ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ အမတ် ပီတာလင်ဂျာရိုရက် လွှတ်တော်ပြန်တက်ပြီ

International News
ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ အမတ် ပီတာလင်ဂျာရိုရက် လွှတ်တော်ပြန်တက်ပြီ

ထိုင်းလွှတ်တော်အမတ် ပီတာ လင်ဂျာရိုရက်

ထိုင်းနိုင်ငံမှာ ရှေ့သို့ချီ(Move Forward) ပါတီအမတ် ပီတာလင်ဂျာရိုရက်ဟာ ITV ရုပ်သံ ရှယ်ယာတွေကို ပိုင်ဆိုင်မှုက ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်ရာမရောက်ဘူးလို့ ဖွဲ့စည်းပုံခုံရုံးက မနေ့က ဆုံးဖြတ်ပေးလိုက်တာကြောင့် လွှတ်တော်အမတ်အဖြစ် ပြန်လည် တာဝန်ထမ်း ဆောင်ပြီဖြစ်ပါတယ်။

ပီတာဟာ ITV မှာ ရှယ်ယာပိုင်ဆိုင်နေတာက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှု ရှိ၊ မရှိ ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်မချခင် အမတ်အဖြစ် တာဝန်ထမ်းဆောင်တာတွေကို ဆိုင်းငံ့ ခံခဲ့ရတာပါ။

အခုတော့ ပီတာတစ်ယောက်  ဇန်နဝါရီ ၂၅ မနက်ပိုင်းကစလို့ ထိုင်းလွှတ်တော်ကို ပြန်လည်တက်ရောက်နေပြီဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ဆင်း ပီတာ လင်ဂျာရိုရက်နဲ့ သူ့ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာအတွက် အမတ်အများစုကို အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်သွင်းတဲ့အခါ ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကို ကြုံခဲ့ရပါတယ်။

ပီတာဟာ တော်ဝင်မိသားစုအပေါ် ဝေဖန်မှုကို တားမြစ်တဲ့ဥပဒေတွေနဲ့ ထိုင်းနိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးမှုကို လျှော့ချမယ်ဆိုတဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရွေးကောက်ပွဲ ကတိကဝတ်တွေကြောင့် ထိုင်းနိုင်ငံရဲ့ ရှိရင်းစွဲဖြစ်တည်မှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းဖို့ ညှိနှိုင်းတာတွေလုပ်နေချိန်မှာပဲ သူ့အပေါ် တရားစွဲမှု ၂ ခုပေါ်ခဲ့ပါတယ်။

သူ့ကိုထောက်ခံသူတွေကတော့ ဒီလိုတရားစွဲမှုဟာ ပီတာ့ကို နိုင်ငံရေးလောက ကနေ ထွက်သွားဖို့နဲ့ သူ့ပါတီရဲ့ ရပ်တည်ချက်တွေကို လျော့ပါးအောင် လုပ်ဖို့ ရှေးရိုးစွဲနိုင်ငံရေးအင်အားစုတွေဘက်က အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ သူဟာ ရင်ဆိုင်နေရတဲ့အမှုထဲက ပထမဆုံးအမှုမှာ ကွင်းလုံးကျွတ်ခဲ့ပေမဲ့ လာမယ့်တစ်ပတ်မှာတော့ ပိုပြီးပြင်းထန်တဲ့နောက်တစ်မှုကို ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

အဲဒီအမှုကိုလည်း ဖွဲ့စည်းပုံခုံရုံးကနေပဲ ဆုံးဖြတ်ဖို့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုအပေါ် အသရေဖျက်မှုကို ဟန့်တားအရေးယူတဲ့ပုဒ်မကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းတဲ့သူ့အစီအစဥ်ဟာ ‘‘ဘုရင်မင်းမြတ်ကို နိုင်ငံ့ဥသျှောင်အဖြစ်ထားရှိတဲ့ ဒီမိုကရက်တစ် အုပ်ချုပ်မှုကို ဖယ်ရှားဖို့’’ ကြိုးပမ်းမှုအဖြစ် ရှုမြင်ခံရပြီး ဖွဲ့စည်းပုံခုံရုံးကို တိုင်ကြားခံရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး Move Forward ပါတီဟာ ဖွဲ့စည်းပုံနဲ့မညီအောင် လုပ်ဆောင်ခဲ့တယ်လို့ ခုံရုံးက ဆုံးဖြတ်မယ်ဆိုရင် ပါတီ ဖျက်သိမ်းခံရတဲ့အထိ ဦးတည်နိုင်သလို ပါတီခေါင်းဆောင်ပိုင်းဟာလည်း နိုင်ငံရေးလောကမှာ ပါဝင်မှု တားမြစ်ခံရတဲ့အထိ ဦးတည်နိုင်ပါတယ်။

ပီတာဟာ အခုလို စွပ်စွဲချက်တွေကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အောက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်မှုကနေ ဆိုင်းငံ့ခံခဲ့ရပြီး ပါတီခေါင်းဆောင်ပိုင်းတာဝန်တွေလည်း လက်လွှတ်ခဲ့ရပါတယ်။

ITV ရှယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ခုံရုံးကို တိုင်ကြားခံရမှုကို ပြန်လည်ချေပရာမှာတော့ ပီတာက ဒီရှယ်ယာတွေဟာ ဖခင်ဖြစ်သူထံကနေ အမွေရတာဖြစ်သလို သူ အမတ်မဖြစ်ခင် နှစ်တွေကတည်းက ကုမ္ပဏီကလည်း မလည်ပတ်တော့ဘူးလို့ ပြောခဲ့တာပါ။

ဖွဲ့စည်းပုံခုံရုံး တရားသူကြီးအများစုက သူ့ရဲ့ချေပချက်ကို လက်ခံတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

‘‘ရှယ်ယာပိုင်ဆိုင်တာဟာ ရွေးကောက်ပွဲဥပဒေကို မချိုးဖောက်ပါဘူး။ သူ့ရဲ့ လွတ်တော်အမတ်ရာထူး အဆုံးမသတ်တဲ့အကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်’’ လို့ တရားသူကြီး ပန်ညာ အူချာချွန်က ပြောပါတယ်။

ပီတာ လင်ဂျာရိုရတ်ကတော့ သူ့ပါတီ ကတိကဝတ်ပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီး လုပ်နိုင်အောင် ကြိုးပမ်းမယ်လို့ ခုံရုံးဆုံးဖြတ်ချက်မတိုင်ခင်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

‘‘ရလဒ် ဘယ်လိုပဲ ထွက်ထွက်၊ လူထုအတွက် ကျွန်တော် အလုပ်ဆက်လုပ်သွားပါမယ်’’ လို့ သူက ခုံရုံးဆုံးဖြတ်ချက်မတိုင်ခင် ပြောခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။