“မြန်မာ့ ရိုးရာ ကိန္နရီကိန္နရာ”

Astrology Knowledge
“မြန်မာ့ ရိုးရာ ကိန္နရီကိန္နရာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “မြန်မာ့ ရိုးရာ ကိန္နရီကိန္နရာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“မြန်မာ့ ရိုးရာ ကိန္နရီကိန္နရာ”

ကိန္နရီကိန္နရာဟူသော ဒဏ္ဍာရီလာသတ္တဝါအရုပ်များကို မြန်မာနိုင်ငံ၌ ပျူခေတ်ကတည်းကပင် အသုံးပြုခဲ့ကြောင်း အထောက်အထားများအရသိရသည်။ ကိန္နရီကိန္နရာများသည်လည်း ယခုခေတ်အထိ မြန်မာလူမျိုးတို့၏ အသဲစွဲဖြစ်ကြသည်။ ချစ်ခြင်းမေတ္တာနှင့် သစ္စာတည်မြဲခြင်းကို သက်သေထူလိုလျှင် ကိန္နရာမောင်နှံတို့ကို ခိုင်းနှိုင်းကာပြောလေ့ရှိကြသည်။

ဘုရားကျောင်းဆောင်၊ တန်ဆောင်းဇရပ်နှင့် အဆန်းတကြယ်စွာသော အဆောက်အအုံတို့တွင် ကိန္နရာမောင်နှံအရုပ်များ ထွင်းထုတတ်ကြသည်ကို တွေ့မြင်နိုင်သည်။ စာပေ၊ကဗျာ၊ပြဇာတ်၊ပန်းချီများတွင်လည်း ကိန္နရာဇာတ်များကို ထည့်သွင်းရေးတတ်ကြပေသည်။ ကိန္နရာသည်အမဖြစ်၍ ကိန္နရီမှာအထီးဖြစ်သည်။

‘ဖြစ်ပေါ်ပုံ’

ကိန္နရာ၏မူလဖွားရာမြေမှာ အိန္ဒိယဖြစ်သည်။ ဂေါတမမြတ်စွာဘုရားပွင့်သောခေတ်တွင်မှ ကိန္နရာဟူသော ဝေါဟာရပေါ်လာသည်။မြတ်စွာဘုရားနှင့်ခေတ်ပြိုင် ဂျိမ်းဘာသာတွင်လည်း ကိန္နရာဝေါဟာရကို သုံးစွဲမှုများရှိခဲ့သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူသော ခေတ်မှ ပေါ်လာခဲ့သော ကိန္နရာသည် နောင်ခေတ်များတွင် သာသနာတော်နှင့်အတူ နိုင်ငံအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။ ထိုနိုင်ငံများကလည်း မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့် လိုက်ဖက်သော ကိန္နရာများကိုဖန်တီးကြသည်။

ကိန္နရာဆိုသည်မှာ အဘိဓာန် ဋီကာတွင် “အဿမုခ, နယသဒိသတ္တာ၊ ဣစ္ဆိတော နရော၊ နယသဒိသ သရီရတာဝါ ကိန္နရော၊ ဧတာဒေဝ ယောယောနိယော”ဟု ဖွင့်သည်။အဓိပ္ပာယ်မှာ မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော သတ္တဝါဟူ၍ဖြစ်သည်။ မြင်း၏မျက်နှာ၊ လူ၏ကိုယ်ရှိသကဲ့သို့ လူမျက်နှာ မြင်း၏ကိုယ်ရှိသော ကိန္နရာလည်း ရှိသည်ဟုဆိုသည်။

‘ကိန္နရာ(၈)မျိုး’

