နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

Health Knowledge
နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

တစ်ခါတလေ ရုတ်တရက် အကောင်းကြီး ဖြစ်နေရာကနေ ဗိုက်ထဲ မအီမသာနဲ့ လေပွချင်သလို၊ အိမ်သာ တက်ချင်သလို ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီလို ဖြစ်ရတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလို အစာအိမ် အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊ အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဗိုက်ထဲက တစ်ခုခု အီလည်လည်ကြီး ခံစားနေရပြီဆိုတာနဲ့ ခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။

၁။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးကြည့်ပါ။

ချင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရဓာတ် အများအပြား ပါဝင်ရုံသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေပြီး အစာချေဖျက်ခြင်းကို ကူညီပေးတယ်။ ဗိုက်ထဲမှာဖြစ်နေတဲ့ လေပွတာ၊ စားချင့်ရည် ပြန်ကန်တက်တာ၊ လေချဉ်တက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ရေနွေးပူပူထဲ ချင်းကို ပါးပါးလေးလှီးပြီး မိနစ်အနည်းငယ် ပြုတ်ကာ ရလာတဲ့ ချင်းပြုတ်ရည်ပူပူလေးကို သောက်ပေးခြင်းဖြင့် ဗိုက်မအီမလည် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည် မဟုတ်ဘဲ ချင်းကို ပါးပါးလေး လှီးပြီး အစိမ်းစားတာ၊ ဟင်းတွေထဲ ချင်းများများ ထည့်ချက်ပြီး စားပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

၂။ ရေနွေးကြမ်း ခါးခါးလေး သောက်ပေးပါ။

ရေနွေးကြမ်းမှာလည်း ဗိုက်အောင့်ဗိုက်နာကို သက်သာစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ပူနွေးနွေး ခံစားချက်အပြင် အခါးဓာတ်ပါဝင်လို့ ဗိုက်ထဲက လေတွေကို ရှင်းပေးနိုင်သလို ပုံမှန်အတိုင်း ကောင်းကောင်း စားသောက်ချင်စိတ် ဖြစ်လာအောင်လည်း ကူညီပေးနိုင်မှာပါ။

ရေနွေးကြမ်းထဲမှာတော့ ချာမိုမိုင်းလ် (Chamomile) လက်ဖက်ခြောက်နဲ့ လက်ဖက်စိမ်း (Green Tea) ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဆိုပေမယ့်လို့ မြန်မာနိုင်ငံမှာ ရှာရခက်တယ်ဆိုရင် ရိုးရိုးလက်ဖက်ခြောက်နဲ့ များများထည့်ပြီး ကျိုထားတဲ့ ရေနွေးကြမ်းကို ပူပူနွေးနွေးလေး သောက်ပေးလို့ ရပါတယ်။

၃။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) သောက်ပါ။

ပန်းသီးရှာလကာရည်ကို ဟင်းချက်တဲ့နေရာမှာ အနံ့မွှေးဖို့၊ အသားငါးတွေကို နယ်ဖို့ အသုံးပြုတာ များပါတယ်။ ဒီအတိုင်း သောက်မယ်ဆိုရင်တော့ အရသာနဲ့ အနံ့က နည်းနည်း ပြင်းတဲ့အတွက် မသောက်ကြတာ များပါတယ်။ ပန်းသီးရှာလကာရည်ဟာ ဗိုက်ထဲမှာ ကျန်နေတဲ့ ကစီဓာတ်တွေကို မြန်မြန်ချေဖျက်နိုင်စေဖို့ ကူညီပေးသလို အူလမ်းကြောင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားကိုလည်း ကျန်းမာစေပါတယ်။

အကယ်လို့ ပန်းသီးရှာလကာရည်ကို ဒီအတိုင်း မသောက်နိုင်ဘူးဆိုရင် ရေနည်းနည်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ရောပြီး မွှေသောက်ပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးရှာလကာရည် တစ်ဇွန်းလောက် သောက်ပေးရင် လုံလောက်ပါပြီ။

၄။ ရေနွေးဝတ် ကပ်ပေးပါ။

အပူဟာ ခန္ဓာကိုယ်တွင်း ကလီစာတွေ ရောင်ရမ်းတာ ကျစေနိုင်တယ်လို့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နောက်တစ်နည်း အနေနဲ့ ရေနွေးဝတ် အထုပ်ကပ်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ အပူရှိန်ဟာ ဗိုက်ထဲမှာ အောင့်တာ၊ နာကျင်ကိုက်ခဲတာ၊ လေပွတာတွေကို လျော့နည်းသက်သာသွားစေနိုင်ပါတယ်။

ရေနွေးဝတ်ထုပ်ကို ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရသလို၊ အဝတ်သန့်သန့် တစ်ထည်ကို ရေနွေးနဲ့ စိမ်ကာ ညှစ်ပြီးတော့ ဝမ်းဗိုက်မှာ ကပ်ထားလို့ ရပါတယ်။ ရေနွေးနွေးနဲ့ ချိုးတာ၊ ရေစိမ်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဗိုက်အောင့်ဗိုက်နာနေတဲ့အချိန်၊ ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်နေတဲ့ အချိန်မျိုးမှာ ပေါ့ပါးပြီး အစာကြေလွယ်လောက်မယ့် အစားအစာတွေပဲ ရွေးစားပေးပါနော်။ အသား၊ ဟင်းခတ်မှုန့် အများကြီး သုံးထားတဲ့ ဟင်းတွေ၊ အဆီအစိမ့်၊ အကြော်အလှော်၊ နို့ထွက်ပစ္စည်းတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေကို ပုံမှန်အတိုင်းလေးပဲ သောက်ပေးပါ။ တစ်ခါတလေ ဖြစ်တာ ကိစ္စမရှိပေမဲ့ အမြဲတမ်း ဗိုက်ထဲမှာ ဒီလိုမျိုး ခံစားနေရရင် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်ပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။