လပေါ်ဆင်းတဲ့ ဂျပန်စက်ရုပ် ဘယ်လိုပြဿနာတက်နေလဲ

International News Tech
လပေါ်ဆင်းတဲ့ ဂျပန်စက်ရုပ် ဘယ်လိုပြဿနာတက်နေလဲ

Jaxa က လပေါ်ကို ဆင်းသက်ရန် ပဉ္စမမြောက် အမျိုးသားဆိုင်ရာ အာကာသအေဂျင်စီဖြစ်လာပါတယ်

ဂျပန်နိုင်ငံက လွှတ်တင်လိုက်တဲ့ စက်ရုပ်လေးဟာ လပေါ်ကို ခြေချနိုင်ပေမယ့် နေရောင်ခြည်စွမ်းအင်စနစ်မှာ ပြဿနာရှိတာမို့ လပေါ်မှာ နာရီအနည်းငယ်ပဲ သွားလာနိုင်မယ်လို့ သိရပါတယ်။

လ စူးစမ်းရေးအတွက် စမတ်ကျသော သက်ဆင်းယာဉ် (Slim) ဟာ လမျက်နှာပြင်ပေါ်ကို ညင်ညင်သာသာ သက်ဆင်းနိုင်ခဲ့ပါတယ်။

လပေါ်ကို သက်ဆင်းနိုင်ခဲ့တာကြောင့် ဂျပန်ဟာ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ယူနီယံ၊ တရုတ်နဲ့ အိန္ဒိယပြီးနောက်မှာ ပဥ္စမမြောက် လပေါ်ကို ရောက်တဲ့ နိုင်ငံဖြစ်လာပါပြီ။

ဒါပေမဲ့ နေရောင်ခြည်စွမ်းအင်ပြဿနာရှိနေတာကြောင့် လစူးစမ်းရေးခရီးစဉ် မပျက်အောင် ဂျပန်အင်ဂျင်နီယာတွေ ကြိုးပမ်းနေရပြီဖြစ်ပါတယ်။

အခုထိ ကောင်းကောင်းနားမလည်နိုင်သေးတဲ့ အကြောင်းအရင်းတွေကြောင့် စက်ရုပ် ရဲ့ နေရောင်ခြည်စွမ်းအင်ဆဲလ်တွေဟာ လျှပ်စစ်မထုတ်ပေးနိုင်ဘူး ဖြစ်နေပါတယ်။

ဒါကြောင့် Slim ဟာ တပ်ဆင်ထားတဲ့ ဘက်ထရီတွေကိုပဲ အားကိုးနေရပြီး ဒါတွေဟာလည်း မကြာခင်မှာ အားကုန်သွားမှာဖြစ်ပါတယ်။

အားကုန်သွားတဲ့အခါ စက်ရုပ်ဟာ တိတ်ဆိတ်ငြိမ်သက်သွားမျာဖြစ်ပါတယ်။

သူဟာ ညွှန်ကြားချက်တွေကို လက်ခံနိုင်တော့မှာမဟုတ်သလို ကမ္ဘာဆီကိုလည်း စကားပြောနိုင်တော့မှာမဟုတ်ပါဘူး။

အင်ဂျင်နီယာတွေဟာ အခုအချိန်မှာ ဘာကိုဦးစားပေးရမယ်ဆိုတာကို ဆုံးဖြတ်နေကြပါပြီ။

သူတို့ဟာ စက်ရုပ်က အပူပေးစနစ်ကို ပိတ်လိုက်ပြီး စက်ရုပ်ဆီက ဓာတ်ပုံတွေကို ဖျက်လိုက်ပါပြီ။

ဒါ့အပြင် လပေါ်သက်ဆင်းတဲ့ ဆော့ဖ်ဝဲ ဘယ်လောက်ကောင်းကောင်းအလုပ်လုပ်တယ်ဆိုတာကို ပြသပေးနိုင်မယ့် သတင်းအချက်အလက်တွေကို ရယူနေပြီဖြစ်ပါတယ်။

Slim ဟာ တိတ်ဆိတ်ငြိမ်သက်သွားမယ်ဆိုရင်တောင် ဂျပန်အာကာသအေဂျင်စီ(Jaxa) အရာရှိတွေဟာ ချက်ချင်းလက်လျှော့မှာမဟုတ်ပါဘူး။

နေရောင်ခြည်စွမ်းအင်ဆဲလ်တွေဟာ နေနဲ့ မကြုံရရင်တောင် အလုပ်လုပ်နိုင်စွမ်းရှိအောင် တစ်နည်းနည်းနဲ့ ဖန်တီးထားခဲ့တာဖြစ်ပါတယ်။

လပေါ်မှာ အလင်းရောင်နဲ့ပတ်သက်တဲ့ အခြေအနေပြောင်းလဲလာရင် Slim ပြန်လည်သက်ဝင်လာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဂျပန်လူထုက အောင်မြင်စွာ ပြန်လည်ဆင်းသက်ခဲ့တဲ့အပေါ် ဂုဏ်ပြုနေကြပုံ

