မြန်မာမပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဒီနေ့စတင်

International News Local News

မြန်မာမပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဒီနေ့စတင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာမပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဒီနေ့စတင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

-မြန်မာ့အရေး အဓိကဆွေးနွေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော

-အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း အစည်းအဝေးတက်ရောက်ဖို့ ရှိတယ်လို့ ဆို
-တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျခေါင်းဆောင်တွေနဲ့ အာဆီယံတို့ ထိပ်သီးအစည်းအဝေးတွေ လည်း ကျင်းပဖို့ရှိနေ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မ္ဘောဒီးယားရဲ့ ဥက္ကဋ္ဌ သက်တမ်းအတွင်း နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်မြို့မှာ စတင်ကျင်းပနေပါပြီ။
အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ကပြောကြားထားပါတယ်။
ဒီအစည်းအဝေးကိုတက်ရောက်ဖို့ ဖနွမ်းပင်ကို တရုတ်ဝန်ကြီးချုပ် လီခကျန်းလည်း ရောက်ရှိနေတာကိုတွေ့ရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ ကပ်ရောဂါနဲ့ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး စတဲ့ ဒေသတွင်းအရေးကိစ္စတွေနဲ့ ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ စတဲ့အရေးကြီးအကြောင်းအရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့ သူက ဖနွမ်းပင်ကို ထွက်ခွာမလာခင် ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း ရိုက်တာသတင်းက ရေးပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မြန်မာ့အရေး ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေကို စားပွဲဝိုင်းကိုဖိတ်ခေါ်သင့်တယ်လို့ ပြောကြားထားဖူးပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံက အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအရေးပေါ်အစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောထားငါးရပ်ကို ဆက်လက် ကိုင်စွဲထားပြီး ဒီငါးရပ်ကို စစ်ခေါင်းဆောင် ဘက်က အကောင်အထည်ဖော်ရေး တိကျတဲ့အချိန်ကာလတွေ သတ်မှတ်ပြီးတိုက်တွန်းသွားဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာမပါတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ကိုအာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာမဖိတ်ကြားရေးနဲ့ အဲဒီအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပြီး စစ်ကောင်စီကလည်း အဲဒီကိုယ်စားလှယ်ကို စေလွှတ်ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
ဒီတစ်ခေါက်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်းမှာ အာဆီယံ ၉ နိုင်ငံခေါင်းဆောင်တွေကြားထိပ်သီးအစည်းအဝေးအပြင် အာဆီယံတရုတ်၊ အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ အပေါင်း သုံးနိုင်ငံ၊ အာဆီယံ အိန္ဒိယ၊ အာဆီယံ အမေရိကန်၊ အာဆီယံ သြစတြေးလျနဲ့ အာဆီယံကနေဒါ၊ အာဆီယံ ကုလသမဂ္ဂနဲ့ ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို ကျင်းပသွားဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အစည်းအဝေးကာလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တခြားအာဆီယံခေါင်းဆောင်တွေဟာ အာဆီယံလွှတ်တော်များဆိုင်ရာ အဖွဲ့က ကိုယ်စားလှယ်တွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံက လူငယ်တွေနဲ့ အာဆီယံဆိုင်ရာစီးပွားရေးအကြံပေးကောင်စီ စတာတို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဖနွမ်းပင်က အာဆီယံအစည်းအဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့ တက်ရောက်ဖို့ ရှိနေတယ်လို့ဖနွမ်ပင်ပို့စ်က ရေးပါတယ်။


ထိပ်သီးအစည်းအဝေးကာလက နိုဝင်ဘာ ၁၀ ကနေ ၁၃ ရက်အထိဖြစ်ပြီး ဒီအစည်းအဝေးနောက်ဆုံးရက်မှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ဆက်ယူရမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။