အမေရိကန်နာမည်ကျော် တက္ကသိုလ်တွေမှာ ပါလက်စတိုင်းကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေ

International News
အမေရိကန်နာမည်ကျော် တက္ကသိုလ်တွေမှာ ပါလက်စတိုင်းကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေ

,အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြောင်း ကျောင်းသားတွေ ဆန္ဒပြ

အမေရိကန် နိုင်ငံမှာ တက္ကဆက် နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေ အပါအဝင် နိုင်ငံတလွှားက တက္ကသိုလ် ကျောင်းဝင်းတချို့ထဲ ဂါဇာမှာ အစ္စရေးပြုလုပ်နေတဲ့ စစ်ပွဲကို ဆန့်ကျင်ပြီး ပါလက်စတိုင်းကို ထောက်ခံကြောင်း ပြသတဲ့ ကျောင်းသား ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။

တက္ကဆက်တက္ကသိုလ်မှာ ဆိုရင် ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့မှာ ရှိတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား တက္ကသိုလ် USC မှာ ဆိုရင်လည်း ရဲက လူ ၉၃ ယောက်ထိ ဖမ်းဆီးခဲ့သလို၊ ဘော်စတွန်မြို့ အီမာဆင်ကောလိပ်မှာလည်း လူ ၁၀၈ ယောက်ထိ ဖမ်းဆီးခဲ့တယ်လို့ ဘော်စတွန်ရဲတပ်ဖွဲ့က ပြောပါတယ်။

တခြား နာမည်ကျော် ကျောင်းတွေ ဖြစ်တဲ့ ကိုလံဘီယာ၊ ယေးလ်နဲ့ နယူးယောက် တက္ကသိုလ်တွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ပေါ်ပေါက် နေပါတယ်။

အမေရိကန် တက္ကသိုလ် တော်တော်များများမှာ ကျောင်းသားတွေဟာ သပိတ်မှောက်တဲ့ အနေနဲ့ စာသင်ခန်းထဲကနေ ထွက်သွားကြတာမျိုး၊ သပိတ်စခန်း ယာယီနေရာတွေ ဖန်တီးပြီး အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတာမျိုးတွေ ပြုလုပ်နေပါတယ်။

ဟားဗတ်တက္ကသိုလ်မှာ ဆိုရင်လည်း ကျောင်းရဲ့ ရှေးအကျဆုံး ဂန္ထဝင်နေရာ ဖြစ်တဲ့ ဂျွန်ဟားဗတ် ရုပ်တုရှိရာ ဟားဗတ်ရင်ပြင်မှာ ရာသီဥတု အအေးပိုနေတဲ့ ကြားကပဲ သပိတ်စခန်းတဲငယ် အလုံး ၃၀ လောက် ထိုးပြီး၊ ကျောင်းသားတွေ ညလုံးပေါက် ရှိနေခဲ့ကြပါတယ်။

ကိုလံဘီယာ တက္ကသိုလ်ဝင်းထဲက ကျောင်းသား သပိတ်စခန်း

တက္ကဆက် အော်စတင်ကျောင်းမှာလည်း ကျောင်းသားတွေ အဖမ်းခံရ
နိုင်ငံအနှံ့ အဖမ်းခံရတဲ့ ကျောင်းသားဆန္ဒပြသမား ရာကျော်ရှိ

တားမြစ်နေရာတွေကို ထိုးဖောက်ဝင်ရောက်လို့ ဆိုပြီး အဖမ်းခံရ

ဒီလို အခြေအနေတွေကြားမှာပဲ ကိုလံဘီယာ တက္ကသိုလ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် ရောက်လာတဲ့ အခါ … ဂျူးကျောင်းသားတွေကို အစွန်းရောက်တွေက ခြိမ်းခြောက် အန္တရာယ်ပေးနေတယ် ဆိုတာမျိုး ပြောထားတဲ့ သူ့ကို ကျောင်းသားတွေက ဝိုင်းဝန်း အော်ဟစ် ရှုတ်ချခဲ့ပါတယ်။

ကိုလံဘီယာ တက္ကသိုလ်ကျောင်းသူ ဂရေ့စ်တိုင်က အခုလို ပြောပါတယ်။

“အဲဒီလူ ကျောင်းကို ရောက်လာမယ်လို့ ထင်မထားဘူး။ ဒီကိုလာတဲ့ သက်သက်မဲ့ မီးလာမွှေးတာလို့ ထင်တယ်။ တကယ်လည်း သူက ရောက်လေရာ နေရာမှာ မီးမွှေးတာပဲ။ ဒါ့ကြောင့် သူ ဝိုင်းပြီး အအော်ခံရတာပေါ့” ဆိုပြီး မစ္စတိုင်က ပြောပါတယ်။

