ရှားပါးအာရုံကြောရောဂါကြောင့် ကြွက်သားထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားတဲ့ အဆိုတော် စီလင်းဒီယွန်

Celebrity International News
ရှားပါးအာရုံကြောရောဂါကြောင့် ကြွက်သားထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားတဲ့ အဆိုတော် စီလင်းဒီယွန်

လမ်းလျှောက်နိုင်စွမ်းနဲ့ သီချင်းဆိုနိုင်စွမ်းအပေါ် သက်ရောက်စေတဲ့ Stiff-Person Syndrome ရှားပါးအာရုံကြောရောဂါကို ခံစားနေရတဲ့ ကမ္ဘာကျော်အဆိုတော် စီလင်းဒီယွန်ဟာ သူ့ကြွက်သားထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားခဲ့ပြီလို့သိရပါတယ်။ အစ်မဖြစ်သူ ကလောဒက် ဒီယွန်က သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိတ်မကောင်းစွာနဲ့ ထုတ်ပြောပြလာခဲ့တာပါ။

“သူ ကြိုးစားခဲ့ပေမဲ့ သူ့ကြွက်သားတွေထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။ ကျွန်မ့ကို စိတ်မကောင်းဖြစ်စေတာက သူ အမြဲတမ်းစည်းကမ်းရှိခဲ့တာပါ။ သူ အမြဲ ကြိုးစားခဲ့တယ်။ ကျွန်မတို့ရဲ့အမေကဆို သူ့ကို အမြဲပြောတယ်.. သမီး ကောင်းကောင်းလုပ်နိုင်ရမယ်”လို့ အသက် ၇၄ နှစ်အရွယ် ကလောဒက် ဒီယွန်ကပြောပါတယ်။ စီလင်းဒီယွန်က နေမကောင်းဖြစ်နေပေမဲ့ ဖျော်ဖြေတင်ဆက်ချင်နေတုန်းပါပဲ။ သူ့ရည်မှန်းချက်က ဖျော်ဖြေရေးစင်မြင့်ထက် ပြန်တက်နိုင်ဖို့ဖြစ်တယ်လို့ ကလောဒက်ကဆိုပါတယ်။

စီလင်းဒီယွန်က ရှားပါးအာရုံကြောရောဂါခံစားနေရတယ်ဆိုတာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ အဲဒီတုန်းက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့Courage World Tour ကို ရပ်ဆိုင်းခဲ့ရပါတယ်။

စီလင်း ဒီယွန်ခံစားနေရတဲ့ Stiff-Person Syndrome ရောဂါက ကြွက်သားတွေတောင့်တင်းထုံကျင်ပြီး လမ်းလျှောက်လို့မရ လှုပ်မရဖြစ်စေပါတယ်။ လူသားရုပ်ထုကြီးဖြစ်သွားတယ်လို့လည်း အလွယ်ပြောကြပါတယ်။ ရောဂါဖြစ်ရတဲ့အကြောင်းအရင်းကို တိတိကျကျမသိရသေးတဲ့အပြင် ပျောက်ကင်းအောင်လည်း ကုသလို့မရပါဘူး။ ဒီရောဂါကို လူတစ်သန်းမှာ တစ်ဦးသာဖြစ်တတ်ပြီး အသက် ၃၀ နဲ့ ၆၀ ကြားလူတွေမှာပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။