ဂျပန်ဟာ လပေါ်ကို အောင်မြင်စွာသက်ဆင်းနိုင်ပြီလို့ ပြောနိုင်မပြောနိုင်ကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့အခါ jaxa ဒုတိယအကြီးအကဲ ဟီတိုရှီ ကူနီနာကာက ပြောနိုင်ကောင်းပြောနိုင်ပြီလို့ ဖြေဆိုခဲ့ပါတယ်။

“အခုဆင်းသက်တဲ့ ခရီးဟာ မအောင်မြင်ခဲ့ဘူးဆိုရင် အရှိန်ပြင်းပြင်းနဲ့ ကျဆင်းလာရင်း မြေပြင်ကို ရိုက်မိတာဖြစ်နိုင်ပြီး အာကာသယာဉ်ငယ်ကို လုံးဝဆုံးရှုံးပြီးဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ စက်ရုပ်ဟာ ကျွန်တော်တို့ဆီကို သတင်းအချက်အလက်တွေ ကောင်းကောင်းပို့နေနိုင်ဆဲဖြစ်တာမို့ လပေါ်ကိုအခက်အခဲမရှိဘဲ ဆင်းသက်နိုင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက် အောင်မြင်တယ်လို့ ဆိုရပါမယ်” လို့ သူက ဖြေဆိုခဲ့ပါတယ်။

Slim ဟာ လသွားယာဉ်ငယ်နှစ်စင်းနဲ့ ပတ်ဝန်းကျင်အခြေအနေကိုတိုင်းတာပြီး ကြိုးမဲ့စနစ်နဲ့ သတင်းအချက်အလက်တွေ ပြန်လည်ပေးပို့နိုင်တဲ့ စက်တစ်ခုကို တင်ဆောင်ခဲ့ပြီး လမျက်နှာပြင်နဲ့မထိခင်မှာ ဒီပစ္စည်းတွေကို ဖြုတ်ချနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

Slim မှာ အနီအောက်ရောင်ခြည်သုံးကင်မရာပါဝင်ပြီး လာမယ့်နှစ်ပတ်အတွင်း လရဲ့ ဘူမိဗေဒကိုလေ့လာမှာဖြစ်ပါတယ်။ ရရှိထားတဲ့ အချိန်အတွင် ဘယ်လောက်စူးစမ်းနိုင်မယ်ဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။

တွက်ချက်မှုတွေအရဆိုရင် လပေါ်ကို ဆင်းသက်နိုင်ဖို့ အင်မတန်ကို ခက်ခဲပါတယ်။

အဲ့ဒီလိုကြိုးပမ်းမှုရဲ့ ထက်ဝက်ခန့်ဟာ မအောင်မြင်ခဲ့ပါဘူး။

အသုံးပြုထားသော ရိုဗာနှစ်ခုရဲ့ လက်ရာ- Hopper (L) နဲ့ လိမ့်သွားနိုင်တဲ့ ပုံသဏ္ဍာန်ပြောင်းဘောလုံး (R)

Jaxa ဟာ တိကျစွာသွားလာနိုင်တဲ့ နည်းပညာသစ်အပေါ် ယုံကြည်မှုထားခဲ့ပါတယ်။

လဆင်းသက်ယာဉ်ပေါ်မှာတပ်ဆင်ထားတဲ့ ကွန်ပျူတာဟာ ရုပ်ပုံတွေနဲ့ ချိုင့်ကျင်းကြီးတွေကို အချိန်တိုအတွင်း စစ်ဆေးဆုံးဖြတ်နိုင်ပြီး ဆင်းသက်မယ့် အမှတ်ကိုရောက်ဖို့အတွက် အန္တရာယ်တွေကို ရှောင်ရှားရေးမှာ ကူညီနိုင်ပါတယ်။

အင်ဂျင်နီယာတွေဟာ သတ်မှတ်ထားတဲ့ နေရာရဲ့ မီတာ ၁၀၀ ( ပေ ၃၃၀) အတွင်း ဆင်းသက်နိုင်ဖို့ မျှော်လင့်ခဲ့ပြီး အခုအချိန်မှာ Slim ဘယ်လောက် ကောင်းကောင်းအလုပ်လုပ်တယ်ဆိုတာကို လေ့လာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာတွေဟာ ဖန်တီးထားတဲ့အတိုင်း အလုပ်လုပ်တယ်ဆိုတာ ကနဦးအချက်အလက်တွေအရ သိရပြီဖြစ်ပါတယ်။

“ရရှိတဲ့သတင်းအချက်အလက်တွေအရ Slim ဟာ သတ်မှတ်ထားတဲ့နေရာရဲ့ ၁၀၀ မီတာအတွင်းကို တိတိကျကျဆင်းသက်နိုင်ခဲ့ပါတယ်။ အရင်ကပြောဆိုခဲ့သလိုပါပဲ ရရှိတဲ့ သတင်းအချက်အလက်ကို လေ့လာသုံးသပ်ဖို့ တစ်လလောက်ကြာနိုင်ပါတယ်” လို့ မစ္စတာ ကူနီနာကာက ပြောဆိုခဲ့ပါတယ်။

