မန္တလေးမြို့တွင် ကပ်ရောဂါထိန်းချုပ်နိုင်ရေးစည်းကမ်းချက်များတင်းကျပ်

Local News

မန္တလေးတိုင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများလာပြီးနောက် မူလက အိမ်တွင်နေထိုင်ရန်သတ်မှတ်ထားသော (Stay at Home ) သုံးမြို့နယ်၌ လိုက်နာရမည့် စည်းကမ်းချက် များကို မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်စလုံးတွင် လိုက်နာရန် တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၂ ရက်တွင်  ထုတ်ပြန်လိုက်သည်။

အချက် (၁၇) ချက်ပါသော စည်းကမ်းချက်များကို မန္တလေးခရိုင်အတွင်း နေထိုင်သူများအနေဖြင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ နှစ်ပတ်ကြာ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

မန္တလေးခရိုင်ရှိ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်တို့ကို  နေအိမ်တွင် နေထိုင်ရေး (Stay at Home) မြို့နယ်များအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လိုက်နာရမည့် စည်းကမ်းချက် (၁၄)ချက်ကို တိုင်းအစိုးရက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်စလုံးတွင်လိုက်နာရန် ယခုထုတ်ပြန် ချက်မှာလည်း ထို (၁၄) ချက် အပြင် အချက်သုံးချက်ထပ်တိုး၍ ထုတ်ပြန်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်က ထုတ် ပြန်သည့် ပန်ကြားချက်တွင် မန္တ လေးခရိုင်အတွင်းရှိ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း များ၊ စက်သုံးဆီအရောင်းဆိုင် များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါး နှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်၊ သွင်းကုန်သယ် ဆောင်သည့် ကုန်တင်ယာဉ်များ၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများ၊ ကုန်း တွင်းဆိပ်များ၊ စာပို့ဝန်ဆောင်မှု၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းများ၊ အင်တာနက်ဝန်ဆောင် မှုလုပ်ငန်း၊ တာဝါနှင့် ဖိုက်ဘာပြု ပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း များကို လုပ်ကိုင်ခွင့်ပြုပြီး ကျန် လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန် ကြေညာထားသည်။

လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ ဝင်၊ ထွက်ခွင့်ရရှိရန်နှင့် အခြားမြို့နယ် များသို့ သွားရောက်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက် ထားရမည်ဖြစ်သည်။ ခွင့်မပြု ထားသည့် လုပ်ငန်းများတွင်ပါဝင် သော ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် နေအိမ်မှနေ၍ လုပ် ကိုင်ရမည်ဖြစ်သည်။

ဈေးဝယ်ခွင့်နှင့် ဆေးရုံသွား ရန်ကတ်များ ထုတ်ပေးပြီး ဈေးများကို နံနက် ၆ နာရီမှ နေ့လယ်၁၂ နာရီ ထိသာ ဈေးရောင်းချခွင့်သတ် မှတ်ထားကာ ဈေးဝယ်ခွင့်ကတ် သည် တစ်အိမ်လျှင် နှစ်ဦးသာ အပြင်ထွက်ဈေးဝယ်ရန်ဖြစ်ပြီး ဆေးရုံသွားခွင့်ကတ်သည် အရေး ပေါ် ကျန်းမာရေးကိစ္စအတွက် လူသုံးဦး အပြင်ထွက်ခွင့်ရှိမည် ဖြစ်သည်။

Shopping Mall များတွင် မဖြစ်မနေ ဖွင့်လှစ်ရမည့်ဆိုင်များ ကလွဲ၍ အခြားဆိုင်များပိတ်ထား ရန်၊ Delivery စနစ်ဖြင့် စား သောက်ဖွယ်ရာပို့ဆောင်သူများ အနေဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွင် ဝင်၊ ထွက်ခွင့်ကတ်ပြား များ လုပ်ငန်းရှင်က လျှောက် ထားကာ မြို့နယ်အတွင်းတွင် ပို့ဆောင်ရန်၊ ဆိုင်ကယ်ဖြင့် ဟင်း သီးဟင်းရွက်ကုန်စိမ်းများ လိုက် လံရောင်းချသူများအနေဖြင့် နီး စပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ဝင်၊ ထွက်ခွင့်ကတ်ပြားများ လျှောက်ထားရန်၊ လက်လီဈေး ဝယ်သူများအနေဖြင့် မိမိမြို့နယ် အတွင်းရှိဈေးတွင် ဝယ်ရန် ညွှန် ကြားထားသည်။ အထက်ပါအ ချက်များမှာ နေအိမ်တွင်နေထိုင် ရေး သုံးမြို့နယ်တွင် စက်တင် ဘာလကတည်းက ထုတ်ပြန်ချက် များနှင့်အတူတူပင်ဖြစ်သည်။

