ဂြိုလ်သက်ရောက်တွက်နည်းနှင့်ဂြိုလ်သက်ရောက်ဟောကိန်းများအပြည့်အစုံ

Astrology
ဂြိုလ်သက်ရောက်တွက်နည်းနှင့်ဂြိုလ်သက်ရောက်ဟောကိန်းများအပြည့်အစုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂြိုလ်သက်ရောက်တွက်နည်းနှင့်ဂြိုလ်သက်ရောက်ဟောကိန်းများအပြည့်အစုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂြိုလ်သက်ရောက်တွက်နည်းနှင့်ဂြိုလ်သက်ရောက်ဟောကိန်းများအပြည့်အစုံ
ဂြိုလ်သက်ရောက်တွက်နည်း

လက်ရှိရောက်နေသာ အသက်တည်ကိန်းပြုပြီး ဂြိုလ် ၈ လုံးနှင့်စား (၈ နှင့်စား)ပါ ။ အကြွင်းရလျှင် ရသောအကြွင်းအတိုင်း မွေးနံကနေစပြီး အကြွင်းအရေအတွက်အတိုင်း ရေတွက်၍ ကျသောဂြိုလ်သည် သက်ရောက်ဂြိုလ်ပင်ဖြစ်သည် ။

ဥပမာ ဇာတာရှင်သည် ၁၃၅၁ခု တနင်္ဂနွေသား ဆိုပါစို့။
၁။ ရောက်ဆဲသက္ကရာဇ် ၁၃၇၆ (၂၀၁၄)
မွေးဖွားသက္ကရာဇ် ၁၃၅၁ (၁၉၉၀)
အသက် ၂၅ နှစ် ။
(မိမိအသက်အမှန်သိလျှင် ထိုကဲ့သို့ချတွက်စရာမလိုပါ)။ (မြန်မာသက္ကရာဇ်ကိုမသုံးဘဲ ခရစ်နှစ်အတိုင်း နုတ်သော် ၂၄ ရသည် ။ မိမိမွေးနေ့မွေးလကျော်ပါက ၁ခုတိုးရန်လိုအပ်သည် ။ ထို့ကြောင့် မေ ၁၃မှာ မွေးသူဖြစ်ပါက ယခု နို၀င်ဘာ ၁၀ ဆိုလျှင် ၁ခုတိုး ၂၅ နှစ်ဖြစ်သည်။ )

၂။ ၂၅ ကို ၈ နဲ့စား သော် ၁ ကြွင်း၏ တနင်္ဂနွေသားဖြစ်သောကြောင့် တနင်္ဂနွေဂြိုလ်ခွင်မှစ၍ ရေတွက်သော် ၁ ခု မြောက်မှာ တနင်္ဂနွေဂြိုလ်ခွင်ပင်ဖြစ်သဖြင့် တနင်္ဂနွေဂြိုလ်သက်ရောက်ဖြစ်၏။ ထို့ကြာင့် ယခုကာလအား တနင်္ဂနွေဂြိုလ်သက်ရောက်နေသော ကာလဟု မှတ်ယူရမည်ဖြစ်သည် ။
(အကယ်၍ သုညကြွင်းခဲ့သော် အသက်သုန်းသည်ဟုခေါ်ဆိုပြီး တစ်ခွင်ဆုတ်ပြီး ရေတွက်ပါ ။ ဥပမာ တနင်္ဂနွေ ၀ ကြွင်းသော် တစ်ခွင်ဆုတ်သော် သောကြာဂြိုလ်ခွင်သက်ရောက်ဖြစ်၏ ။ )

ထို့အတူ တနင်္လာသားဖြစ်သော် တနင်္လာဂြိုလ်ခွင်မှစ၍ အကြွင်းအတိုင်းရေတွက်ပါ။ အကြွင်းကျသောဂြိုလ်သည် သက်ရောက်ဂြိုလ်ပင်ဖြစ်သည်။
မှတ်ချက်။ ။ ပုံမှာပါသည့် ၁ ၂ ၃ ၄ ၀ ၅ ၈ ၆ ဆိုတာ နေ့နံဂဏန်းတွေသာဖြစ်ပါတယ်။ မိမိ၏သက်ရောက်ဂြိုလ်ကိုတွက်ကြည့်ပြီး သိရှိပါက သက်ရောက်ဂြိုလ်ခွင်တစ်ခုချင်းစီ၏ အဟောများကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဂြိုလ်သက်ရောက်ဟောကိန်းများတနင်္ဂနွေသက်ရောက်

