ပူလိုက်တဲ့အိမ် အေးပေရော့

Astrology
ပူလိုက်တဲ့အိမ် အေးပေရော့

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဒေါ်လှအေးဆိုသော မိန်းမကြီးတစ်ဦး ရောက်ရှိလာလေ၏။ ကျွန်ုပ်သည် ၄င်းကို တွေ့လျှင် တွေ့ ချင်း-
“ကဲ . . . ဒေါ်လှအေး . . . ဘာတွေဒုက္ခတွေ့လာ ပြန်ပြီလဲ ပြောတော့ . . . ၊ ကျုပ်လုပ်ပေးနိုင်တာတွေ ကျုပ်လုပ်ပေးမယ် . . .”
ဟု ပြောလိုက်လျှင် ဒေါ်လှအေးက-

“တခြားမဟုတ်ပါဘူး ဆရာရယ် . . . ၊ စီးပွားရေးလည်း ကောင်းပါတယ်၊ ဒါပေမဲ့ အိမ်မှာက အလွန်ပဲ အိမ်ပူတယ် ဆရာရဲ့ . . . ၊ အိမ်က သားအဖနှစ်ယောက်က ညကနိုင်ငံခြားဘောလုံးပွဲ ကြည့်တယ်၊ မနက်လက်ဖက်ရည်ဝိုင်းလည်းရောက်ရော နိုင်ငံခြား ဘောလုံးပွဲအကြောင်း ငြင်းကြ ခုန်ကြနဲ့ ဆူညံနေတာပဲ၊ မီးဖိုထဲမှာလည်း သမီးနှစ်ယောက် ကလည်း လွင်မိုးချောတယ်၊ လူမင်းချောတယ်နဲ့ ငြင်းကြ ခုန်ကြနဲ့ ကြွက်ကြွက်ကို ညံနေတာပဲ . . . ၊ အကြောင်းတစ်ခု မဟုတ်တစ်ခုနဲ့ အိမ်မှာ ဆူညံနေတာပဲ၊ အဲဒါလေး လုပ်ပေးပါ ဆရာရယ် . . .
ဟု ပြောလေတော့၏။

“ရှေးကဆရာတွေကတော့ “ကကြီးအလယ်သေ အင်း” ပန်းကန်ပြားမှာကပ်ပြီး မီးထွန်းခိုင်းတယ်၊ အဲဒီလို လုပ်လိုက်ရင် အိမ်ပူတာရပ်သွားရော၊ ကျွန်တော်တို့ လက်ထက်မှာတော့ ဒီလိုမလုပ်တော့ပါဘူး . . . ၊ ပန်းကန်ပြားပေါ်မှာ ကကြီးတစ်လုံးကို ရေးပြီး မီးထွန်းခိုင်း လိုက်တာပါပဲ၊ အိမ်ပူတာရပ်သွားရော၊ ဘာကြောင့် ရပ်သွားတာလဲဆိုတာတော့ ကျွန်တော့်ကို မမေးနဲ့၊ ကျွန်တော်လည်း မသိဘူး၊ အဲဒီလိုလုပ်ရင် အဲဒီလို ရပ်သွားတာပဲ . . . ၊ ဟောဒီမှာ ကြွေပန်းကန်ပြားပေါ်မှာ ကကြီး ရေးပေးလိုက်မယ်၊ အိမ်ပြန်ပြီး မီးထွန်းပေတော့၊ အိမ်မပူဘဲ အေးချမ်းသွားလိမ့်မယ် . . . “
ဟု ပြောကာ ကကြီးရေးထားသော ပန်းကန်ပြားတစ်ချပ် ကို ဒေါ်လှအေးအား ပေးလိုက်လေ၏။ ဒေါ်လှအေးလည်း ပန်းကန်ပြားကို ပိုက်၍ ပြန်သွားလေတော့၏။

တစ်ပတ်ခန့်ကြာသောအခါ ဒေါ်လှအေး ပြန်ရောက်လာလေ၏။

“အိမ်က အေးသွားလိုက်တာ ဆရာရယ် . . . ၊ အိမ်နီးနားချင်း ကတောင် လူတွေမှ ရှိသေးရဲ့လားလို့တောင် မေးယူရတဲ့အထိ ပါဘဲ . . .”
ဟု အားရဝမ်းသား ပြောလေတော့၏။

“အဲဒီအကြောင်းလေးတွေ စာအုပ်ရေးပါ ဆရာရဲ့၊ ဒါမှ လူတိုင်းသုံးရမှာပေါ့ . . . “
ဟု အကြံပေးလေတော့၏။
“စိတ်ချပါဗျာ . . . ရေးဖြစ်အောင် ရေးမှာပါ . . . ဟု ကျွန်ုပ်က ကတိပေးလိုက်လေတော့သတည်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။