လူကုံထံတွေကြား ပိုပြီးရေပန်းစားလာတဲ့ ဇိမ်ခံသောက်ရေ Luxury Water

International News
လူကုံထံတွေကြား ပိုပြီးရေပန်းစားလာတဲ့ ဇိမ်ခံသောက်ရေ Luxury Water

အမေရိကန်ဒေါ်လာ ၂၅၀ တန်ဖိုးရှိတဲ့ ရေဖန်ပုလင်းတစ်ခု

,တန်ဖိုးမြင့်ဇိမ်ခံရေတွေက ဒေါ်လာရာနဲ့ချီ တန်ဖိုးရှိပါတယ်

စားသောက်ဆိုင်တစ်ဆိုင်မှာ ဝိုင်ကောင်းကောင်းတစ်ခွက်အစား ဇိမ်ခံရေ(luxury water)ကို သောက်သုံးဖွယ်အရည်တစ်တစ်ခုအနေနဲ့ ကမ်းပေးတာ၊ ဒါမှမဟုတ် မင်္ဂလာပွဲတစ်ခုမှာ ပျော်ရွှင်ကြည်နူးနေတဲ့ မင်္ဂလာမောင်နှံတစ်တွဲကို ရှန်ပိန်နဲ့သစ်သီးဖျော်ရည်တွေအစား ထူးခြားစိတ်ဝင်စားစရာကောင်းတဲ့ ဇိမ်ခံသောက်ရေနဲ့ ဆုတောင်းဂုဏ်ပြုကြတယ်ဆိုတာကို ကြားဖူးလား။

ဒီလိုမေးခွန်းတွေထုတ်ခံနေရတဲ့ ဇိမ်ခံသောက်ရေက ပုံမှန်သောက်နေကျ သတ္တုဓာတ်ပါဝင်တဲ့သောက်ရေသန့် ဒါမှမဟုတ် တခြားရေသန့်အမျိုးအစားတွေထက် သာလွန်တယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ဒီဇိမ်ခံရေသန့်တစ်ဘူးက ဒေါ်လာရာနဲ့ချီ ပေးရတာတောင် ရှိပါတယ်။

ဒီဇိမ်ခံရေကို အမဲသားကင်ကစလို့ ငါးဟင်းဖွယ်အဆုံး အမယ်အမျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ဝိုင်လိုပါပဲ။

ဒီလိုဈေးကြီးတဲ့ရေကို ပိုပြီးသန့်စင်တန်ဖိုးရှိတဲ့ ရေတစ်မျိုးလို့ လူသိများကြပြီး ဒီလိုရေဟာ မီးတောင်ကျောက်ဆောင်ကြားအပြင် ရေခဲမြစ်ကနေ အရည်ပျော်ကျလာတဲ့ရေတွေ ဒါမှမဟုတ် မြူမှုန်လေးတွေကတစ်ဆင့်ဖြစ်လာတဲ့ရေ စတဲ့ သဘာဝအရင်းအမြစ်တွေကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။

ဒီလိုရေကို တိမ်တိုက်တွေဆီကနေတောင် ထုတ်ယူလို့ရတယ်လို့ ပြောကြတယ်။

တန်ဖိုးမြင့် ရေတစ်ခုချင်းစီက သူ့ရဲ့ မြစ်ဖျားခံလာတဲ့နေရာပေါ်မူတည်ပြီး ပါဝင်တဲ့ ဝိသေသလက္ခဏာတွေ မတူညီကြသလို ပုံမှန်ရေသန့်တစ်ဘူးလို ဖန်တီးသန့်စင်ထားတာ လုံးဝမဟုတ်ပါဘူး။

လက်ရှိမှာတော့ ကမ္ဘာတဝန်းမှာ ဒီလိုကောင်းမွန်တန်ဖိုးကြီးတဲ့ ရေအမှတ်တံဆိပ်တွေ ရာနဲ့ချီ ရှိနေသလို ဒီရေတွေနဲ့ပတ်သက်ပြီး အကြုံပြုပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေတောင် ရှိနေပါပြီ။

