ကင်ဆာ ကာကွယ်သော ငှက်ပျောရွက်

Health Knowledge
ကင်ဆာ ကာကွယ်သော ငှက်ပျောရွက်

မတ္တရာ က မိတ်ဆွေတစ်ဦးရဲ့ ငှက်ပျောခြံ ကို အလည်အပတ်ရောက်ရင်း သူ့မိသားစုနဲ့အတူ နေ့လည်စာ စားသွားဖို့ ကျနော့ကို ဇွတ်ခေါ်ကြတယ်။

အဲ့ဒီခြံမှာ စားခဲ့ရတဲ့နေ့လည်စာက ကျနော့ဘဝ ရဲ့ အထူးဆန်းဆုံးနဲ့ အပျော်ရွှင်ရဆုံး နေ့လည်စာ ဖြစ်ခဲ့တယ်။

ဟင်းလျာ တွေက သာမန် တောချက်ပါပဲ။ဒါပေမဲ့ ထူးခြားတာက ထမင်းကို ပန်းကန်ပြားနဲ့ မစားကြဘဲ ငှက်ပျောရွက် နဲ့ ခင်းစားကြတယ်။

မြို့က လာတဲ့ ကျနော့ကို အဖွားဖြစ်သူ က `ဇွန်း ခက်ရင်း တစ်စုံပေးပီး ပန်းကန် နဲ့ စားပါ့လားကွယ်´ လို့ အားနာနာ နဲ့ ပြောတယ်။

ကျနော်လည်း လက်နဲ့မစားတတ်တာမို့ ဇွန်းခက်ရင်းယူလိုက်ပေမဲ့ အားနာတာရော၊ ငှက်ပျောရွက် နဲ့ စားကြည့်ချင်တာရော ကြောင့် အဖွားကို ငြင်းလိုက်တယ်။

အဖွားက ဆက်ပြောတယ် `အဖွားတို့ ငယ်ငယ်လေးတည်းက တစ်မိသားစုလုံး ငှက်ပျောခြံစိုက်တယ်။ငှက်ပျောရွက်နဲ့ပဲ ထမင်းစားကြတယ်။ ကျန်းမာရေးအတွက် အင်မတန် ကောင်းတယ်။ဒီ ငှက်ပျောပင် တစ်ပင်လုံးက လွှင့်ပစ်ရတယ်လို့ မရှိဘူးကွဲ့။´

သူငယ်ချင်းမိသားစု နဲ့ နေ့လည်စာ စားပီးပြန်ခဲ့တဲ့နောက် အိမ်မှာ ကြွေပန်းကန်နဲ့ ထမင်းစားတဲ့အခါ ငှက်ပျောရွက် နဲ့ စားခဲ့တဲ့ ထမင်းရဲ့ အနံ့အရသာ ကိုပြန်တွေးမိတယ်။

ဒါ့ကြောင့် Hotel တွေ၊ အချို့စားသောက်ဆိုင်တွေမှာ ငှက်ပျောရွက် ကို လှလှလေး ဖြတ်ပီး ဟင်းလျာတွေ ပြင်ဆင်ကြတာကိုး။

ဒါ့အပြင် 6 PS (Polystyrene) နဲ့လုပ်ထားတဲ့ ဖော့ဗူးတွေ ကို စားစရာပူပူနွေးနွေးတွေ ထည့်တဲ့အခါ Styrene ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ ထွက်တယ်။

ဒါ့ကြောင့် အခုဆိုရင် ကျန်းမာရေးအသိရှိတဲ့ စားသောက်ဆိုင်တွေက ဖော့ဗူးထဲမှာ အာလူးကြော်၊ ပုဇွန်တန်ပူရာ ဖက်ထုပ်ကြော် စတာတွေ မထည့်ခင် အောက်မှာ ငှက်ပျောရွက် တစ်ထပ် ခင်းလာကြပီ။

ဒါက သူတို့ စားသောက်ကုန် ရဲ့ အနံ့အရသာ ကို ထိန်းပေးရာလည်း ရောက်တယ်လေ

ဟိုးတုန်းကတည်းက မြန်မာ့ရိုးရာ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ငှက်ပျောထုပ် စတာတွေ၊ ငါးပေါင်း၊ မုန်ညှင်းပေါင်း စတာတွေမှာပါ ငှက်ပျောရွက် နဲ့ ထုပ်ပိုးခဲ့တာ၊ ငှက်ပျောရွက်နဲ့ ထုပ်ပီး ပေါင်းတာတွေ ရှိတာပဲမဟုတ်လား

တကယ်က ငှက်ပျောရွက် မှာ လက်ဖက်စိမ်းထဲမှာပါတဲ့ Polyphenol ဒြပ်ပေါင်းတွေ အများကြီးပါတယ်။

အဓိက EGCG ဆိုတဲ့ Epigallocatechin gallate အရမ်းအစွမ်းထက်တဲ့ Antioxidant ပါဝင်နေတယ်။

