လူချစ်လူခင်များချင်တယ်ဆိုရင်

Knowledge
လူချစ်လူခင်များချင်တယ်ဆိုရင်

လူချစ်လူခင်များတယ်ဆိုတာ ပြောရတာသာလွယ်တယ်။ တကယ် လူချစ်လူခင်ပေါများအောင် နေရတာ တကယ်ခက်ခဲလှပါတယ်။ အားလုံးနဲ့ အဆင်ပြေအောင် နေထိုင်တတ်ရုံတင်မကပါဘူး။ သင့်ရဲ့အပြုအမူ၊ အနေအထိုင်က တစ်ဘက်လူကို
အနှောက်အယှက်ဖြစ်စေနိုင်မယ့် အကြောင်းအရာများကိုလည်း ရှောင်ကြဉ်တတ်ရပါမယ်။ ဘယ်သူမဆို ပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေကြောင့် ဂုဏ်တိုးတာ၊ မျက်နှာပွင့်တာပဲ လိုချင်ကြတာပါ။ အပေါင်းအဖော်ကြောင့် မျက်နှာပျက်ရမယ့် ကိစ္စများကို ဘယ်သူမှမလိုချင်ကြပါဘူး။ သင့်ကို မျက်နှာပွင့်ပြီး လူချစ်လူခင်များစေနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမအရေးကြီးဆုံးကတော့ သင့်ရဲ့ အပြုံးပါ။ မျက်နှာက သုန်သုန်မှုန်မှုန်နဲ့ ပျင်းရိပျင်းတွဲဖြစ်နေမယ်ဆိုရင် သင့်ကို ဘယ်သူကမှ ပေါင်းသင်းဆက်ဆံချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ အပြုံးတစ်ပွင့်က သင့်နဲ့ပြောဆိုဆက်ဆံတဲ့ အပေါင်းအသင်းရဲ့ ရင်ထဲ အေးမြသွားစေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

လူငယ်အချင်းချင်း စကားပြောတဲ့အခါ ကိုယ်လက်အမူအရာနဲ့ ပြောဆိုတာက တက်ကြွပြီး ယုံကြည်မှုရှိတဲ့ပုံစံကိုဖော်ပြရာရောက်ပေမဲ့ လူကြီးတွေနဲ့ ပြောဆိုတဲ့အခါ သင့်ရဲ့ကိုယ်လက်အမူအရာ၊ ဟန်ပန်တွေက မျက်စိနောက်စရာတွေဖြစ်စေနိင်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောဆိုသင့်ပါတယ်။

အများနဲ့သွားလာတဲ့အခါ သာမန်ကိုယ်တစ်ယောက်ထဲ သွားလာချိန်ထက် အဝတ်အစားနဲ့ ဆံပင်အပြင်အဆင်ကို ပိုပြီး စနစ်တကျရွေးချယ်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ဖိုသီဖတ်သီပုံစံအနေအထားကြောင့် သင့်ရဲ့ အပေါင်းအဖော်တွေ စိတ်မပျက်စေရအောင် သွားမယ့်နေရာအနေအထားပေါ်မူတည်ပြီး ဆံပင်နဲ့ အဝတ်အစားကို ဂရုတစိုက်ရွေးချယ်သင့်ပါတယ်။

သင့်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ ချွေးနံများကို သတိထားသင့်တဲ့အပြင် ရေမွှေးတွေ၊ မိတ်ကပ်တွေ ရွေးချယ်အသုံးပြုတဲ့အခါမှာလည်း အနံပြင်းပြီး အီစေတဲ့အနံတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သင်းသင်းလေးနဲ့ တစ်နေကုန်မွှေးပျံစေမယ့် ရေမွှေးမျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

လေ့လာစမ်းသပ်ချက်တွေအရ အခုမှစတွေ့ပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်နေတယ်ဆိုရင်တော့ တေးသီချင်းတွေ၊ ရုပ်ရှင်ကားတွေအကြောင်းကို တစေ့တစောင်း စတင်ပြီးပြောဆိုခြင်းက တစ်ဦးနဲ့တစ်ဦးကို ရင်းနှီးမှုရရှိစေတယ်လို့ ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိပြုသင့်ပါတယ်။ တကယ်လို့ သင်ကခွေးကိုချစ်တတ်ပြီး သင့်သူငယ်ချင်းက ခွေးကြောက်တတ်တယ်ဆိုရင် ခွေးနဲ့ပတ်သက်ပြီး စခြင်း၊ နောက်ခြင်းစတဲ့ အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဘာသာတရားကို ကိုင်းရှိုင်းတတ်ပါစေ။ တကယ်လို့ သင်နဲ့ သင့်သူငယ်ချင်းက ကိုးကွယ်တဲ့ဘာသာမတူညီဘူးဆိုရင်တောင်မှ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာကို လွတ်လွတ်လပ်လပ်ကိုးကွယ်သင့်သလို ပုတ်ခတ်ခြင်း၊ ရှုတ်ချခြင်းစတာတွေ မပြုလုပ်သင့်ပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။