လောကနတ်နှင့်ပတ်သက်ပြီးတစ်စေ့တစ်စောင်း

Astrology Religion
လောကနတ်နှင့်ပတ်သက်ပြီးတစ်စေ့တစ်စောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လောကနတ်နှင့်ပတ်သက်ပြီးတစ်စေ့တစ်စောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လောကနတ်နှင့်ပတ်သက်ပြီးတစ်စေ့တစ်စောင်း

တစ်ခါတုန်းကတော့ ဆင်ပျံနဲ့ ခြင်္သေ့ပျံတို့ နှစ်ကောင်ဟာ သူတို့ရဲ့အစာဖြစ်တဲ့ တိမ်ညွန့်တိမ်သားကို လုယက် စားသောက်ကြရာကစလို့ အမျက်တွေထွက်ပြီး တစ်ကောင်နဲ့ တစ်ကောင် ရန်thetကြတော့သတဲ့။ အဲဒီ အချိန်မှာ လောကကို စောင့်ရှောက်ဖို့ရာလို့ငှာ လှည့်လည်နေတဲ့ လောကနတ်သားနဲ့ တွေ့လိုက်ပါတယ် ။ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ သတ်ပုတ်နေကြတာကိုတွေ့လိုက်တဲ့ လောကနတ်သားဟာ ဆောင်ထားမြဲဖြစ်တဲ့ စည်းစုပ်ကို ခြေဖဝါးနှစ်ခုအကြားညှပ်ကာတီးလို့ သာယာညိမ့်ညောင်းတဲ့ တေးသီချင်းကိုသီကြူးပြီး က ပြလိုက်ပါသတဲ့။

လောကနတ်ရဲ့ စည်းခတ်သံ ၊ သီကြူးလိုက်တဲ့ သီချင်းအသံ နဲ့ ကကြိုး ကကွက်တို့ကို မြင်ရ ကြားရတဲ့ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ဟာ စိတ်နှလုံး နူးညံ့ပျော့ပျောင်းလာကြပြီး ရန်သတ်နေရာကနေ မေတ္တာတွေပွားလို့ အချင်းချင်း မိတ်ဆွေတွေ ဖြစ်သွားကြပါရောတဲ့။ ဤပမာကို နိမိတ်ထောက်၍ လောကနတ်၏ ခြေတွင် စည်းစုပ် နှင့် ကဟန် ၊ ဆင်ပျံဦးခေါင်းကို ခြင်္သေ့နင်းလျက် ဆင်ပျံက ခြင်္သေ့ကို အစွယ်ထိုးဟန် ထုလုပ်ကြလေသည်။ လောကနတ်သည် ရန်အပေါင်းကို ငြိမ်းအေးစေသည် ။ လောဘ ဒေါသ မောဟ နှင့် အဂတိတရားများကို ဖယ်ရှားပစ်သည်ဟု နိမိတ်ယူသည် ။

ဂီတအနုပညာ စွမ်းပကား ကောင်းမှုကြောင့် ရန်သူနှစ်ဦး ရန်ငြိမ်းမှုရသည်။ ဤသရုပ်ကို ထောက်ဆကာ အထမ်းအမှတ်ပြုပြီး မြန်မာ့ယဉ်ကျေးမှုနှင့် အဆောက်အဦးတို့တွင်ထုလုပ်ထားရှိကြပါသည်။ ဒီလောကနတ်က ကဗျာဆရာတွေ အနုပညာရှင်တွေ သိရှိထားကြတဲ့ လောကနတ်အကြောင်းပါ။ နောက်တစ်မျိုး ရှိပါသေးသည်။

လောကနတ် ဆိုတာ “လောကနာထ” ဆိုတဲ့ ပါဠိနဲ့ သက္ကတ ဘာသာတို့က ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး “လောကကို အစိုးရတဲ့ ဘုရားလောင်းနတ်သား” လို့ အဓိပ္ပါယ်ရပါသည်။ ဘဒ္ဒကမ္ဘာမှာ ဂေါတမမြတ်စွားဘုရား ပရိနိဗ္ဗာန်စံယူပြီးနောက်ပိုင်းနဲ့ နောင်ပွင့်လာမယ့် အရိမေတ္တယျ မြတ်စွားဘုရားမပွင့်တော်မမူမီ စပ်ကြားကာလတွေမှာ လောကကို စောင့်ရှောက်ရတဲ့ ဘုရားလောင်း တစ်ဆူလည်း ဖြစ်ပါသည်။