ရေမှာ အရသာရှိလား

ရေဆိုင်ရာအကြံပေးအဖြစ်လုပ်ဆောင်ပြီး ကျောင်းနေရွယ်ကလေးတွေကိုလည်း ရေအရသာမြည်းစမ်းတဲ့သင်ကြားမှုတွေ လုပ်ဆောင်နေပါတယ်,မီလမ်ပက်တယ်က ကလေးတွေလေ့လာနိုင်အောင် ရေအရသာမြည်းစမ်းတဲ့ပွဲတွေ ပြုလုပ်ပေးပါတယ်

ဝိုင်တွေမြည်းစမ်းကြည့်သလိုမျိုးပဲ ဒီဇိမ်ခံရေအမှတ်တံဆိပ်တွေနဲ့ ပတ်သက်လို့ ကုန်ပစ္စည်းတစ်ခုချင်းစီမှာ ပါဝင်တဲ့ သတ္တုဓာတ်၊ အရသာ ပြီးတော့ ခံတွင်းထဲရောက်သွားတဲ့အခါ ဖြစ်လာတဲ့ အရသာခံစားမှုတွေကို ခွဲခြားသိမြင်နိုင်တဲ့ ဒီရေကို တည်ခင်းပေးရတဲ့ ကျွမ်းကျင်သူတွေလည်းရှိပါတယ်။

“ရေက ဒီတိုင်းသောက်ရေသက်သက်မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ရေတိုင်းက ကွဲပြားပြီး အရသာရှိကြပါတယ်” လို့ ဇိမ်ခံရေနဲ့ ပတ်သက်ပြီး လန်ဒန်က စတိုးဆိုင်တစ်ခုမှာ အကြံပေးအဖြစ်လုပ်ကိုင်နေတဲ့ မီလင်ပက်တယ်က ပြောပါတယ်။

သူက ရေကို စူးစမ်းလေ့လာချင်တဲ့သူတွေအတွက် ရေပိုက်တွေအပါအဝင် ရေသန့်အမျိုးအစားကွဲများစွာကို အရသာခံစမ်းသပ်နိုင်တဲ့ ပွဲတွေစီစဉ်လုပ်ပေးနေသူလည်းဖြစ်ပါတယ်။

ပက်တယ်က ရေအမျိုးအစား အမျိုးမျိုးအကြောင်းနဲ့ သူတို့ရဲ့ အရသာတွေကို မျိုးဆက်သစ်လူငယ်တွေကြားမှာ ပညာပေးနိုင်ဖို့ လုပ်သွားမယ်လို့ ခံယူထားတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

“ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ သဘာဝရေစက်ဝန်းတွေဖြစ်တဲ့ ရေငွေ့ပျံတာ၊ ငွေ့ရည်ဖွဲ့တာနဲ့ မိုးရွာတာတွေ သင်ခဲ့ရတာကို ပြန်တွေးကြည့်စမ်းပါ။ အဲဒီမှာ သတိမထားမိကြတဲ့တစ်ချက်က ရေမှာပါတဲ့ဓာတ်သတ္တုပါဝင်နှုန်းကို ထိန်းညှိမှုပါပဲ” လို့ သူကပြောပါတယ်။

“ဒါကြောင့်မို့လို့ မိုးရေ မြေပေါ်ရွာသွန်းတဲ့အခါ အဲဒီရေကို မြေကြီးကနေ စုပ်ယူတယ်။ အဲဒီရေဟာ မတူညီတဲ့ ကျောက်လွှာတွေနဲ့ မြေဆီလွှာကြားထဲကနေ စိမ့်ဝင်သွားတယ်။ အဲဒီမှာပဲ ရေဟာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆီလီကာအစရှိတဲ့ သတ္တုဓာတ်တွေ ပါဝင်လာတဲ့ ရေရဲ့ သတ္တုဓာတ်အရသာကို ပေးစွမ်းတာဖြစ်တယ်” လို့ ပက်တယ်က ထပ်ပြောပါတယ်။


