ကက်စပီယံပင်လယ်ဖျံ အကောင် ၃၀၀ နီးပါး ပဟေဠိဆန်စွာ သေဆုံးမှုအပေါ် ရုရှားစုံစမ်းစစ်ဆေးလျက်ရှိ 

International News

ကက်စပီယံပင်လယ်ကမ်းခြေမှာ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရှိနေတဲ့ ပင်လယ်ဖျံ အကောင် ၃၀၀ နီးပါး ပဟေဠိဆန်စွာသေဆုံးပြီးသောင်တင်နေမှုကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ရုရှားအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။

တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ပင်လယ်ဖျံအကောင်ရေပေါင်း ၂၇၂ ကောင်ဟာ မြို့တော်မာခက်ချ်ကာလာနဲ့ ဒါဘန်မြို့တွေ အပါအဝင် တောင်ပိုင်း ဒါဂက်စတန်ဒေသရဲ့ နေရာအတော်များများမှာ သေဆုံးပြီး ကမ်းခြေတွေမှာသောင်တင်နေတာဖြစ်တယ်လို့ ပြည်နယ်ငါးလုပ်ငန်းအေဂျင်စီက ပြောပါတယ်။ သေဆုံးသွားတဲ့ပင်လယ်ဖျံတွေထဲမှာ ကိုယ်ဝန်ဆောင်ဖျံတွေလည်းပါတယ်လို့ ဆိုပါတယ်။

ပင်လယ်ဖျံတွေ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့အတွက် မော်စကိုက ပညာရှင်အဖွဲ့လည်း ရောက်ရှိနေပြီဖြစ်ပါတယ်။

ပင်လယ်ဖျံတွေ အခုလို အစုလိုက်အပြုံလိုက်သေဆုံးခြင်းရဲ့နောက်ကွယ်မှာ ကူးစက်ရောဂါနဲ့ ပြင်ပအကြောင်းအရာတွေ ရှိနိုင်ပြီး တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီးလည်း စတင်စုံစမ်းစစ်ဆေးသွားမယ်လို့ ငါးလုပ်ငန်းအေဂျင်စီက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံးကုန်းတွင်းပိုင်းရေအိုင်ကြီးဖြစ်တဲ့ ကက်စပီယံပင်လယ်ဟာ ရုရှား၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ အီရန်နဲ့ တာ့ခ်မင်နင်စတန် နိုင်ငံတွေက ဝန်းရံထားပါတယ်။

ပင်လယ်ဖျံတွေဟာ ကက်စပီယံပင်လယ်အတွင်း စက်မှုလုပ်ငန်းဆိုင်ရာရေထုညစ်ညမ်းမှုနဲ့ အလွန်အကျွံအမဲလိုက်ခြင်းကို ဆယ်စုနှစ်ပေါင်းများစွာ ခံနေရတာဖြစ်ပါတယ်။

၂၀ ရာစုအစောပိုင်းက အကောင်ရေ တစ်သန်းကျော်ရှိခဲ့ရာကနေ အခုအခါ ကက်စပီယံပင်လယ်ဖျံပေါင်း ၇၀ ၀၀၀ ခန့်သာ ရှိတော့တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရေပမာဏကျဆင်းလာခြင်းနဲ့အတူ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်ယူမှုတွေကနေ  ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေညစ်ညမ်းမှုဟာ မျိုးစိတ်များစွာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီး ပင်လယ်ရဲ့အနာဂတ်အတွက် စိုးရိမ်ဖွယ် အန္တရာယ်အခြေအနေ ဖြစ်ပါတယ်။

ကက်စပီယံပင်လယ်ဟာ အင်မတန်ညစ်ညမ်းတဲ့ ရေထုကို ကြုံတွေ့ခံစားနေရတယ်လို့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က သတိပေးခဲ့ပါတယ်။

Leave a Reply