အသီတိနိပါတ် မဟာကုဏာလဇာတ်၌ ကိန္နရာ အမျိုးအစား ၈မျိုးတွေ့ရသည်။ ၎င်းတို့မှာ

(၁)ကိမ်ပုရိသ ကိန်နရာ
(၂) ဒဝေ ကိန်နရာ၊
(၃) စန်ဒ ကိန်နရာ၊
(၄) ဒုမ ကိန်နရာ၊
(၅) ဒဏ္ဍမာဏဝိကာ ကိန္နရာ၊
(၆) ကောန္တ ကိန္နရာ၊
(၇) သကုဏ ကိန်နရာ၊
(၈) ကဏ္ဏပါဒုရာဏ ကိန္နရာဟူ၍ ဖြစ်သည်။

ဝေဿဝဏ္ဏ(ကုဝေရ)နတ်မင်းကြီးစံရာ အာဠကမန္ဒာ၊ ဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏဝိကာကိန္နရာမျိုး တို့ရှိကြသည်။
ပါဋလိပုတ်ပြည်သား တောသွားမုဆိုးတို့သည် ကိန္နရီကို လက်ရဖမ်းမိဖူးသည်။ထိုကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။

တိဿရဟန္တာ(ကောန္တပုတ္တတိဿထေရ်)သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံသည်။ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက်၊ တလား၊ အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်းဘုန်းကြီးပျံများတွင် လောင်တိုက်၊တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။

အထက်ပါအဆိုအမိန့်များကို ထောက်ဆသောအားဖြင့် ပုံသဏ္ဍာန်မှာ-
(၁) ဌက်ကိုယ် လူခေါင်း၊
(၂) လူကိုမြင်းခေါင်း၊
(၃) မြင်းကိုလူခေါင်း၊ ဟူ၍ သုံးမျိုးခွဲခြားနိုင်ပြီး လူလိုလို၊ နတ်လိုလို၊ တိရစ္ဆာန်လိုလို အထူးဆန်းသတ္တဝါ ဖြစ်ပေသည်။

‘ဒေသနှင့်သက်တမ်း’

ကိန္နရာတို့ဒေသသည် မဇ္ဈိမဒေသ မြောက်ဘက်ဟိမဝန္တာတောနှင့် အနီးအစပ်ရှိ တောကြီးများတွင်ရှ်ိကြောင်းကို ဘလ္လာတိယဇာတ်၊တက္ကာရိယဇာတ်၊ အဋ္ဌသဒ္ဒဇာတ်၊ စန္ဒကိန္နရာဇာတ်တို့တွင်ဆိုကြသည်။လူတို့ အနှစ်တစ်ရာသက်တမ်းတွင် ကိန္နရာတို့သည် အနှစ်တစ်ထောင်သက်တမ်း ရှိသည်ဟုဆိုသည်။ကိန္နရာတို့သည် လူစကားပြောတတ်သည်ဟု ယူဆရသည်။ သို့သော် အရာမရောက်က စကားမဆိုဘဲ နှုတ်ဆိတ်၍သာနေကြသည်။

‘အပြုအမူများ’

ကိန္နရာ တို့သည် လူတို့ကဲ့သို့ မွေးဖွားခြင်းမဟုတ် ၊ အန္ဓဇပ သန္ဓေ ( ဥခွံမှ ပေါက်ဖွားခြင်း) မျိုးဖြစ်ကြောင်း အဋ္ဌကထာ အရှင်မြတ်တို့ ဖွင့်ဆိုထားသည်။ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ မြစ်၊ ချောင်း၊မြောင်းများ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်ဟု ဆိုကြသည်။

ကိန္နရာ တို့သည် လူလိုလို ၊ နတ်လိုလို သတ္တဝါ အထူးအဆန်း​​ဖြစ်၍ လူကဲ့သို့ စားသည်မဟုတ်၊ နတ်ကဲ့သို့ နတ်သြဇာ စားသည်ဟု စဥ်းစားစရာဖြစ်၏။ အောက်ပိုင်းဌက်မျိုးနွယ်ဝင် ဖြစ်သည်ဟု ဆိုသည့်အတွက် ဌက်များကဲ့သို့ ပိုးရွခြပိုးစသည် အစားအစာများကို စားသည်ဟု ယုံမှားဖွယ်ရှိ၏။ ပန်းပွင့်ဝတ်‌ဆံများကို စားသောက်သုံးဆောင်ကြကြောင်း အပါဒါန် ပါဠိတော် အဋ္ဌကထာများတွင် ဖော်ပြထားသည်။