ကနေဒါနိုင်ငံ King’s Point ပင်လယ်ကမ်းစပ်က ရေခဲတောင်

,ကောင်းမွန်သန့်စင်တဲ့ရေတွေက ဟာဝိုင်အီက မီးတောင်ကျောက်တွေ၊ နော်ဝေက အရည်ပျော်နေတဲ့ရေခဲတောင်တွေ ဒါမှမဟုတ် တက်စမေးနီးယားက နံနက်ခင်းမြူမှုန်တွေကနေ ထွက်ရှိပါတယ်
ရေအရင်းအမြစ်လာရာတချို့ဖြစ်တဲ့ ရေခဲတောင်တွေ ဒါမှမဟုတ် မိုးရေ စတဲ့ မြေပြင်မှာ သဘာဝအတိုင်း ဖြတ်သန်းခြင်းမရှိတဲ့ရေတွေက စမ်းရေနဲ့ တွင်းရေတွေထက်စာရင် ပျော်ဝင်နေတဲ့ အစိုင်အခဲပမာဏ (TDS) ပိုပြီးနည်းပါးပါတယ်။

ကမ္ဘာအနှံ့အပြားက မတူညီတဲ့ရေအမျိုးအစားတွေကို ပက်တယ်က စုစည်းထားပါတယ်။ ရိုးရိုးရေသန့်ဘူးထဲက ရေကနေ တန်ဖိုးမြင့် သန့်စင်ရေတွေအထိ ပါဝင်ပြီး တန်ဖိုးနဲ့တွက်ပြရရင် အမေရိကန်ဒေါ်လာ ၃၁၈ (စတာလင်ပေါင် ၂၅၀ )အထိ ကျသင့်နိုင်ပါတယ်။

သူရဲ့ ရေအရသာစမ်းသပ်တဲ့ပွဲတွေမှာ လူတွေက မတူညီတဲ့ရေအမျိုးမျိုးကို စမ်းသောက်ပြီးတဲ့အခါမှာတော့ ရေတစ်မျိုးချင်းစီရဲ့ တမူထူးခြားတဲ့အရသာတွေကို ဖော်ညွှန်းဖို့ ကြိုးစားကြပါတယ်။

“ကျွန်တော်တို့က ရေကို အရသာမရှိတဲ့အရာတစ်ခုအနေနဲ့မြင်ပြီး လေ့လာလို့ရအောင် ဖြည့်ဆည်းပေးထားတာ မဟုတ်ပါဘူး။ ရေကို သေချာစူးစမ်းခံစားသက်ဝင်ပြီး သောက်ကြည့်လိုက်မယ်ဆိုရင် အဓိပ္ပာယ်အမျိုးမျိုးဖွင့်လို့ရတဲ့ ဝေါဟာရတွေနဲ့အတူ အံ့ဩသွားရလိမ့်မယ်”လို့ ပက်တယ်က ရှင်းပြပါတယ်။

ကူးလ်တက် – ရေသန့် နည်းပညာ

“နူးညံ့ပျော့ပျောင်းတာ၊ ခရင်မ်လေးလို ၊ တင်းကျပ်သလို၊ ကတ္တီပါလေးလို၊ ခါးတာ၊ တခါတရံတော့ ချဉ်တာ။ ဒီလိုလှပတဲ့အဓိပ္ပာယ်အမျိုးမျိုးပေါ့။ ကျွန်တော်ကတော့ ဒါကို ရေကိုအရသာခံတဲ့အနုပညာဘာသာရပ်တစ်ခုလို ခေါ်ချင်ပါတယ်”လို့ သူကပြောပါတယ်။

“လူတော်တော်များများ မကြာခဏပြောကြတာက “အိုး ဒီအရသာက ငယ်ဘဝလေးကို ပြန်အမှတ်ရစေတယ်”၊ “အားလပ်ရက်တွေကို ပြန်ရောက်သွားသလိုပဲ”၊ “အဖိုးအဖွားတွေအိမ်ကို ပြန်သတိရသွားတယ်” လို့ ပက်တယ်က ဆက်ပြောပါတယ်။

