ( ချစ်သား ဤဟိမ၀န္တာ၌ – ဤပန်းတို့နှင့် တူကုန်သော ဣတ္ထိယ-ခေါ် မိန်းမတို့ ရှိကုန်၏။) တာ အတ္တနော ၀သံ ဂတေ မဟာဝိနာသံ ပါပေန္တိ၊ ( ထိုမိန်းမတို့သည် မိမိအလိုသို့ လိုက်သောသူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏။) န တာသံ ၀သံ နာမ ဂန္တုံ ၀ဋ္ဋတိ၊ (ထိုမိန်းမတို့၏ အလိုသို့ လိုက်ပါခြင်းငှါ မသင့်။) ဟု ဆုံးမစကားပြောကြားကာ နောင်သောအခါ ကွယ်လွန်၍ ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။

ဣသိသိင်္ဂရသေ့လည်း ရရှိထားသော စျာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာ မည်သော နတ်သမီးကို စေလွှတ်၍ ထို ဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးလေ၏။

မိန်းမနှင့်တူတာဆိုလို့ ကမလာ-ဟူသော သူယောင်မယ်နွယ်ပွင့် ကိုသာမြင်ဖူးသော ဣသိသိင်္ဂရသေ့အဖို့ အလမ္ဗုသာနတ်သမီး၏ မာယာညွှတ်ကွင်းသို့ အလွယ်တကူပင် သက်ဆင်းမိလေ၏။ အလမ္ဗုသာနတ်သမီး၏ အထိအတွေ့မှာ မူးမေ့ကာ စျာန်တရားတို့လည်း ကွယ်ပျောက်ခဲ့ရ၏။

သတိရ၍ အဖြစ်အပျက်- အကြောင်းစုံကို သိရှိဆင်ခြင်နိုင်သောအခါ ဖခင်ကြီး တချိန်က ဆုံးမခဲ့သည်ကို နားမထောင်မိခဲ့သည့် အဖြစ်ကို နောင်တရမိလေ၏။ ကာမရာဂကို ပယ်၍ စျာန်ကိုလည်း တဖန်ဖြစ်စေနိုင်ခဲ့၏။ ( ဇာတက ဋ္ဌ- ၅- ၁၆၁)

ဤဇာတ်တော်၌ပါသော ကမလာ ဝုစ္စတိ နာရီပုပ္ဖလတာ- ဟူသောဖွင့်ဆိုချက်အရ သူယောင်မယ်- ဟူသည် အပင်မှသီးသော အသီးမျိုးမဟုတ်၊ အနွယ်မှဖြစ်သော အပွင့်တစ်မျိုးဟု မှတ်အပ်၏။ ထို့ကြောင့်ပင် သတပဒိက ပုစ္ဆာ ဝိသဇ္ဇနာကျမ်း၌ မန်လည်ဆရာတော်က- `ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ မြတ်ဘုန်းကြွယ်၊ ပင်စောက်အနွယ်နှင့်၊ သူယောင်မယ် ရှုမငြီးငယ်တို့၊ သီးပွင့်လေလား။´ ဟု မေးအပ်သောအမေးကို မင်းကွန်းဆရာတော်က- `ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ သူယောင်မယ်၊ အလှသူကြွယ်လို့၊ ကမလာနွယ် ခေါင်အညွတ်မှာ၊ မြူးကွန့်ဟန် အလွန်တင့်တယ်၊ ပန်းပွင့်မှတ်သား။´ ဟု ဖြေကြားတော်မှုပါသည်။ ( အဋ္ဌစတ္တာလီသမ ပုစ္ဆာနှင့် ဝိသဇ္ဇနာ)

သူယောင်တောနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရသောကျမ်းမှာ ကျီးသဲလေးထပ် ဆရာတော်၏ မဟာ၀င် ၀တ္ထုဖြစ်၏။ ထိုမဟာ၀င် ၀တ္တုကျမ်းမှ ဇမ္ဗုဒီပစာတမ်းတွင် သူယောင်တော (လူရုပ်သီးသော တော) ကိုပါဠိလို နာရိ၀န-ဟုခေါ်လေသည်။ နာရိ၀နခေါ် ထိုသူယောင်တောအတွင်းရှိ သစ်ပင်မှသီးသော အသီးတို့သည် ၁၅-နှစ်၊ ၁၆-နှစ်အရွယ် တင့်တယ်သော မိန်းမသဏ္ဍာန် ယောက်ျားသဏ္ဍာန်ချည်းသီးကုန်သည်။ ဦးခေါင်းနေရာမှ အညှာတို့သည်ဖြစ်ကုန်၏၊ တွဲရရွဲဆွဲလျက်တည်ကုန်၏၊ လေခတ်သောအခါ ကခုန် မြူးတူးဘိသကဲ့သို့လည်းကောင်း၊ တစ်ဦးသည် တစ်ဦးအား ပိုက်နွှဲဖက်ယမ်းဘိသကဲ့သို့လည်းကောင်း ဖြစ်ကြလေသည်။

ထို သူယောင်တောသို့ ရာဂမကင်းသော စျာနလာဘီ ဇော်ဂျီ ရသေ့တို့ရောက်၍ မြင်ရလျှင် ရွှင်လန်းတပ်မက်သောရာဂစိတ်သည် နှိပ်နယ်၍မရအောင်ဖြစ်ကြလေသည်။ ရာဂကင်းကွာသော ရဟန္တာအရှင်မြတ်တို့သော်မှလည်း ထိုအသီးတို့၏အသွင်ကိုမြင်လျှင် ရွှင်လန်းရယ်မြူးမိချေသသည်။၊ ထိုအသီးတို့ မှည့်သောအခါ ငှက်တို့သာလျှင်စားကုန်၏၊ ငှက်စားပြီး၍ စွန့်ပစ်အပ်သော အစေ့တို့၏ ရနံ့တို့သည် သုသာန်ပြင်ကဲ့သို့ အလွန်လျှင် စက်စုပ်ဖွယ်ရှိလေသည်။

ထိုသူယောင်တောသည် တောကြီး (၇) တောမှ တစ်တောအပါအ၀င်ဖြစ်သည်။ ထိုတောကြီး (၇) တောတွင် မြစ်ကြီး (၇) စင်းရှိကြောင်း သူယောင်သီးတို့ကား အလွန်ချိုကြောင်း အညှာသည်ဦးခေါင်းမှာရှိ၍ ၁၅-၁၆နှစ်အရွယ် ချောမောလှပသောလူအသွင်တွေဖြစ်ကြောင်း ဖော်ပြထားရှိထားလေသည်။

ဂျင်းဆင်ပင်ကိုလည်း အချို့လောကီဆရာများက သူယောင်ပင်ဟူ၍ လက်ခံထားကြလေသည်။ နှစ်ငါးရာကြာသွားသည့် ဂျင်းဆင်အမြစ်ဥတို့သည် ကလေးတစ်ယောက်ပုံစံဖြစ်လာပြီး လူတစ်ယောက်လို အသက်ရှင်သန်နိုင်တယ်လို့ ဆိုကြပါသည်။ ဒဏ္ဍာရီတစ်ခုပါပဲ။

ရေးသားသူ –လင်းညှို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။