သို့သော် ကျုံးဘေးတွင် ကျန်းမာရေး ပြုလုပ်ခြင်းများ သတ်မှတ်ကာလအတွင်း လုံးဝ မပြုလုပ်ရန်၊ တာဝန်အရသွား လာရမည့် ဝန်ထမ်းများ ဝန်ထမ်း ကတ်ဖြင့် သွားလာရန်နှင့် မန္တ လေးမြို့သို့ ညအိပ်လာရောက်သူ များအနေဖြင့် ရောဂါကင်းရှင်း ကြောင်း ကျန်းမာရေးဌာန ထောက်ခံချက် ပါရမည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်သော ယာဉ် များမှအပ ကျန်မော်တော်ယာဉ် များ ညအိပ်မရပ်နားရန်တို့မှာ အသစ်ထပ်တိုးလာသော စည်း ကမ်းချက်များဖြစ်သည်။

အစိုးရက လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန် သော်လည်း အရေးယူမှုအားနည်း ခြင်းကြောင့် ပြည်သူများက လိုက် နာမှုအားနည်းသည်ဟု မန္တလေး မြို့ခံအချို့က ပြောသည်။

‘‘ဘာလုပ်လုပ် ပီပီပြင်ပြင် လုပ်ကြပါ။ ဖိဖိစီးစီးနဲ့ လုပ်ကြမှ ကူးစက်မှုနှုန်းကို ထိန်းနိုင်မှာပါ။ အမိန့်တွေသာထုတ်ပြီး အပြင်မှာ လူတွေ ထွက်နေတာကို ခွင့်ပြု ထားတော့ အချိန်အကြာကြီး ပိတ်ထားရတဲ့ စီးပွားရေးလုပ် ငန်းတွေဘက်လည်း တစ်ချက် စောင်းလှည့်ကြည့်သင့်တယ်’’ ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုဝေဖြိုးက ပြောသည်။

မန္တလေးခရိုင်ရှိ လူဦးရေ အချိုးအရ လူတစ်ထောင်လျှင် လေးဦးနှုန်း ပိုးတွေ့ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြား ထားသည်။

‘‘ဒီအရေအတွက်ဟာ များ တယ်လို့တော့ ပြောလို့မရဘူး။ မန္တလေးမြို့လူဦးရေနဲ့၊ ဒါပေမဲ့ နည်းသလား ဆိုတော့လည်း မနည်းပါဘူး။ မန္တလေးခရိုင်မှာ လူဦးရေထူထပ်တဲ့နေရာတွေကျ နည်းနည်းပြဿနာရှိတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ဆို သည်။ဒီဇင်ဘာ ၁ ရက်အထိတိုင်း အစိုးရက ထုတ်ပြန်ထားသည့် စာရင်းများအရ မန္တလေးတိုင်းတွင် ပိုးတွေ့လူနာ ၆,၃၁၆ ဦးရှိပြီး မန္တလေးခရိုင်တွင် ပိုးတွေ့လူနာ ၅,၀၈၆ ဦးထိ ရှိနေသည်။

ထို့အပြင် မန္တလေးတိုင်းဒေ သကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လိုက်နာရန် ထုတ်ပြန်ထားသည့် တားမြစ်ချက်များကို ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ် ကြောင်း တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

နိုဝင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားသည့် တားမြစ် ချက်များကို ဒီဇင်ဘာ ၁၅ ရက် သက်တမ်းတိုးကာ ထုတ်ပြန်ခြင်း ဖြစ်ပြီး လူစုလူဝေးဖြစ်ပေါ်နိုင် သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင် တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ ကိုယ်ကာယကြံ့ခိုင်ရေးလုပ်ငန်း (GYM) SPA အလှပြင်လုပ်ငန်း၊ ဘောလုံးကွင်း၊ စကိတ်ကွင်း၊ ဟို တယ်၊မိုတယ်များနှင့် တည်းခိုခန်း စသည်များ  ယာယီပိတ်သိမ်းထား ရမည်ဟု ကြေညာချက်တွင် ဖော် ပြထားသည်။

ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူ မည်ဟု အသိပေးထားသည်။

တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်စသည့် အစားအသောက် ရောင်းချသည့် ဆိုင်များကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့် အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသည်။

လူစုလူဝေးဖြင့်ကျင်းပသည့် ဘုရားပွဲများ၊ တရားပွဲ/ တရား စခန်းများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲ လမ်းသဘင်များ၊ လူမှုရေးလုပ် ငန်းများ၊ ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးပွဲများ ခေတ္တ ယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲ ဥပဒေအရ  အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။

Leave a Reply