ဂါဇာအပစ်ရပ်မှု ရေရှည်တည်တံ့မှ ထောက်ခံမယ်လို့ ဗြိတိန်နဲ့ ဂျာမနီပြော

International News
ဂါဇာအပစ်ရပ်မှု ရေရှည်တည်တံ့မှ ထောက်ခံမယ်လို့ ဗြိတိန်နဲ့ ဂျာမနီပြော

ဘာလင်မြို့မှာ ပြီးခဲ့တဲ့လတုန်းက မြင်ရတဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး

ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတွေက ဂါဇာဒေသ အပစ်ရပ်ရေးကို သူတို့ ထောက်ခံကြောင်း၊ ဒါပေမဲ့ ရေရှည် ဆက်ထိန်းထားနိုင်တဲ့ အပစ်ရပ်မှုမျိုးသာ ဖြစ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း ဂါဇာဒေသထဲ နောက်ထပ် ကယ်ဆယ်ရေးအကူအညီတွေရရေးနဲ့ နောက်ထပ် ဓားစာခံတွေ လွတ်လာနိုင်ဖို့ လူသားချင်းစာနာတဲ့ယာယီအပစ်ရပ်မှုတွေရလာရေးကို ဆက်လက် တွန်းအားပေးသွားမှာဖြစ်တယ်လို့ သူတို့နှစ်ဦးစလုံးက ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရက်ဆဲလ်မြို့မှာ နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ စကားပြောနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်း( ဘယ်ဘက်ဒုတိယမြောက်အမျိုးသား)နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဓာတ်ပုံ

ဗြိတိန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်ပါ ပူးတွဲ ဆောင်းပါးတစ်ပုဒ်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းနဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အဲနာလီနာ ဘေယာဘော့ခ် က ဟားမတ်စ်နဲ့ အစ္စရေးအကြား တိုက်ပွဲအတွင်း အရပ်သားthayဆုံးမှုတွေ အရမ်းကို များလွန်းလှကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလွန်နာကလည်း တာရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်ရပ်မှုတစ်ခု အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာမှာ အစ္စရေးက တွေ့ရာမရှောင် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အစ္စရေးအပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေ လျော့နည်းလာနေပြီလို့ သတိပေး ပြောသွားခဲ့ပါတယ်။

ဂါဇာမှာ ယာယီအပစ်ရပ်ဖို့ သံတမန်ရေးကြိုးပမ်းမှုတွေ ဆက်လုပ်နေတယ်လို့ ကာတာပြော

ဂါဇာမှာ လူသားချင်းစာနာတဲ့ ယာယီအပစ်ရပ်မှုတစ်ခု ရလာဖို့ သံတမန်ရေးကြိုးပမ်းမှုတွေ ထပ်လုပ်နေတယ်လို့ ကာတာဝန်ကြီးချုပ် အတည်ပြုပြော

ဒီအတောအတွင်းမှာပဲ ကာတာအစိုးရက အစ္စရေးနဲ့ ဟားမတ်စ်အကြား လူသားချင်းစာနာတဲ့ ယာယီအပစ်ရပ်မှုတစ်ခု ထပ်ရနိုင်ရေးအတွက် သံတမန်ရေးကြိုးပမ်းမှုတွေ သူတို့ ဆက်လုပ်နေကြောင်း ထပ်မံအတည်ပြု ပြောခဲ့ပါတယ်။

ကာတာဝန်ကြီးချုပ်နဲ့ အစ္စရေး မော့ဆက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတို့ တွေ့ဆုံစကားပြောခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အခုလို ပြောကြားလိုက်တာပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟုကလည်း ဂါဇာက ဓားစာခံတွေ ပြန်လွတ်လာရေးကို အပြီးသတ် အကောင်အထည်ဖော်ဖို့ အစ္စရေးအစိုးရအနေနဲ့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဟားမတ်စ်တို့ဘက်ကတော့ ဂါဇာမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ အဆုံးမသတ်မချင်း သူတို့အနေနဲ့ အကျဉ်းသား အလဲအလှယ်လုပ်ရေး စေ့စပ်ညှိနှိုင်းမှုတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။