Tibetan buddhist divinity hi-res stock photography and images - Alamy

မဟာယန ဂိုဏ်းတို့ ပူစော်သက္ကာရပြုကြတဲ့ ဗောဓိသတ္တဘုရားလောင်းတွေ အများကြီးရှိတဲ့ အထဲက လောကနတ် ( လောကနာထ ) ဘုရားလောင်းဟာ အထင်ရှားဆုံးဖြစ်တယ်လို့လည်း မှတ်သားရဖူးပါသည်။ လောကနတ်ဟာ လောကမှာ ရှိရှိသမျှ သတ္တဝါအပေါင်းတို့ကို ဗောဓိဉာဏ်ရစေလို့ နိဗ္မာန်ကို အရင်ဝင်စေပြီး နောက်ဆုံးကျမှ သူကလိုက်ဝင်တယ်လို့ မဟာယနကျမ်းများမှာ ဖော်ပြထားတယ်လို့ ဆိုပါသည်။

မြန်မာနိုင်ငံမှာ အစောဆုံးဖြစ်တဲ့ပျူခေတ်လက်ရာ လောကနတ်ရုပ်ကိုထုကို သရေခေတ္တရာမြို့ဟောင်းမှာ ပထမဦးဆုံး တူးဖော်တွေ့ရှိခဲ့ပါသည်။ ဆယ့်တစ်ရာစု ပုဂံခေတ်လက်ရာ လောကနတ်ရုပ်ပါ အုပ်ခွက်များနဲ့ ကြေးရုပ်များကိုတော့ ပုဂံ ၊ ပခုက္ကူ ၊ မင်းဘူး ၊ ပဲခူးနဲ့ တွံတေးတို့ ဘက်မှာ တွေ့ခဲ့ရတယ်လို့ သိရပါသည်။

အနော်ရထာမင်းကြီးရဲ့ကောင်းမှုတော် လောကနတ်ရုပ်ပါ အုပ်ခွက်များမှာ “ဧသော လောကနာထော” ၊ “ဧသော ဘဂဝါ” စသဖြင့် ရေးထိုးပါရှိတယ်လို့ ဆိုပါသည်။ တွေ့ရှိရတဲ့ လောကနတ်ရုပ်များဟာ မင်းထိုင် တိုင်နေပြီး ခြေထောက်တစ်ဖက်ကို တွဲလောင်းချထားပါသည်။ ခေါင်းဆောင်းပေါ်မှာတွေ့ရတဲ့ ဈာနိဗုဒ္ဓပုံတော်ကိုတော့ လောကနတ်ကို ဖန်ဆင်းတဲ့ တန်ခိုးရှင်အဖြစ် ယုံကြည်ကြပါသည်။

တကယ်တော့ လောကနတ်ဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ဟိန္ဒူဘာသာဝင် သီဝမဟေသရ ဂိုဏ်းသားတို့အတွက် လောကနတ်ဟာ မဟေသရနတ်ဖြစ်သလို ဗိဿနိုးနတ်လည်း ဖြစ်ပါသေးသည်။ အရှေ့တိုင်းရှိ တရုတ် – ဂျပန် မဟာယန ဂိုဏ်ဝင်းများက လောကနတ်ဟာ သူတို့ရဲ့ ကရုဏာရှင်အဖြစ် သတ်မှတ်ကြတာအပြင် အနောက်တိုင်းသားတို့ကလည်း ခရစ်တော်နဲ့ တူတယ်ဆိုပြီး အမျိုးမျိုးအဖုံဖုံ ယုံကြည်နေကြသေးတာပါ။

မြန်မာနိုင်ငံအတွင်းမှာတော့ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှစလို့ စေတီပုထိုးများမှာ လောကနတ်ရုပ်များကို ဂေါတမ ဘုရားရှင်နဲ့ရော အရိမေတ္တယျ ဘုရားလောင်းတို့နဲ့ပါ အတူယှဉ်တွဲပြီး ပူဇော်မှုများ ပြုလုပ်ခဲ့တဲ့ သာဓကများကို အထင်အရှား တွေ့ခဲ့တယ်လို့ ဆိုပါသည်။ ဒါတွေဟာ ပုဂံခေတ် ဗုဒ္ဓသာသနာအပေါ် မဟာယာန အယူဆတွေ လွှမ်းမိုးမှုများ ရှိနေတာကို ဖော်ပြနေတာဖြစ်ပါသည်။ ဒါအပြင်ဘုရားရှင်နဲ့ တစ်တန်းတည်းထားပြီး ပူစော်ပသမှုတွေ ရှိနေတာဟာလည်း လောကနတ်ကို အဲဒီခေတ်က ဘယ်လောက်ထိ အလေးထားတယ် ဆိုတာကို မှန်းကြည့်လို့ ရနိုင်ပါသည်။

အနောက်ပိုင်းခေတ်တွေမှာတော့ လောကနတ်ကို အဆင့်နှိပ်ချလို့ ရန်ငြိမ်းစေတတ်တဲ့ အတိတ်နိမိတ်ကိုဆောင်ယူပြီး အရှင်ဘုရင်ထိုင်တဲ့ ပုလ္လင်ရဲ့ လက်ဝဲ လာက်ယာမှာသာ ထားရှိတော့တာပါ။ အခုချိန်များမှတော့ လောကနတ်ကို ငြိမ်းချမ်းရေးအတိတ်နိမိတ်ဆောင်ဖို့ ၊ ကြီးပွားတိုးတက်စေဖို့ နဲ့ ဘေးရန်အပေါင်း ရှောင်ကွင်းနိုင်စေဖို့ စတဲ့အတိတ်နိမိတ်တွေကို ဆောင်စေတဲ့ နတ်သားအဖြစ် လူတွေက ချစ်ခင်တန်ဖိုးထားလျက်ရှိကြပါသည်။