ရေအရသာခံတဲ့ ပြိုင်ပွဲတွေ

The Fine Water Society လို့ခေါ်တဲ့ အဖွဲ့အစည်းက ဘူတန်က စလို့ အီကွေဒေါအထိ ကမ္ဘာတဝန်းက ကောင်းမွန်တဲ့ ရေထုတ်လုပ်သူတွေကို စုစည်းပြီး နိုင်ငံတကာ ရေအရသာခံတဲ့ ပြိုင်ပွဲတွေကို လက်ခံကျင်းပကာ အချက်အလက်တွေကို စုစည်းနေပါတယ်။

နှစ်စဉ် တန်ဖိုးမြင့်ရေဆွေးနွေးပွဲတွေ တက်ရောက်ကြတဲ့သူအများစုကလည်း ဝေးလံခေါင်သီတဲ့ ဒေသတွေမှာနေထိုင်ကြပြီး မိသားစုလုပ်ငန်းဖြစ်တဲ့ ရေထုတ်လုပ်တဲ့ လုပ်ငန်းကိုပဲ လုပ်ကိုင်ကြတာဖြစ်ပါတယ်။

အီကွေဒေါမှာလုပ်တဲ့ နိုင်ငံတကာ ရေအရသာခံတဲ့ ပြိုင်ပွဲ

“အစတုန်းကတော့ ရေကိုအရသာခံစားကြည့်တယ်ဆိုတာ တကယ်ကိုရယ်စရာကောင်တာပဲ”လို့ Fine Water Society နဲ့ Fine Water Academy တို့ကို တွဲဖက်တည်ထောင်သူ ဒေါက်တာမိုက်ကယ်မတ်စ်ချာက ပြောပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းက ကျွန်တော်အရက်ဖြတ်လိုက်တဲ့အချိန်မှာပဲ ဒီလုပ်ငန်းတွေကို စတင်ခဲ့တာ”လို့ သူက ဘီဘီစီကိုပြောပါတယ်။

“ဝိုင်ကို ရုတ်တရက်ဖယ်လိုက်တဲ့အခါမှာ ကျွန်တော် စားပွဲကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့ နောက်ထပ်ပုလင်းတစ်ပုလင်းရှိနေခဲ့တယ်။ အဲဒါကလည်း ရေဖြစ်နေခဲ့တာ။ ကျွန်တော်လည်း စူးစမ်းချင်တဲ့စိတ်တွေကို တစိုက်မတ်မတ်အသုံးချပြီး ဝိုင်နေရာမှာ ရေကိုအစာထိုးနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

တန်ဖိုးမြင့်ရေတစ်မျိုးက ရေဓာတ်ဖြည့်ပေးတာထက် အများကြီးပိုသေးတယ်လို့ သူက ယုံကြည်ထားပါတယ်။ အဲဒီရေရဲ့ ထူးခြားထင်ရှားကွဲပြားတဲ့အပေါ်မှာ လူတွေအတွက် စူးစမ်းဖို့၊ မျှဝေဖို့နဲ့ ပျော်ရွှင်မှုတွေပေးနိုင်ဖို့ အခွင့်အ‌ရေးတစ်ခုလည်းဖြစ်ပါတယ်။ ကလေးတွေနဲ့တောင် ဒီအကြောင်းတွေကို မျှဝေပြောဆိုလို့ရပါတယ်။ ဝိုင်ဆိုရင်တော့ ဒီလိုမဖြည့်ဆည်းပေးနိုင်ဘူးပေါ့။

အခုအချိန်မှာတော့ ဒီကောင်းမွန်တဲ့ရေတွေက ‌ဈေးကွက်မှာ ဝယ်လိုအားတွေ တိုးလာတယ်လို့ ဒေါက်တာမတ်စ်ချာကပြောပါတယ်။ ဒီလိုတိုးလာတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝပုံစံကို ပိုပြီးနှစ်သက်လာကြတဲ့ လူငယ်တွေကြားမှာ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေကို လျှော့သောက်လာကြတဲ့ခေတ်ရေစီးကြောင်းတစ်ခုကြောင့်လို့ သူက ယုံကြည်ထားပါတယ်။

