နာမည်ကြီး Twitter Killer ကွင်းဆက် လူသတ်သမားကို ဂျပန် တရားရုံး သေဒဏ်ချမှတ်

Local News

လူကိုးဦးကိုသတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်အစဖျောက်ခဲ့တဲ့ လူသတ်သမားကို ဂျပန်တရားရုံး သေဒဏ်ချမှတ်လိုက်

မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း

ဒီဇင်ဘာ – ၁၆ ၊၂၀၂၀

နာမည်ကြီး Twitter Killer ကွင်းဆက် လူသတ်သမားကို ဂျပန် တရားရုံး သေဒဏ်ချမှတ်

Twitter Killerလို့ လူသိများခဲ့တဲ့ ကွင်းဆက် လူသတ်သမားကို ဂျပန် တရားရုံး တစ်ခုက သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တာကာဟီရို ရှီရိုင်ရှီဟာ

လူ ၉ ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက် အစဖျောက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ကြောင်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ

ပို့စ်တင်တဲ့ သူတွေကို ပစ်မှတ်ထား ချဉ်းကပ်ပြီး လူသတ်မှုတွေ

ကျူးလွန်ခဲ့တာကြောင့် Twitter Killerလို့ ခေါ်ဝေါ် ခံရတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက တိုကျိုမြို့တော်နဲ့ မလှမ်းမကမ်း၊

ဇာမားမြို့မှာရှိတဲ့ သူ့ကိုယ်ပိုင် တိုက်ခန်းထဲမှာ သတ်ဖြတ်ခံထားရသူတွေရဲ့

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့တဲ့နောက်

ဒီသတင်းဟာ ဂျပန် တစ်နိုင်ငံလုံးကို တုန်လှုပ် ချောက်ချားသွားစေခဲ့ပါတယ်။

ရေခဲသေတ္တာနဲ့ ရေခဲဘူးတွေထဲမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၈ ဦးရဲ့ ရုပ်အလောင်းတွေကို

ဖျောက်ဖျက် သိုမှီးထားကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

လူ ၉ ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို ဖျက်ဆီးခဲ့တဲ့ စွဲချက်နဲ့ ပတ်သက်လို့

ရှီရိုင်ရှီက အပြစ်ရှိကြောင်း ဝန်ခံပြီး သေဒဏ် စီရင်ချက်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရှီရိုင်ရှီဟာ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့အကြောင်း

Twitterပေါ်မှာ ဖွင့်ဟ ရေးသားသူတွေကို လက်တွေ့ ကူညီလိုကြောင်း ချဉ်းကပ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ရှီရိုင်ရှီဟာ ဆယ်ကျော်သက် အရွယ်တွေ အပါအဝင်

သူ့ကို ဆက်သွယ်လာတဲ့ အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။

ပြီးတော့ အမျိုးသမီး တစ်ဦးရဲ့ ချစ်သူ ရည်းစားကိုလည်း နှုတ်ပိတ်တဲ့ အနေနဲ့

သတ်ခဲ့သေးကြောင်း အစိုးရ စုံထောက်တွေက ပြောပါတယ်။

Twitterပေါ်မှာတော့ ရှီရိုင်ရှီဟာ ကြိုးစင်က ပါးကွက်သားဆိုတဲ့ နာမည်ကို

အသုံးပြုပြီး အဆုံးစီရင်ချင်နေသူတွေကို အကူအညီ ပေးနိုင်ကြောင်း၊

သူ့တိုက်ခန်းကို လာရောက် လည်ပတ်စေချင်ကြောင်း ဆွဲဆောင် ကမ်းလှမ်းလေ့ ရှိပါတယ်။

အစောပိုင်းမှာ သူ့ရဲ့ ရှေ့နေတွေက ရှီရိုင်ရှီဟာ သေဆုံးသူတွေရဲ့ ဆန္ဒကို

ကူညီ ဖြည့်ဆည်းပေးတာသာ ဖြစ်တယ်လို့ ခုခံ လျှောက်လဲခဲ့ပေမယ့် နောက်ဆုံးတော့

ရှီရိုင်ရှီက သေဆုံးသူတွေရဲ့ ဆန္ဒ မပါဘဲ အတင်းအဓမ္မ လူသတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။

အမှုကို ကြားနာတဲ့ တရားသူကြီး နော်ကူနီ ယာနိုက လူသတ်မှုတွေအတွက်

ရှီရိုင်ရှီမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပြီး

သေဒဏ်ကလွဲလို့ တခြားထိုက်တန်တဲ့ ပြစ်ဒဏ် မရှိနိုင်ကြောင်း ပြောပါတယ်။

ပြီးတော့ ရှီရိုင်ရှီ ကျူးလွန်တဲ့ မှုခင်းဟာ ဂျပန် လူ့အဖွဲ့အစည်း တစ်ခုကို တုန်လှုပ်သွားစေပြီး

မလုံခြုံမှုတွေပါ ခံစားရစေခဲ့တယ်လို့ တရားသူကြီးက ပြစ်တင် ဝေဖန်သွားပါတယ်။

ဂျပန်ဟာ ကမ္ဘာပေါ်မှာ သေကြောင်းကြံစည်မှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး

မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ တဖြည်းဖြည်း ကျဆင်းလာပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ ကပ်ရောဂါ ဂယက်ကြောင့် စိတ်ဖိစီးမှုနဲ့ စီးပွားရေး ထိခိုက်မှုတွေ

ဆိုးရွားလာပြီး သေကြောင်းကြံစည်သူ အရေအတွက်လည်း ပြန်လည် များပြားလာကြောင်း သိရပါတယ်။

Source : 7 Days

Photo : Google

Leave a Reply