အစ္စရေးကို ထောက်ခံသူတွေနဲ့ ဂျူးအဖွဲ့တွေကတော့ အခု ပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေထဲ ဂျူးမုန်းတီးရေး အမြင်ကိုင်စွဲကြသူတွေ ပါဝင်နေပြီး၊ ဂျူးကျောင်းသားတွေဟာ မလုံမခြုံ ခံစားနေရတယ်လို့ ဆိုပါတယ်။

,ဂျူးကျောင်းသားတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ပြောကြားသူ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ

နယူးယောက်မြို့မှာ ရှိတဲ့ ကိုလံဘီယာတက္ကသိုလ် ပင်မကျောင်းဝင်းထဲက ဂျူးကျောင်းသား တချို့ဟာ အခုလိုတွေ ပေါ်ပေါက်နေတာတွေဟာ သူတို့အပေါ် ခြိမ်းခြောက်နေတယ်လို့ ခံစားရကြောင်း ပြောပါတယ်။

ဆန္ဒပြသမားတွေကတော့ ဂျူးကျောင်းသားတွေ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရ၊ စော်ကားမော်ကား အပြောခံရတယ် ဆိုတဲ့ ဖြစ်ရပ်ဟာ အင်မတန်မှ ရှားပါးသလို၊ အခု သူတို့ တောင်းဆိုနေတာတွေ လျစ်လျူရှု ခံနေရတာနဲ့ နှိုင်းယှဉ်ရင် အချိုးအစား မမျှလောက်အောင် ကွာခြားပါတယ်လို့ ဆိုပါတယ်။

ကျောင်းသားဆန္ဒပြသမားတွေက သက်ဆိုင်ရာ သူတို့ တက္ကသိုလ်တွေထံ တောင်းဆို နေတာကတော့ လူမျိုးတုန်း thetဖြတ်မှု ဂျီနိုဆိုက်နဲ့ ဝေးဝေးနေပါ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဂါဇာထဲ အစ္စရေးက ပါလက်စတိုင်းတွေ အပေါ် ကျူးလွန်နေတာတွေဟာ ဂျီနိုဆိုက်ထိ မြောက်တယ်လို့ ကျောင်းသားတွေက ယူဆနေကြပါတယ်။

ဒါ့ကြောင့် နာမည်ကျော် ကျောင်းကြီးတွေ အနေနဲ့ သူတို့ ရရှိနေတဲ့ ငွေကြေးတွေကို lat nat ကုမ္ပဏီတွေ အပါအဝင် ဂါဇာထဲက အစ္စရေးစစ်ကို အထောက်အပံ့ ပေးနေကြတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ မလုပ်ဖို့ ကျောင်းသားတွေ တောင်းဆို နေကြပါတယ်။

အစ္စရေးကတော့ ဂါဇာထဲက သူတို့ လုပ်ဆောင်နေတာတွေဟာ ဂျီနိုဆိုက်မြောက်တယ် ဆိုတဲ့ ပြောဆိုချက်တွေ အပေါ် အပြင်းအထန် ပယ်ချပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးတော် ICJ ကတော့ ဂျီနိုဆိုက် ဖြစ်တန်ခြေရှိတယ် ဆိုပြီး ဆုံးဖြတ်ထားပါတယ်။

ဂါဇာထဲ လေကြောင်းတိုက်ခိုက်မှုတွေ အစ္စရေး ဆက်လက်လုပ်ဆောင်

ဒီအချိန်မှာပဲ ဂါဇာ နေရာအနှံ့ လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာတောင်ပိုင်းက ရာဖာမြို့မှာ ဟားမတ်စ်တွေ တပ်ရင်းလိုက် ရှိနေသေးတဲ့ အတွက် ရာဖာကို အာရုံစိုက် ကိုင်တွယ်သွားမယ် ဆိုပြီးတော့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါ့အပြင် လက်ဘနွန် နိုင်ငံထဲ ဘာအာလ်ဘက်ခ် လို အတွင်းဘက် ကျကျ နေရာထဲထိ ဝင်ပြီးတော့လည်း အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေရာဟာ ဟဇ်ဘိုလာတွေရဲ့ အခိုင်အမာ ခြေကုပ်နေရာတွေထဲက တစ်ခု အဖြစ် နားလည်ရပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။