ရန်ကုန်တိုင်းအတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးသဖြင့် ဖွင့်နေသည့် ဆိုင်များကို စစ်ဆေးအရေးယူမည်

Local News

ရန်ကုန်တိုင်းအတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးသဖြင့် ဖွင့်နေသည့် ဆိုင်များကို စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

ပြန်လည်ခွင့် မပြုသေးဘူး။ မြို့နယ် ကိုဗစ်ကော်မတီတွေက အရေးယူပါလိမ့်မယ်။ လိုင်စင်ပေးထားတာတွေ ပြန်ရုတ်သိမ်းရပါမယ်။ အရေးယူလို့ရတယ်။ အပြီးပိတ်သိမ်းတာ မဟုတ်ဘူး။ အတိုင်းအတာ တစ်ခုထိကို အရေးယူလို့ရတယ်။ အမြဲစစ်ဆေးခိုင်းနေတာ ပေါ့လျော့မှုကို ကိုဗစ်ကော်မတီနဲ့ စည်ပင်က တာဝန်ရှိသူတွေက ခွင့်ပေးလို့ မရသေးဘူး။ အပေါ်က သိရင်လည်း အပြောခံရမှာ၊ တိတိကျကျလေးသာပြော။ ကျွန်တော် ညွှန်ကြားမှာပါ။ ဒါတွေကို ခွင့်မပြုသေးဘူးဟု ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း အချို့လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များသည် စားသောက်နိုင်ရန်အတွက် အနည်းအကျဉ်း လည်ပတ်နိုင်ရန် ဖွင့်လှစ်မှုများ ရှိနေကြောင်း၊ ဆိုင်လခ၊ ဝန်ထမ်းခ၊ လိုင်စင်ခ၊ ကြာရှည် လာသည်နှင့်အမျှ အချို့ဆိုင်များသည် အရင်းပြုတ်ကာ ဆိုင်ပိတ်ရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

ရန်ကုန်က စားသောက်ဆိုင်၊ လက်ဖက်ဆိုင်များ ပုန်းလျိုးကွယ်လျှိုးဖြင့် အကာအရံများ နောက်ကွယ်မှာ ခိုးဖွင့်နေတာ ကြာပါပြီ။ အာဏာပိုင်များကလည်း မသိချင်ယောင် ဆောင်နေကြပါတယ်။ စားဖို့သောက်ဖို့နဲ့ အနည်းအကျဉ်း လည်ပတ်နိုင်ဖို့ ခိုးဖွင့်ကြတာပါ။ ဆိုင်လခ၊ ဝန်ထမ်းစရိတ်၊ လိုင်စင်၊ အခွန်များနှင့် COVID ကာလ ကြာရှည်လာတာနဲ့အမျှ ခံနိုင်ရည် နည်းပါးလာကြပါပြီ။ တချို့ဆိုင်တွေလည်း ပြုတ်ကုန်ကြပြီဟု ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

COVID-19 ပထမလှိုင်းတွင် နှစ်လ၊ ဒုတိယလှိုင်းတွင် ငါးလ ဆိုင်များပိတ်ထားရကာ လမ်းဘေးဆိုင်များ ဖွင့်လှစ်နေသော်လည်း တရားဝင် အခွန်ဆောင်ထားသည့်ဆိုင်များ ဖွင့်ခွင့်မရကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

ထိုနည်းတူ ယုဇနပလာဇာ၊ စိန်ဂေဟာ၊ ဂမုန့်ပွင့်တို့လို ရှော့ပင်းမောတွေ g & g, abc တို့လို့ Store ဆိုင်တွေက ဖွင့်ခွင့်ရပြီး စျေးထဲက အထည်ဆိုင်နှင့် အခြားဆိုင်များက ဖွင့်ခွင့်မရပါ။ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေလို လူချင်းထိတွေ့ လုပ်ရတဲ့ ဆိုင်တွေလည်း ဖွင့်လှစ်နေပါတယ်။ တခြားမြို့နယ်တွေကဖွင့်ပြီး ကိုယ့်မြို့နယ်က ပိတ်ထားရင်လည်း ကိုယ့်မြို့နယ် ပြည်သူပဲ နစ်နာပါတယ်။ COVID နှင့်အတူ ယှဉ်တွဲနေထိုင်၍ တစ်ဦးချင်း တစ်ယောက်ချင်း စည်းကမ်းလိုက်နာပြီး အလုပ်အကိုင်မပျက် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ယခုလို ပုန်းလျှိုးကွယ်လျှိုး ဖွင့်လှစ်နေမည့်အစား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင် ဖွင့်လှစ်ခွင့် ပြုသင့်ပါတယ်။ ဖွင့်မယ်ဆိုလည်း အားလုံးမျှတအောင် ဖွင့်ပေး၊ ပိတ်မယ်ဆိုလည်း ရောဂါတားဆီး နိုင်အောင် ထိထိရောက်ရောက် ပိတ်သင့်ပါတယ်ဟု ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ညွှန်ကြားချက်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီဇင်ဘာ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ဇန်နဝါရီ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားသည်ကို အသိပေးကြောင်း ဖော်ပြထားသည်။

Leave a Reply