တိဘက်ဘုရား ကျောင်းဆောင်တွေအတွင်း၌ တည်ထားကိုးကွယ်တဲ့ ပုံတော်တွေမှန်သမျှ အဲဒီ လောကနထ ခေါ်တဲ့ (အဝလောကိ ကေသာရ ဗောဓိသတ္တ) ပုံတွေချည်းပဲ များပါသည်။ ဣန္ဒိယနိုင်ငံ ဥရုဝေလတောင် စသည်တို့မှာလည်း တိဘက်ရဟန်းတွေနေတာရှိသည်။ သူတို့ ဘုရားကျောင်းဆောင်တွေထဲမှာ (လောကနာထ ဗောဓိသတ္တ) လောကနတ်ပုံတွေကို လွယ်လွယ်နဲ့တွေ့နိုင်ပါသည်။

မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာနှင့် အဆောက်အဦးများတွင် လောကနတ်ရုပ်တုပါသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် ရာဇပလ္လင်၌ လောကနတ်ရုပ်တုကို မင်္ဂလာယူ၍ ထုလုပ်အသုံးပြုခဲ့ပါသည်။ လောကနတ်ကို ပါဠိစာပေ၌ လောကဗျူဟာနတ် ဟုခေါ်ပါသည်။

ထိုနတ်များသည် လောကလူသားတို့ ကောင်းကျိုးအတွက် အမြဲနှိုးဆော်ပေးနေသည်။ လမ်းညွှန်နေသော လောကဗျူဟာနတ်လောကကို ကြွေးကြော်ပေးနေသော နတ်ဟုခေါ်ပါသည်။ ရူပါဝစရဈာန်ကို ကျင့်၍ ရူပဗြဟ္မာပြည် သို့ ရောက်သောသူများကို ရူပဗြဟ္မာ ဟု ခေါ်ဆိုသကဲ့သို့ ကာမဝစရ ကုသိုလ်ကံကို ပြုလုပ်၍ စတုမဟာရာဇ် စသော နတ်ပြည်ခြောက်ထပ်သို့ ရောက်ကြသောနတ်များကို ကာမာဝစရနတ်များ ဟုခေါ်ပါသည်။ ထိုကာမာဝစရနတ်များတွင် အပါအဝင် ဖြစ်သောလောကဗျူဟာနတ် ဟုခေါ်သော နတ်သည်လောကကို စောင့်ရှောက်ရသည်။

လူသားတို့အား မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရားများ ထာဝရပွားရန် မိဘဆရာသမားများ သက်ကြီးဝါကြီးများ သူတော်ကောင်းများ ရသေ့ရဟန်းသူတော်စင်များအား ရိုသေရန် အစဉ်မပြတ် လုပ်ကျွေးရန် အမြဲသတိပေးလေ့ရှိပါသည်။ ဤကမ္ဘာကြီး ပျက်ခါနီး အနှစ် ၁၀၀ အလိုတွင် ကမ္ဘာပျက်တော့မည် အကြောင်းကိုလည်း ဤနတ်များကပင်ကြွေးကြော်သတိပေးလေ့ရှိသည်။

ထို့ကြောင့် ထိုနတ်များကို လောကဗျူဟာနတ် လောကကိုကြွေးကြော်ပေးသောနတ် လောကကိုစောင့်ရှောက်သော လောကနတ်ဟူ၍ ခေါ်ဆိုပါသည်။ ထိုလောကနတ်သည် လူ့လောကပျက်စီးမှုကို မလိုလား။ လူ့လောကကို ငြိမ်းချမ်းစေလိုသော စိတ်ဆန္ဒအမြဲရှိသော ငြိမ်းချမ်းရေးကို မြတ်နိုးသောနတ်ဖြစ်သည်။ စစ်မက်အန္တရာယ်ထူပြောမှု လူသားနှင့် သတ္တဝါတို့ ပျက်စီးဆုံးရှုံးမှုကို ကင်းဝေးသေလိုသော ဆန္ဒရှိသည်။ လောကကို ထာဝရအလှတရား ငြိမ်းချမ်းမှုဖြင့် ထူထောင်လိုသည်။ အနိဋ္ဌာရုံများ ကင်းပစေလို ကွယ်ပစေလိုသော ဆန္ဒဖြင့် စည်းကို ကိုင်ကာ လောကကို လှည့်လည်ကြည့်ရှုသည်။

ရေးသားသူ – လင်းညို့တာရာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။