‘မြန်မာစာပေများမှကိန္နရာ’

မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် တွင်`ဟေမာလယ၊ တောမြိုင်ဝက၊ ဒေဝစန္ဒ၊ သကုဏနှင့်၊ ဒုမကောန္တ၊ ထိုပြီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွှေးတောင်ပေါက်၊ ရွယ်မဖောက်ဘဲ´စသည်ဖြင့် စပ်ဆိုထားသည်။

ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်းလက်ထက် အနောက်သလ္လာဝတီမြစ်၌ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်ဟု ဆိုသည်။

ထိုသဘောကို လက်ဝဲသုန္ဒရအမတ်က ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ နိဂုံး၌
“”နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ”စသည်ဖြင့် ရေးစပ်ထားသည်ကိုတွေ့ရသည်။

ထိုမင်းလက်ထက် တောင်ဖီလာဆရာတော် ရေးသားသည့် ရာဇမနိစူလာ ကျောက်စာတွင်- “အသောကမင်းကြီးသည် ကိန္နရာတို့၏ ကခြင်း၊ သီခြင်းတို့ကို ကြည့်နာတော်မူလိုသည်ဖြစ်၍ ဟိမဝန္တာတောသို့ လက်စွပ်တော်ကို လွတ်တော်မူလျင်၊ မင်း၏အာဏာကြောင့် လာ၍ က လာကုန်သော ပက္ခိကိန္နရာ(ကိန္နရာရှစ်မျိုးတွင် မပါဝင်သော အခြားအမျိုးအစားတစ်မျိုးဟု ယူဆရ)တို့၏ အရုပ် သဏ္ဌာန်သည် ရွှေအတိပြီးသော အမြီးအတောင် ဘယက်တို့ဖြင့် ဆင်ယင်၍ ကစေ၏။”ဟု ပါရှိသည်။

‘မြန်မာဟန်ကိန္နရာ’

မြန်မာဟန်ကိန္နရာမှာ ငှက်ကိန္နရာအမျိုးအစားဖြစ်သည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများအရ ကိန္နရာနှစ်မျိုးနှစ်စားကို တွေ့ရသော်လည်း မြန်မာ့မျက်စိဖြင့် အစပ်တည့်သည့် ငှက်ကိန္နရာအမျိုးအစားကိုသာ အသုံးများခဲ့သည်ကို တွေ့ရသည်။

မြန်မာသက္ကရာဇ် ၁၁၀၅ခုနှစ်၊ ဟံသာဝတီရောက်မင်းလက်ထက်တွင် ဂေါ်ရခေါင်မြို့၌ စာရေးကြီး လမ္ဘာဒရနှင့် ပညာရှိ ကဝိစန္ဒရ ပုဏ္ဏားတို့က ဘင်္ဂါလီဘာသာဖြင့် ရုပ်ပုံစာတမ်း ရေးသားပြုစုခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထိုရုပ်ပုံစာတမ်းများကို အလျား ၁-တောင် ၂-မိုက်ခန့်၊ အနံ ၁-ထွာခန့်ရှိသော ကရမက်သစ်ခေါက်ပုရပိုဒ်ပေါ်တွင် ရေး၍ ဆက်သလာသည်။

ထိုပုရပိုဒ်တွင်ပါရှိသည့် ကိန္နရာပုံစံမှာ ငှက် သဏ္ဌာန်ရေးပြီးလျင် လူဦးခေါင်းမျက်နှာတပ်သည့် သကုဏကိန္နရာမျိုးတစ်ပုံ၊ လူရုပ်တွင် မြင်း၏မျက်နှာကဲ့သို့ ရှည်သောမျက်နှာတပ်၍ရေးသော ကိမ္ပုရိသအမျိုးတစ်ပုံ နှစ်မျိုးဖြစ်သည်။

ရေးသားသူ – သတိုး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။