ဒါအပြင် ဒီလိုရှားပါးပြီး မပြုပြင်ထားတဲ့ရေတွေက သက်တမ်းရင့်ဝိုင်တွေ ဈေးကွက်ထဲထိုးဖောက်ရောင်းချနိုင်သလိုမျိုးပဲ ပိုပြီးဆွဲဆောင်နိုင်မယ်လို့ ဆိုပါတယ်။

ဟင်းလျာနဲ့လိုက်ဖက်တဲ့ရေကို တည်ခင်းခြင်း


တန်ဖိုးမြင့်ရေတချို့က ဝိုင်လိုမျိုးပဲ ဟင်းလျာတွေနဲ့အတူ တွဲဖက်သုံးဆောင်နိုင်ပါတယ်
စပိန်နဲ့ အမေရိကန်နိုင်ငံတွေက စားသောက်ဆိုင်တချို့မှာတော့ သူတို့ရဲ့ ဟင်းလျာတွေနဲ့အတူ ကောင်းမွန်တဲ့ ရေကောင်းရေသန့် အမျိုးအစားအလိုက် တွဲဖက်ပေးထားတဲ့ မီနူးတွေကို တည်ခင်းဝန်ဆောင်မှုပေးနေကြပြီဖြစ်ပါတယ်။

“လောလောဆယ် အမေရိကန်က ကြယ်သုံးပွင့်စားသောက်ဆိုင်တစ်ခုအတွက် ရေမီနူးတစ်ခုကို ကျွန်တော်ဖန်တီးနေပါတယ်။ အစားအသောက်နဲ့ ပတ်ဝန်းကျင်အနေအထားကို ထပ်တူကျအောင် ဖြည့်ဆည်းပေးနိုင်မယ့် ရေအမျိုးအစား ၁၂ မျိုးကနေ ၁၅ မျိုးအထိပြသနိုင်ဖို့ စီစဉ်နေတယ်” လို့ ဒေါက်တာ မတ်စ်ချာက ပြောပါတယ်။

“ငါးပါဝင်တဲ့ဟင်းလျာကို စားရင် အမဲသားကင်စားတုန်းက ချပေးတဲ့ရေနဲ့ မတူတဲ့ရေကို ချပေးလိမ့်မယ်။ ငါးရဲ့အရသာကို မပျောက်ပျက်သွားအောင် သတ္တုဓာတ်နည်းပါးတဲ့ရေဖြစ်ဖို့ လိုတယ်။”

ဒေါက်တာမတ်စ်ချာက အဆင့်မြင့်ဇိမ်ခံအိမ်ရာတိုက်တာစီမံကိန်းတွေမှာ ဝိုင်သိုလှောင်တဲ့ မြေအောက်ခန်းတွေနေရာမှာ တန်ဖိုးမြင့်ရေတွေသိုလှောင်ဖို့ လုပ်နေပါတယ်။

အထူးသဖြင့် မင်္ဂလာပွဲတွေမှာ အရက်သောက်တာကို ရှောင်ကြဉ်ကြတဲ့ ယဉ်ကျေးမှုဓလေ့တွေကြားထဲမှာ ကောင်းမွန်တဲ့ရေကောင်းရေသန့်တွေက ရေပန်းစားတယ်လို့ ဒေါက်တာမတ်စ်ချာက မှတ်ချက်ပြုပါတယ်။ ဈေးကြီးတဲ့ ရှန်ပိန်တွေလက်ဆောင်ပေးကြတဲ့ဓလေ့နေရာမှာ အစားထိုးဖို့ လက်ဆောင်ကောင်းတစ်ခုလည်းဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ လမ်းကြောင်းသစ်ဆိုတော့ ဝေဖန်တဲ့သူတွေရှိနေမှာတော့ သေချာပါတယ်။

