အိပ်ရေးပျက်တာတွေများရင် တကယ်ပဲ ဝိတ်တက်လာမှာလား

Health Knowledge
အိပ်ရေးပျက်တာတွေများရင် တကယ်ပဲ ဝိတ်တက်လာမှာလား

ဒီနှစ်တွေထဲ အရမ်းကြီးတွေဝိတ်တွေတက်လာပြီ။ ထိန်းမနိုင်သိမ်းမရတွေဖြစ်နေပြီ။ ဆက်တိုက်ဆိုသလို တက်နေတာမို့ ဘယ်လိုမှလျော့လို့မရတော့ဘူးဆိုရင်တော့
သင့်ရဲ့အိပ်ချိန်ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပါပြီ။

ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားတွေခေတ်နဲ့ယှဉ်ရင်တော့ ကျွန်တော်တို့အိပ်ချိန်က အရမ်းကြီးမများတော့ဘူးပေါ့ဗျာ။ တိုးတက်လာတဲ့ခေတ်ကြီးထဲ ဟိုပြေး၊ ဒီပြေးလုပ်နေရတော့ အိပ်ချိန်တွေမလောက်မငှဖြစ်လာရတာကလည်း အံ့ဩစရာမရှိပါဘူး။
(၂၀၁၅) ခုနှစ်တုန်းကတော့ US National Sleep Foundation က ကျွန်တော်တို့လူသားတွေအတွက် တစ်နေ့ဘယ်နှစ်နာရီအိပ်စက်တာက အကောင်းဆုံးဖြစ်တယ်ဆိုတာကို ဖော်ပြပေးခဲ့ပါတယ်။ အရွယ်ရောက်ပြီးသားလူတွေရဲ့တစ်နေ့အိပ်ချိန်က (၆-၁၁) ကြားရှိသင့်တယ်လို့ဆိုပါတယ်။ (၇-၉) လောက်ဆိုလည်းအဆင်ပြေပါတယ်။


တကယ်တော့ အိပ်ချိန်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ကျန်းမာရေးနဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအတွက်ပါ အလွန်အရေးကြီးပါတယ်။

ကဲ … အိပ်ရေးပျက်ရင် တကယ်ပဲဝိတ်တက်လာမှာလားဆိုတဲ့ ခေါင်းစဉ်အောက်ကို ရွှေ့လိုက်ကြရအောင်။ သင့်အနေနဲ့ အိပ်ရေးပျက်တာကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ဝိတ်တက်နိုင်ပါတယ်။

အိပ်ရေးမဝတော့ လူကစိတ်ပင်ပန်းနေမယ်။ မောပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့ဦးနှောက်က ဆုံးဖြတ်ချက်အမှားတွေကို ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်သလို စိတ်လိုက်မာန်ပါတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေ၊ အားကစားခန်းမတွေကို မသွားဖြစ်တော့ဘူး။ စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်တဲ့ အချိုဓာတ်တွေကို အစားများလာမယ်။ ကိတ်တို့၊ ချောကလက်တို့၊ ဝိုင်တို့ပေါ့။ အရက်လည်းပါတာပါပဲ။ မသိဘူး … စာရေးသူဆို စိတ်ညစ်ရင် မြင်မြင်သမျှ အကုန်စားတာပါပဲ။ မှောက်အောင်လည်း သောက်တော့တာပဲ။ အဲဒီတော့ ဝိတ်က တအိအိနဲ့ လှိမ့်တက်လာတော့တာပေါ့။

အိပ်ရေးပျက်ခြင်းက အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းကို ဖြိုခွဲပေးပါတယ်။ အစားစားချင်စိတ်ကိုမြှင့်တင်ပေးတဲ့ ဂရယ်လင် (ghrelin) ဓာတ်ကမြင့်မားလာပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ လက်ပ်တင် (leptin) ဓာတ်တွေကလျော့ကျသွားပါတယ်။

နောက်ထပ် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီဆို (cortisol) ဓာတ်တွေကလည်း မြင့်တက်လာပါသေးတယ်။ ဒါကြောင့်မို့လို့ အိပ်ချိန်လုံလုံလောက်လောက်အိပ်ပေးဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ပုံမှန်အထောက်အပံ့ပေးနေတဲ့ ဓာတ်တွေကပြိုကွဲသွားပြီး ဝိတ်တွေ တစ်နေ့တခြား တက်လာပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။