Slim ဟာ ဂျပန်စံတော်ချိန် ဇန်နဝါရီ ၂၀ သန်းခေါင်အချိန်(ဂရင်းနစ်စံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၁၅ နာရီ)မှာ အမြင့် ၁၅ ကီလိုမီတာ(ကိုးမိုင်) ကနေ ဆင်းသက်မှုကို စတင်ခဲ့ပါတယ်။

လမျက်နှာပြင်ကို ဂရင်းနစ်စံတော်ချိန် ၁၅ နာရီ ၂၀ မိနစ်မှာ သက်ဆင်းနိုင်ခဲ့ပါတယ်။

ဆင်းသက်တဲ့နေရာဟာ ရှီယိုလီချိုင့်ကြိးအနီးမှာရှိပြီး လက်ရှိအချိန်မှာ နေရောင်ကျနေပေမယ့် လကုန်ခါနီးမှာ အမှောင်ကျမှာဖြစ်ပါတယ်။

အဲ့ဒီလိုဖြစ်တဲ့အခါ အပူချိန်ဟာ အီလက်ထရွန်နစ်ဆားကစ်ဘုတ်ပြားတွေ ကျိုးသွားနိုင်တဲ့အထိကို ကျဆင်းသွားမှာဖြစ်ပါတယ်။

ပစ်မှတ်ထား ဆင်းသက်ခဲ့တဲ့နေရာက လရဲ့ အီကွေတာတောင်ဘက်မှာရှိတဲ့ Shioli Crater အနီးတောင်စောင်းမှာဖြစ်ပါတယ်။

Jaxa ဟာ ဂြိုဟ်သိမ်တွေပေါ်ကို စက်ရုပ်နှစ်ကြိမ်လွှတ်တင်ခဲ့ပြီးဖြစ်ပြီး လဟာ သူတို့ရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

ဒါဟာ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ရဲ့ အာတီးမိစ်အစီအစဉ်အတွက် အင်မတန်ကိုအရေးပါမှာဖြစ်ပြီး နာဆာဟာ ရာစုနှစ်ဝက်တစ်ခုကျော် ကြာမြင့်ပြီးနောက် လပေါ်ကို လူသားစေလွှတ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အရင်နှစ်မှာ ပုဂ္ဂလိက ဂျပန်ကုမ္ပဏီ iSpace ဟာ လပေါ်ဆင်းသက်ခွင့်ရခဲ့ပါတယ်။

ကုမ္ပဏီရဲ့ Hakuto-R ယာဉ်ရဲ့ ကွန်ပျူတာဟာ လအထက်က အမြင့်နဲ့ပတ်သက်ပြီး ရှုပ်ထွေးသွားတဲ့အတွက် ပျက်ကျခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ ပုဂ္ဂလိက အမေရိကန်ကုမ္ပဏီ Astobotic ဟာ ကမ္ဘာပတ်လမ်းက Peregrine လဆင်းသက်ယာဉ်အပျက်အစီးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ တွန်းလွှတ်စနစ်မှာ အမှားအယွင်းရှိခဲ့တာမို့ လပေါ်သဆင်းသက်ဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။

ဗြိတိန်က အိုးပင်းတက္ကသိုလ်က ဒေါက်တာ ဆီမီယွန် ဘာဘာဟာ Peregrine အတွက် ကိရိယာတပ်ဆင်ပေးခဲ့သူပါ။

သူက ဂျပန်ရဲ့ လုပ်ဆောင်မှုကို ချီးကျူးခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ ဒါဟာ တိကျစွာတွက်ချက်ထာတဲ့ သက်ဆင်းစနစ်ပါပဲ၊ ကြီးမားတဲ့ အောင်မြင်မှုပါပဲ၊ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် အတော်ကိုပျော်မိမှာ” လို့ သူက ဘီဘီစီကိုပြောခဲ့ပါတယ်။

ဒီအသိပညာတွေအားလုံးကို စုစည်းနိုင်မယ်ဆိုရင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ အနာဂတ်မှာ အာကာသခရီးစဉ်တွေကို အောင်မြင်စွာလုပ်နိုင်ဖို့ လေ့လာသင်ယူနိုင်မယ် လို့ သူက ပြောပါတယ်။

ဂျပန်ဟာ အောင်မြင်မှုအတွက် ဂုဏ်ယူရပါမယ်လို့ ဒီဂျစ်တယ်မဂ္ဂဇင်း SpaceWatch Global က ဒေါက်တာ အမ်မာ ဂတ်တီက ပြောဆိုခဲ့ပါတယ်။

“သူတို့အတွက် သမိုင်းတွင်ပါတယ်။ ဂုဏ်ရှိတဲ့ ကိစ္စပါ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဂျပန်အတွက် အရေးကြီးပါတယ်၊ သူတို့ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အရေးကြီးပါတယ်၊ တရုတ် နဲ့ အမေရိကန်လို မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံက လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေပါပဲ” လို့ သူက ပြောဆိုခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။