ကျင့်ဝတ်အရ မှားနေတာတွေ

ရေပုံး ၂ ပုံး ရေတွင်းထဲချနေတဲ့မြင်ကွင်း

,လူပေါင်း ၂.၂ ဘီလီယံဟာ လုံခြုံစိတ်ချရပြီး သန့်ရှင်းစင်ကြယ်ထားတဲ့ ရေသန့်ကို ရဖို့ ခက်ခဲနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်
ကမ္ဘာတဝန်းမှာ ရေကောင်းရေသန့်ရရှိဖို့ ရုန်းကန်နေရတဲ့ လူသန်းပေါင်းများစွာရှိပေမဲ့ အများစုကတော့ အဓိကကျတဲ့အခြေခံလိုအပ်ချက်တွေအတွက်ပဲ ဖြေရှင်းရင်း‌ နေထိုင်နေကြတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ လူပေါင်း ၂. ၂ ဘီလျံက လုံခြုံစိတ်ချရပြီး သန့်ရှင်းစင်ကြယ်ထားတဲ့ ရေသန့်မရပါဘူး။ အဲဒီထဲက လူ ၇၀၃ သန်းကတော့ အခြေခံအကျဆုံး ရိုးရိုးသောက်ရေတောင် ပြတ်လတ်နေပြီလို့ ကုလသမဂ္ဂ ရဲ့စာရင်းတွေအရ သိရပါတယ်။

ဝေဖန်တဲ့သူတွေကတော့ ဒါက ဆွဲဆောင်မှုတစ်ခုပဲလို့ ငြင်းခုံနေကြပါတယ်။

ရေက ရေပဲဖြစ်ပြီး ပိုက်ခေါင်းက ထွက်တဲ့ရေ၊ ရေသန့်ဘူးနဲ့ထည့်ထားတဲ့ရေတွေကလည်း သောက်သုံးလို့ရနေသလို ဈေးနှုန်းပဲအဓိကကွာ သွားတာလို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ အမှိုက်သရိုက်အဖြစ် ပစ်ထုတ်လိုက်တဲ့ ရေသန့်ဘူးတွေက ကမ္ဘာမြေကို ထိခိုက်ပျက်စီးစေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ထောက်ပြထားကြပါတယ်။

လန်ဒန်၊ ဂရက်ရှန်ကောလိပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပါမောက္ခ ကာရိုလင်း ရောဘတ်ကတော့ ရေသန့်တစ်ဘူးအတွက် ဒေါ်လာရာနဲ့ချီသုံးစွဲတာက သိက္ခာမဲ့တယ်လို့ ယုံကြည်နေပြီး သန်းနဲ့ချီတဲ့လူတွေက သန့်ရှင်းတဲ့သောက်ရေသန့်ရရှိဖို့အတွက် ရုန်းကန်နေရတယ်လို့ ဆိုထားပါတယ်။

“လူတွေနဲ့ညစာစားတဲ့အခါ ဒီလိုရေတွေနဲ့အတူသုံးဆောင်ပြတာက ချမ်းသာကြွယ်ဝမှုကိုပြတာနဲ့တူပါတယ်။ ကောင်းပြီ၊ အန္တာတိက ကနေ ဒါမှမဟုတ် ဟာဝိုင်အီမှာရှိတဲ့ တစ်နေရာရာကနေ ပျံသန်းလာတဲ့ ဒီအံ့ဩစရာကောင်းတဲ့ရေတစ်ပုလင်းကို ငါ ငွေချေပြီး ဝယ်မယ်လို့ပြောရင် လူတွေက စိတ်ဝင်စားကြလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ဒါတွေအားလုံးက ပိုက်ဆံပါပဲ” လို့ သူက ဘီဘီစီကိုပြောပါတယ်။

“ပိုပြီးအရေးကြီးတာက သဘာဝပတ်ဝန်းကျင်ကို အရမ်းထိခိုက်စေသလားဆိုတာပါပဲ။ မိုက်ခရိုပလတ်စတစ်ဖြစ်သွားတဲ့ ပလတ်စတစ်တွေပဲဖြစ်ဖြစ်၊ ထုတ်လုပ်တဲ့နေရာမှာ ရုပ်ကြွင်းလောင်စာတွေ လိုအပ်တာပဲဖြစ်ဖြစ်၊ အလွန်ဝေးလံခေါင်သီတဲ့ဒေသတွေက မိုင်ပေါင်းများစွာဖြတ်သန်းပြီး ဖန်ပုလင်းအလေးကြီးတွေနဲ့ တကူးတကသယ်ဆောင်ရတာတွေက ကာဗွန်ထုတ်လွှတ်မှုတွေကိုပိုစေပြီး အကျိုးသက်ရောက်စေတာပါပဲ” လို့သူက ပြောပါတယ်။

