ကိုဗစ်လူနာများ များပြားလာသောကြောင့် သွေးရည်ကြည် များလှူဒါန်းရန် ကျန်းမာရေးတိုက်တွန်း

Health

ကိုဗစ်-၁၉ ရောဂါပြင်းထန်သည့် လူနာများအတွက် ကိုဗစ်လူနာ်ဟောင်းများ ပိုးကင်းစင်သူများ၏ သွေးရည်ကြည်များ လိုအပ်လျက်ရှိကြောင်း သွေးရည်ကြည်ဖြင့် ပိုးတွေ့လူနာများကို စမ်းသပ်ကုသရေး အကြံပေးအဖွဲ့မှ ဥက္ကဌ သွေးရောဂါပညာဌာန၊ ပါမောက္ခ ဌာနမှူး (ငြိမ်း) ဒေါက်တာ ရဲမြင့်မှ ပြောကြားသည်။ယနေ့ (အောက်တိုဘာ ၁ ရက်) အထိ သွေးရည်ကြည်ဖြင့် ကုသမှု‌ပေးနေသည့် ပြင်းထန်လူနာဦး‌ရေမှာ ငါးဆယ်ကျော်ရှိပြီး သွေးရည်ကြည်လိုအပ်၍ နေ့စဉ် လူနာဟောင်းများထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ ရှာဖွေနေရကြောင်း ၎င်းက ဆက်ပြောသည်။

သွေးရည်ကြည်က လိုနေတယ်။ နေ့တိုင်း ကျွန်တော့်အဖွဲ့တွေ ရှေ့တန်းမှာ ထွက်ရှာနေရတယ်။ တယ်လီဖုန်းကတစ်ဆင့် မေတ္တာရပ်ခံတယ်။ သွားလာစရိတ်တွေလည်း ပြန်ပေးပါတယ်။ ဆက်သွယ်ပြီး လှူချင်တယ်ပြောသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်ပျောက်ပြီးသား လူတွေဆီကနေပဲ ကျွန်တော်တို့ ယူလို့ရပါတယ်” ဟု ဒေါက်တာရဲမြက ဆိုသည်။

လက်ရှိ သွေးရည်ကြည်အလှူခံသည့်နေရာကို ဆေးသုတေသနဦးစီးဌာနတွင် ဖွင့်လှစ်ထားပြီး ယနေ့ (အောက်တိုဘာလ ၁ ရက်) အထိ သွေးရည်ကြည်နှင့်ကုသသူ လူနာ ငါးဆယ်ကျော်အနက် သုံးဆယ်ကျော်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ဆေးရုံအရောက်နောက်ကျ၍ ကုသရန်အချိန်မမီဘဲ ရောဂါပြင်းထန်မှုကြောင့် သေဆုံးသူ ငါးဦးခန့်ရှိကြောင်း ၎င်းက ပြောကြားသည်။

ကိုဗစ်ပိုးကင်းစင်သူများ၏ သွေးတွင် ခန္ဓာကိုယ်က ထွက်ရှိသည့် ပဋိပစ္စည်းကျန်ရှိခဲ့ပြီး ထိုပဋိပစ္စည်းပါဝင်သော သွေးရည်ကြည်ကို အသုံးပြု၍ ရောဂါလက္ခဏာပြင်းထန်သူများတွင် ပြန်လည်အသုံးပြုကုသပေးခြင်းဖြစ်သည်။ကိုဗစ်ပိုးကင်းစင်သူ၏ သွေးရည်ကြည်တွင် ပဋိပစ္စည်းမှာ ရောဂါပျောက်ကင်းပြီး လေးလအထိ ကျန်ရှိနေကာ ပိုးကင်းစင်သူတစ်ယောက်ထံမှ သွေးရည်ကြည်ကို စက်နှင့် 200 CC နှစ်ထုပ် ထုတ်ယူပြီး လူနာတစ်ဦးကို ကုသမှုပေးနိုင်ကာ သွေးရည်ကြည်လှူဒါန်းသူမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်မှသာ ထုတ်ယူနိုင်ခြင်းဖြစ်သည်။

ကိုဗစ်ပထမလှိုင်းတွင် ပြင်းထန်လူနာ ရှစ်ဦးကို ပိုးကင်းစင်သူ၏ သွေးရည်ကြည်ဖြင့် ကုသမှုပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သည်။ယခုဒုတိယလှိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားသူများပြား၍ ပြင်းထန်လူနာများအတွက် သွေးရည်ကြည် လိုအပ်လျက်ရှိရာ ပြန်လည်ကောင်းမွန်သူများမှ လာရောက်လှူဒါန်းသူများရှိသော်လည်း နေ့စဉ်လိုအပ်နေသည့်အတွက် ကိုဗစ်ကင်းစင်သူများထဲမှ သွေးရည်ကြည်လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ ၅၁၃၀၄၁၈၊ ၀၉၅၄၀၂၀၉၈ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်မည်ဖြစ်သည်။

 

Leave a Reply