တနင်္ဂနွေသက်ရောက်လျှင် လူလိမ်လူခိုးခံရတတ်သည် ။ အိုးအိမ်မတည်ဖြစ်တတ်သည် ။ သားမယားအတွက် စိတ်များရတတ်သည် ။ ကျွဲ နွားခြေလေးချောင်းစသောသတ္တဝါထွက်တတ်သည် ။ ရုံးပြင်ကနားရောက်တတ်သည် ။ တစ်နှစ်အတွင်း အခြေမတည်နေရတတ်သည် ။ အနာအဆာလည်းရတတ်သည် ။ ရန်လည်းရှိသည် ။ တောင်အရပ်က နဖူးမောက် နှာယောင်ကောက်သောသူ ဝင်လျှင် လက်မခံနှင့် ။ မိန်းမလည်း နှောက်ယှက်တတ်သည် ။ ခိုးကိန်း မီးကိန်းမြင်သည် ။

ဝမ်းရောဂါ လေရောဂါ စွဲကပ်တတ်သည် ။ ယခုနှစ် အရှေ့ မြောက်အရပ်ကို ရှောင်ပါ ။ တနင်္ဂနွေသားသမီးကိုလည်း ရှောင်ပါ ။

မှတ်ချက် – ယခုနှစ်တွင် တနင်္ဂနွေဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။

တနင်္လာဂြိုလ်သက်ရောက်ဟောကိန်း

တနင်္လာဂြိုလ်သက်ရောက်လျှင် ခြေနှစ်ချောင်းဝင်တတ်သည် ။ ရုတ်တရက် ငွေကြေးမြောက်များစွာ ဝင်တတ်သည် ။ သို့ မဟုတ် မိမွေဖမွေရတတ်သည် ။ အလှူဒါနများ ပြုရတတ်သည် ။ အမှုအခင်းကိစ္စများ ပြဿနာများအား အောင်မြင်စွာ ဖြေရှင်းနိုင်တတ်သည် ။ အပျိုလူပျိုဖြစ်လျှင် ချစ်ခင်သူနှင့်တွေ့ရတတ်သည် ။ သွားလေရာ မျက်နှာပွင့်လန်းမည် ။ တနင်္လာသားသမီး ကြာသပတေးသားသမီးများနှင့် မိတ်ဖက်ပြုစီးပွားရှာပါက အောင်မြင်ဖြစ်ထွန်းပါလိမ့်မည် ။

အင်္ဂါဂြိုလ်သက်ရောက်ဟောကိန်း

အင်္ဂါဂြိုလ်သက်ရောက်သောနှစ်တွင် အိမ် ပတ်ဝန်းကျင် အပေါင်းအသင်း အလုပ်ပြဿနာများ ဖြစ်ပွားတတ်သည် ။ ဒေါသဖြစ်လောက်စရာ ကိစ္စများ မကြာခဏကြုံရတတ်သည် ။ သည်းခံမှ တော်ကာကျမည် ။ ခိုက်ရန်များခြင်းများဖြစ်တတ်သည် ။ အခြားမိသားစုများနှင့် စကားများရတတ်သည် ။ ရန်သူအနှောက်အယှက်များကြုံတွေ့တတ်သည် ။ အပျိုအရွယ် လူပျိုအရွယ်များ ချစ်သူရည်းစားအပြိုင်အဆိုင်များပေါ်ပေါက်တတ်သည် ။ ပစ္စည်းပျောက်ရှတတ် သူခိုးအခိုးခံရတတ်သည် ။
သွေးထွက်သံယိုဖြစ်ခြင်းများလည်းဖြစ်တတ်သည် ။ အလုပ်အကိုင်မဖြောင့်ညံ့တတ်သည် ။ ဆုံးရှုံးတတ်သည် ။ အထူးဖြင့် ချစ်သောသူများနှင့်ကွေကွင်းရတတ်သည် ။ အင်္ဂါဂြိုလ်သက်ရောက်သော် အကောင်းလည်းရှိသော်ငြား အညံ့ကများ၏ ။ အဓိကအားဖြင့် စကားအပြောအဆို ဆင်ခြင်ဖို့လိုအပ်ပါသည် ။

ဗုဒ္ဓဟူးဂြိုလ်သက်ရောက်ဟောကိန်း

ဗုဒ္ဓဟူးဂြိုလ်သိုသက်ရောက်လျှင် ငွေကြေးရရှိခြင်းများ လဘ်လာဘရုတ်တရက်ဝင်ခြင်းများဖြစ်တတ်သည် ။ ဗုဒ္ဓဟူးနံများ ဝင်တတ်သည် ။ ဥပမာ ရွှေဝင်ခြင်း လူ(သိသူ/မသိသူ) ဝင်ခြင်းများဖြစ်တတ်သည် ။ စီးပွားဥစ္စာလဘ်လာဘများ တိုးတက်တတ်သည် ။ စုတ်လာဘ် ခြေနှစ်ချောင်းဝင်တတ်သည် ။ ချစ်သူခင်သူနှင့်တွေ့ရတတ်သည် ။ ဗုဒ္ဓဟူးသက်ရောက်ကာလတွင် ကျမ်းမာရေးအညံ့ရှိတတ်သည် ရဲယို ၊ ဖရုံ ၊ ဝက်သား ရှောင်ပါ ။ အထူးသဖြင့် လူဝင်လူထွက်များလာလျှင် သတိပြုပါ ။ လိမ်လည်သူများ ခိုးယူသူများနှင့် ကြုံတွေ့ရတတ်ပေသည် ။