“ဒါက ငွေတစ်ကြေးတစ်ခုတည်းတောင်မဟုတ်တော့ဘူး။ ရေကောင်းရေသန့်တွေ လာရာဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးမှုတွေဖြစ်စေတယ်”လို့ သူက ပြောပါတယ်။

မတ် ၁၉ ရက်၊ ၂၀၁၅ ခုနှစ်တုန်းက မနီလာမြို့က အမှိုက်တွေနဲ့ပြည့်နေတဲ့ မြစ်ထဲမှာ ပလတ်စတစ်ပစ္စည်းတွေနဲ့ ဖန်ပုလင်းတွေကို ပြန်ရောင်းချဖို့ ကောက်ယူနေတဲ့ ယာယီလှေပေါ်ကနေ သားအဖ ၂ ဦး


နေ့စဉ်နဲ့အမျှ ပလတ်စတစ်တွေနဲ့ပြည့်နေတဲ့ အမှိုက်ကား အစီးရေ ၂,၀၀၀ နဲ့ ညီမျှတဲ့အမှိုက်တွေကို ကမ္ဘာ့သမုဒ္ဒရာတွေ၊ မြစ်တွေနဲ့ ရေကန်တွေထဲကို စွန့်ပစ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်
ဒါပေမဲ့ ဒီကောင်းမွန်တဲ့ရေတွေက ချမ်းသာကြွယ်ဝတဲ့သူတွေအတွက်ပဲ သီးသန့်ထုတ်ထားတာမဟုတ်ဘဲ အမေရိကန် ၂ ဒေါ်လာလောက်သာ ကျသင့်တဲ့ ရေသန့်တွေလည်းရှိတယ်လို့ ဒေါက်တာမတ်စ်ချာကတော့ စောဒကတက်ပါတယ်။

သဘာဝအတိုင်းထွက်လာတဲ့ ကောင်းမွန်တဲ့ရေသန့်နဲ့ ပြုပြင်သန့်စင်ထားတဲ့‌ ရေသန့်ရဲ့ ခြားနားချက်ကတော့ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေနိုင်တယ်ဆိုတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

“ရေရှည်အကျိုးဖြစ်စေတဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ပြုပြင်သန့်စင်ထားတဲ့ ဘေစင်ပိုက်ခေါင်းထဲကရေတွေကို ပလတ်စတစ်ဘူးထဲမှာ ထည့်သွင်းထားတယ်ဆိုတာက အဓိပ္ပာယ်မရှိဘူးလေ”

“ကိုယ့်အိမ်က ကားနဲ့ စူပါမားကတ်ကိုမောင်းသွားပြီး ပလတ်စတစ်ဘူးတွေကို အိမ်ပြန်သယ်ပြီးသောက်မယ်၊ ပြီးရင် ဘူးခွံတွေကို လွှင့်ပစ်မယ်၊ ဒါကလည်း မယုံနိုင်စရာဖြုန်းတီးမှုတစ်ခုပဲ”

ရေဓာတ်ဖြည့်တင်းဖို့အတွက် ရေသန့်ဘူးတွေဝယ်သောက်နေမယ့်အစား ဘေစင်ရေပိုက်ခေါင်းက ထွက်လာတဲ့ရေကိုပဲ သောက်သုံးဖို့ သူက အကြုံပြုထားပါတယ်။

ဘေစင်ရေပိုက်ခေါင်းကနေ ထွက်လာတဲ့ရေကို အဆင်သင့်သောက်သုံးလို့ရနေတာက ကမ္ဘာတဝန်းက လူတော်တော်များများ မရရှိတဲ့ အခွင့်ထူးခံတစ်ရပ်ဖြစ်တယ်ဆိုတာကို ကျွန်မတို့တွေ ခဏခဏမေ့နေကြတယ်” လို့ သူက ထပ်ပြောလိုက်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။