ပင်ပန်းနေလား လေ့ကျင့်ခန်း ထလုပ်လိုက်ပါ

Health Knowledge
ပင်ပန်းနေလား လေ့ကျင့်ခန်း ထလုပ်လိုက်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပင်ပန်းနေလား လေ့ကျင့်ခန်း ထလုပ်လိုက်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပင်ပန်းနေလား လေ့ကျင့်ခန်း ထလုပ်လိုက်ပါ

“ရုံးမှာ အလုပ်တွေ လုပ်လာရတာ ပင်ပန်းလိုက်တာ။ အပြင်ကနေ ပြန်လာတာ မောလိုက်တာ။ ရေခဲရေလေး တစ်ခွက်လောက်သောက်ပြီး နားလိုက်ဦးမှ” အန်ကယ်ကတော့ နိုး… နိုး… နိုးပါနော်။ ဒီလိုမျိုး ထိုင်ပြီးနားလိုက်တာ၊ အိပ်ပြီး နားလိုက်တာထက် လေ့ကျင့်ခန်း ထလုပ်လိုက်ခြင်းက ခန္ဓာကိုယ်ကို စွမ်းအင်တွေ ပိုပေးနိုင်ပါတယ်။ ပင်ပန်းပါတယ်ဆို ဘယ်က အားထုတ်နိုင်လို့ စွမ်းအင်တွေ ရလာရမှာလဲလို့ မေးတော့မလို့လား။ ပြောပြပါမယ်။

၁။ Endorphins တွေ ထွက်လာပါတယ်

Endorphins ဆိုတာ အဓိက အာရုံကြောမကြီး စနစ်နဲ့ Pituitary ဂလင်းတွေကနေ ထုတ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ သူတို့တွေက စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကို လျော့စေပြီး နေလို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ထုတ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဒီ ဟော်မုန်းတွေ ပိုထွက်လာတာကြောင့် လူကို နေလို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ပေးပြီး သင့်ကို ပိုတက်ကြွရွှင်လန်းလာစေတာမို့ ပင်ပန်းတယ်ဆိုတဲ့ ခံစားချက်ကို လျှော့ချပေးနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို ပိုကောင်းလာ စေပါတယ်

လေ့ကျင့်ခန်း လုပ်ခြင်းက နှလုံးကြွက်သားနဲ့ သွေးကြောတွေကို ပိုပြီး သန်မာစေတာမို့ တစ်ရက်တာ ပင်ပန်းမှုတွေကို ခံနိုင်ရည် ရှိစေပါတယ်။ ဆိုတော့ လေ့ကျင့်ခန်း လုပ်ပြီးရင် တစ်ရက်တာ လုပ်စရာ ရှိတာတွေ လုပ်ပြီးတဲ့အခါ အရမ်းပင်ပန်းတာပဲလို့ မခံစားရဘဲ တခြား လုပ်စရာရှိတာတွေ အေးဆေး ဆက်လုပ်လို့ ရပြီဆိုတဲ့ သဘောပဲပေါ့။

၃။ အိပ်ရေးပိုဝစေပါတယ်

အကြာကြီး အိပ်တာနဲ့ အိပ်ရေးဝတာနဲ့ မတူဘူးနော်။ အိပ်ရေးဝဝအိပ်စက်နိုင်ခြင်းကတော့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူး မြောက်မြားစွာထဲက တစ်ချက်ပေါ့။ လေ့ကျင့်ခန်း လုပ်ပြီး စွမ်းအင်တွေကို လောင်ကျွမ်းစေတာက ပိုမြန်မြန် အိပ်ပျော်စေပါတယ်။ ပြောရမယ်ဆို ခေါင်းအုံးနဲ့ ထိတာနဲ့ တချိုးတည်း အိပ်ပျော်တယ်ပေါ့နော်။

ဒါက insomnia ဆိုတဲ့ အိပ်မပျော်တဲ့ ရောဂါကိုပါ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။ ဆိုတော့ ပင်ပန်းတာနဲ့ ဘာဆိုင်သလဲ။ ညဘက်မှာ ကောင်းကောင်း နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရေးဝတဲ့အခါ နောက်တစ်ရက်မှာ စွမ်းအင်အပြည့်နဲ့ တက်ကြွရွှင်လန်းနေပြီပေါ့။ တော်ရုံလည်း မပင်ပန်းတော့ဘူးလေ။ နောက်ပြီး စိတ်ခံစားမှုအခြေအနေ (mood ဆိုပါတော့) ကိုလည်း ကောင်းစေပါသေးသတဲ့။

၄။ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်

လမ်းလျှောက်တာ၊ ပြေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ Gym သွားတာ၊ ကုန်ကုန်ပြောရရင် သစ်ပင်စိုက်တာကစ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ လူတွေက လှုပ်လှုပ်ရှားရှား ပိုလုပ်လေလေ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတို့လို အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အား ပိုကောင်းလေလေပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ ခံစားနေရတဲ့ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှု တွေ ရောထောင်းထားတဲ့ ပင်ပန်းခြင်းတွေကိုလည်း လေ့ကျင့်ခန်း လုပ်ခြင်းက သက်သာစေပြီပေါ့။

၅။ အာရုံပိုစိုက်နိုင်စေပါတယ်

လေ့ကျင့်ခန်း ကောင်းကောင်းလေး လုပ်ပြီးသွားရင် ထွက်လာတဲ့ Endorphins တွေက ကျွန်တော်တို့ရဲ့ ကိုယ်ကာယပိုင်းဆိုင်ရာ စွမ်းအင်တွေကို အဆင့်တစ်ခုထိ မြှင့်တင်ပေးလိုက်တာကြောင့် ပိုတက်ကြွလာတယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီးသားပါ။ ဒီလို ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပိုပြည့်လာတာကြောင့်လည်း အာရုံစူးစိုက်မှုအား ပိုကောင်းလာစေပါသတဲ့။

ဒါတွေကတော့ ပင်ပန်းလွယ်တယ်၊ ပင်ပန်းလာတယ်ဆိုရင် အိပ်လိုက်တာ၊ ထိုင်နားလိုက်တာမျိုးထက် လေ့ကျင့်ခန်းကို ပိုလုပ်သင့်တဲ့ အကြောင်းရင်းတွေပါပဲ။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။