အမေရိကန်ရဲ့ တကျော့ပြန် လသွားခရီးစဉ်

International News
အမေရိကန်ရဲ့ တကျော့ပြန် လသွားခရီးစဉ်
လရဲ့ မြောက်ဘက်ခြမ်း အပိုင်းမှာ ရှေ့လထဲ ပယ်ရာဂရင်ဝမ်းယာဥ် ဆင်းဖို့ ရည်ရွယ်ထား

လဆင်းယာဥ်ကို သယ်ထားတဲ့ ဒုံးပျံကို ကာနီဗယ်အငူကနေ လွှတ်တင်

ရာစုနှစ် ထက်ဝက် အနှစ် ၅၀ အတွင်း အမေရိကန်ဟာ ပထမဆုံး အကြိမ် အဖြစ် လမျက်နှာပြင်ပေါ် ပြန်လည် ဆင်းသက်နိုင်ဖို့ ခရီးစဥ် စတင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် ကာနီဗယ် အငူ ကနေ လဆင်း စက်ရုပ်ယာဥ် ပယ်ရာဂရင် ဝမ်း Peregrine One ကို သယ်ဆောင်ထားတဲ့ ဗော်လ်ကန်စင်တော Vulcan Centaur ဒုံးပျံကို လွှတ်တင်ခဲ့ပါတယ်။

တစ်နာရီ မပြည့်ခင်မှာပဲ လဆင်းယာဥ်ဟာ ဒုံးပျံကနေ ခွာပြီး အာကာသထဲ လှည့်ပတ်နေပြီ ဖြစ်ပါတယ်။ ပယ်ရာဂရင် ဝမ်း ယာဥ်ဟာ လမျက်နှာပြင်ရဲ့ မြောက်ဘက်ခြမ်း အပိုင်းမှာ လာမယ့်လ နှောင်းပိုင်းကျရင် ဆင်းသက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ဒီ ခရီးစဥ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန် တစ်ခုကတော့ နောင် အာကာသ ခရီးတွေကို ဘယ်လို လွယ်လွယ်ကူကူ ဖြစ်မြောက် အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ပိုပြီး သိလာနိုင်ဖို့ ဖြစ်တယ် ဆိုပြီး ကျွမ်းကျင်သူ ပညာရှင် ‌ဒေါက်တာ ဆီမွန်းဘာဘာက ပြောပါတယ်။

“လက်ရှိ အချိန်ထိ အာကာသခရီးတိုင်းမှာ လိုအပ်သမျှကို ပမာဏကြီးကြီးမားမားနဲ့ တပါတည်း သယ်ဆောင်သွားရသလို အာကာသထဲ ရောက်နိုင်ဖို့လည်းစွမ်းအင်လောင်စာတွေ အများကြီး အသုံးပြုလို့ ကမ္ဘာမြေ ဆွဲအားကနေ ရုန်းထွက် နေရပါတယ်။

တကယ်လို့သာ အာကာသထဲ ကိုယ်သွားမယ့် နေရာတွေမှာ လိုအပ်တဲ့ ရင်းမြစ်တွေကို ရယူ အသုံးပြု လာနိုင်ပြီ ဆိုရင် အာကာသ ခရီးတွေကို ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ အကုန်ကျ မများစေပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဒေါက်တာဘာဘာက ဆိုပါတယ်။

ကမ္ဘာ့ဆွဲအားကနေ ရုန်းထွက်ဖို့ လောင်စာအများကြီး သုံးနေရဆဲ

အမေရိကန်ရဲ့ အခု လသွား ခရီးစဥ်ဟာ အက်စထရိုဘောတစ် ဆိုတဲ့ ကုမ္ပဏီက အမေရိကန် အစိုးရရဲ့ အာကာသအေဂျင်စီ နာဆာNASA နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုက ပထမဆုံး အကြိမ် ကမကထလုပ် စီစဥ်တဲ့ လသွား ခရီးစဥ်လည်းပဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာပဲ အလားတူ မစ်ရှင် ခရီးစဥ် နောက်ထပ် ၅ ခု စီစဥ်ထားပါတယ်။

အခု ဆယ်စုနှစ် အတွင်း လူကိုယ်တိုင် လိုက်ပါဖို့ စီစဥ်ထားတဲ့ လသွား ခရီးစဥ်တွေမှာ လမျက်နှာပြင်ပေါ် အဆင်ပြေနိုင်အောင် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ အခုလို သုတေသန ခရီးစဥ်တွေ စတင် လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။