၂၀၁၁ ခုနှစ် `Biochemical Pharmacology´ စာတမ်းမှာ EGCG ဟာ အကြိတ်အဖုတွေ မကြီးထွားအောင် တားမြစ်ပေးနိုင်သလို ကင်ဆာ ဆဲလ်တွေ သေအောင်လည်း အားပေးတယ် လို့ ပြောထားပီးသားပါ။

လူတိုင်းလိုလို တနေ့ လက်ဖက်ရည်ကြမ်း ၆ ခွက်လောက်သောက်ရင် Catechin , EGCG ရရှိလို့ ကင်ဆာကာကွယ်မှန်း သိပီးသားပါ။

ဒါပေမဲ့ ငှက်ပျောရွက်နဲ့ ခင်းထားတဲ့၊ ထုပ်ထားတဲ့၊ ပေါင်းထားတဲ့ ထမင်းစားလို့၊ မုန့်စားလို့ ငှက်ပျောရွက်ထဲက Antioxidant တွေ ရနေပါ့လား ဆိုတာ မသိကြဘူး။

EGCG ဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတဲ့ Hippocampus မှာ ရှိတဲ့ Neurons တွေ အပေါ်မှာလည်း သက်ရောက်မှုရှိတယ်။

ဒါ့ကြောင့် ငှက်ပျောရွက် နဲ့ ငယ်ငယ်ကတည်းက စားသောက်ခဲ့တဲ့ အဖွားမှာ မှတ်ဉာဏ်မကောင်းလို့ ဖြစ်ရတဲ့ Alzheimers’ ရောဂါ၊ Parkinson’s ရောဂါ တွေ ဘာမှမဖြစ်ဘူး။

ဒါ့အပြင် အဲ့ဒီ EGCG ကပဲ နှလုံးနဲ့ သွေးလည်ပတ်မှု၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း တွေ မဖြစ်အောင်လည်း ကာကွယ်ပေးတယ် လို့ ဆိုထားသေးတယ်။

ရေနွေးကြမ်းလည်း သောက်၊ ပလတ်စတစ် ခွက်ယောက်တွေ အစား ငှက်ပျောရွက် နဲ့လည်း အစာစားမယ် ဆိုရင်တော့ အရမ်းကို ကျန်းမာရေးအတွက် အထောက်အကူပြုပီပေါ့။

အဓိက က ကင်ဆာဖြစ်စေတဲ့ ကြွပ်ကြွပ်အိတ်၊ ဖော့ဗူးတွေ နဲ့ ဟင်းအပူတွေ ထိတွေ့ခြင်းကနေ ငှက်ပျောရွက်ကို အကာအကွယ်အနေနဲ့လည်း သုံးဖို့ သင့်တာပေါ့။

Decoration အလှဆင်တဲ့နေရာမှာလည်း ငှက်ပျောရွက်က ဆရာကြီးပဲဗျ။ တက္ကသိုလ်တက်တုန်းက ထမနဲထိုးပွဲ ပြိုင်ကြတာ အရသာချင်း အတူတူတောင် `ငှက်ပျောရွက် ကို ခင်းပီး အနိုင်ယူသွားတဲ့ အဖွဲ့´ ကို သတိရမိသေးတယ်။

မြန်မာနိုင်ငံကသာ အစားအသောက်တွေကို တည်ခင်းတဲ့အခါ ထုပ်ပိုးတဲ့အခါ ငှက်ပျောရွက်သုံးတာ ရှားရှားလာတာ

အခြား အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ မဂ္ဂဆီကို၊ ဟာဝိုင်ရီ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျာဗား၊ အမေရိကအလယ်ပိုင်း အားလုံးမှာ ငှက်ပျောပင်က မြန်မာလောက် မပေါပေမဲ့ အရမ်းကို အသုံးပြုကြတာ။

သူတို့က ငှက်ပျောရွက် ထဲက အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ စတာတွေကို ကာကွယ်ပေးတဲ့ EGCG ပါဝင်နေတာကို ကောင်းကောင်းသိလာကြလို့ပေါ့။

နောက်ပီး ငှက်ပျောရွက်ပြုတ်ရည်ဟာ ကျောက်ကပ်ရောဂါ အမျိုးမျိုးအတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုကြသေးတယ်။

ကျနော်ကတော့ မတ္တရာက ငှက်ပျောခြံပိုင်ရှင် အဖွားကို အရမ်း ကျေးဇူးတင်မိပါတယ်။အဖွားက ကင်ဆာကာကွယ်တဲ့ ဆေးဖက်ဝင် ငှက်ပျောရွက်ရယ်လို့ မသိပေမဲ့ `သဘာဝ အတိုင်းစားသောက်တာဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်´ ဆိုတော့ သူမရဲ့ ၉၀ ကျော်အသက်အရွက်က သက်သေပြခဲ့တာပဲလေ။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။