ကြာသပတေးသက်ရောက်ဟောကိန်း

ကြာသပတေးဂြိုလ်သက်ရောက်လျှင် ခရီးဝေးသွားရေး ကြုံရတတ်သည် ။ လူပျိုအပျိုဖြစ်လျှင် မတော်တဆ အိမ်ထောင်ကျတတ်သည် ။ စီးပွားလာဘ်လာဘများ ရရှိတတ်သည် ။ မြေနဲ့ပတ်သက်သော ကိစ္စများပေါ်ပေါက်တတ်သည် ။ ကောင်းသောကိစ္စများတွင် မိန်းမတစ်ဦးဦး၏ အဖျက်ကြုံရတတ်သည် ။ အမွေအနှစ်များ သို့မဟုတ် ငွေကြေးများ ရုတ်တရက်ရရှိတတ်သည် ။ ချစ်သူခင်သူလည်းပေါများတတ်ပေသည် ။

သောကြာဂြိုလ်သက်ရောက်ဟောကိန်း

သောကြာခွင်သက်ရောက်လျှင် ခရီးအသွားအလာများတတ်သည် ။ စီးပွားချမ်းသာ တိုးတက်မည် ။ အိမ်ခြံမြေ ရွှေ ငွေ ပစ္စည်း လူပျိုအပျို ဇနီးကောင်း ခင်ပွန်းကောင်းရရှိတတ်သည် ။ အလုပ်အကိုင် ရာထူးအဆင့်အတန်း လခကြေးငွေ တိုးတက်မည် ။ ဆင်းရဲနွမ်းပါးသူသည်လည်း စီးပွားဥစ္စာတိုးတက်တတ်သည် ။ အိုးအိမ်အသစ်ရတတ်သည် ။ ရဟန်းဖြစ်လျှင် ကျောင်းသစ်ရတတ်သည် ။ ဘုန်းတန်ခိုးကြီးမားတတ်သည် ။ ကြည်ညိုလေးစားမည့်သူ ပေါများတတ်ပေသည် ။

စနေဂြိုလ်သက်ရောက်ဟောကိန်း

စနေဂြိုလ်သက်ရောက်လျှင် ပြဿနာများခြင်း ၊ အမှုအခင်းပေါ်ခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်းများဖြစ်ပေါ်တတ်သည် ။ မြေ ရွှေ အိမ်ယာ ရောင်းဝယ်ခြင်းပြုလျှင် အရှုံးပေါ်တတ်သည် ။ တစ်ရပ်တစ်ကျေး ခရီးဝေးသွားလျှင် ဘေးဥပါဒ်ပေါ်ခြင်း စိတ်ချမ်းသာစရာ ကင်းခြင်းများဖြစ်တတ်သည် ။ ငွေကုန် ကြေးကျများတတ် ဥစ္စာပျောက် သူခိုးအခိုးခံရတတ်သည် ။ မိန်းမတစ်ဦးဦးကြောင့် စိတ်သောကရောက်တတ် အမှုအခင်းဖြစ်တတ်သည် ။ စနေဂြိုလ်သက်ရောက်လျှင် မဟာဇနက သင်္ဘောပျက်ကိန်းသဖွယ်ဖြင့်သဖြင့် သီလလုံအောင်စောင့်ပါ ကုသိုလ်အမှု အစဉ်ပြုပါလေ ။

ရာဟုဂြိုလ်သက်ရောက်ဟောကိန်း

ရာဟုဂြိုလ်ခွင်သက်ရောက်လျှင် ပူပင်သောကများရတတ်သည် ။ လူကြီးမိဘ ဆရာသများနှင့် မသင့်မတင့်ဖြစ်နေတတ်သည် ။ လင်မယား စကားများတတ်သည် ။ မတော်တဆ ကွဲကွာရတတ်သည် ။ တစ်ရပ်တစ်မြေ နေရာထိုင်ခင်း ပြောင်းရွှေ့ရတတ်သည် ။ ပစ္စည်းဥစ္စာများ ပျောက်ပြက်တတ် ဆုံးရှုံးတတ်သည် ။ လူလိမ် လူကောက် သူခိုး အနှောက်အယှက်ပြုတတ်သည် ။ ကိုယ့်ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းထဲမှ မကောင်းပြော မကောင်းကြံတတ်သည် ။ အစွပ်အစွဲခံရ အနာရောဂါများခံစားရတတ်သည် ။ အနောက်အရပ်ကို သတိထားရှောင်ကြဉ်ပါ မသွားပါနှင့် ။ သက်ရောက် ဂြိုလ်ရှစ်ခွင် ယေဘူယျ အဟောပြီး၏ ။

(၇)နေ့သားသမီးများ မကောင်းကျိုးပျောက် ကောင်းကျိုးရောက်၍ ထွန်းတောက်ဘုန်းကံ မြင့်ကြပါစေ

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။