သရုပ်ဆောင်ကြေး မင်းသားရဲ့ ၁၀ ပုံ ၁ ပုံပဲ ရတဲ့ ဘောလီးဝုဒ် မင်းသမီး

Celebrity

သရုပ်ဆောင်ကြေး မင်းသားရဲ့ ၁၀ ပုံ ၁ ပုံပဲ ရတဲ့ ဘောလီးဝုဒ် မင်းသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရုပ်ဆောင်ကြေး မင်းသားရဲ့ ၁၀ ပုံ ၁ ပုံပဲ ရတဲ့ ဘောလီးဝုဒ် မင်းသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၈ ဒီဇင်ဘာ ၂၀၂၂

အမေရိကန် ရုပ်သံ ဇာတ်လမ်းရှည် Citadel မှာ ပါဝင်သရုပ်ဆောင်တဲ့ အိန္ဒိယ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချိုပရာ ဂျိုးနပ်စ် က ဒီတကြိမ်မှာ သူဟာ အမျိုးသား သရုပ်ဆောင်နဲ့ တန်းတူ သရုပ်ဆောင်ကြေး တန်းတူရမှာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ ၂၂ နှစ်တာ သရုပ်ဆောင် သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရတာပဲ ဖြစ်ကြောင်း ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အစီအစဉ်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ပရီယန်ကာဟာ အိန္ဒိယ ရုပ်ရှင် လောကမှာ အင်မတန် အောင်မြင်တဲ့ မင်းသမီး တလက်ဖြစ်ပြီး ဘောလီးဝုဒ် ရုပ်ရှင်ကားပေါင်း ၆၀ ကျော်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုလောက် သူဟာ ဘောလီးဝုဒ်ကနေ ဟောလီးဝုဒ်အထိ ခြေဆန့်ခဲ့ပြီး အမေရိကန် ဖျော်ဖြေရေး လုပ်ငန်းတွေမှာ အောင်မြင်မှု ရတဲ့ အိန္ဒိယ သရုပ်ဆောင်တွေထဲက တဦးလည်း ဖြစ်လာခဲ့ပါတယ်။

မစ္စ ချိုပရာ ဂျိုးနပ်စ်က သူဘောလီးဝုဒ်မှာ ရှိနေစဉ်အတွင်း တွဲဖက်သရုပ်ဆောင် မင်းသားနဲ့ ဘယ်တုန်းကမှ တန်းတူ မရခဲ့ကြောင်း၊ မင်းသားရတာရဲ့ ၁၀ ပုံ ၁ ပုံ သာ ရတဲ့ အကြောင်း ပြောပါတယ်။

အိန္ဒိယ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချိုပရာ ဂျိုးနပ်စ်

သရုပ်ဆောင်ကြေး ကွာခြားချက်က တော်တော်ကြီးမားတယ်၊ အမျိုးသမီး အများစုဟာ ဒီအတိုင်း ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း ဘောလီးဝုဒ်ရုပ်ရှင် မှာ သရုပ်ဆောင်ရင် အဲ့ဒီလိုပဲ ဖြစ်ဦးမှာပါပဲလို့ ဆိုပါတယ်။

သူတို့ မျိုးဆက်က အမျိုးသမီး သရုပ်ဆောင်တွေက အမျိုးသား သရုပ်ဆောင်တွေနဲ့ တန်းတူ သရုပ်ဆောင်ကြေး ရဖို့ တောင်းဆိုခဲ့ကြပေမယ့် မရခဲ့ကြပါဘူးလို့ ဆိုပါတယ်။

ဘီဘီစီရဲ့ ၂၀၂၂ အတွက် ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ မစ္စ ချိုပရာ ဂျိုးနပ်စ်က အိန္ဒိယ ရုပ်ရှင် လောကမှာ အမျိုးသား ကြီးစိုးမှုက အမြစ်တွယ်နေတယ်၊ သူကိုယ်တိုင် မင်းသမီးဖြစ်ကာစတုန်းကတောင် ဒါဟာ ပုံမှန် အခြေအနေတခုလိုပဲ လက်ခံထားခဲ့တယ်လို့ ပြောပြပါတယ်။

မင်းသားက လာချင်တဲ့ အချိန်မှလာ၊ သူလာမှ ရိုက်ကူးတာတွေ လုပ်ကြ၊ ကိုယ်ကတော့ မင်းသား မလာမချင်း အချိန်အကြာကြီး ထိုင်စောင့်နေရတာကိုတောင် အဆင်ပြေပါတယ်လို့ ထင်ထားခဲ့ကြောင်း ပြောပါတယ်။

Priyanka told the BBC she received equal pay for the first time in her 22-year career - something she never had in Bollywood

မီယန်ကာ ချိုပရာ ဂျိုးနပ်စ်က သူ့ရဲ့ ၂၂ နှစ်တာ သရုပ်ဆောင် သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ် မင်းသားနဲ့ သရုပ်ဆောင်ကြေး တန်းတူရခဲ့တယ်လို့ ဘီဘီစီကို ပြော

နောက် သူ ဘောလီးဝုဒ် မင်းသမီး စဖြစ်ကာစမှာတုန်းက ခန္ဓာကိုယ်နဲ့ အသားအရေအတွက် လှောင်ပြောင် ခနဲ့တဲ့ စကားမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ကြောင်နက်မ ဆိုပြီး ခေါ်ကြကြောင်း၊ အသားညိုတဲ့ လူတွေအများစု ရှိနေတဲ့ တိုင်းပြည်မှာ အသားမည်းတယ်လို့ ပြောတာ ဘာများအဓိပ္ပာယ် ရှိမလဲလို့ ပရီယန်ကာက ပြောပါတယ်။

သူ့ထက် အသားနည်းနည်း ပိုလတ်ကြတဲ့ တခြား သရုပ်ဆောင်တွေထက် အရည်အချင်း ပိုရှိတယ်လို့ ယူဆပေမယ့် သူ့ကိုယ်သူ သိပ်မလှဘူးလို့ ထင်ခဲ့ပြီး အလုပ်ကို ပိုကြိုးစားရမယ်လို့ ခံယူခဲ့တယ်လို့ ဆိုပါတယ်။ လက်ခံထားကြတဲ့ အခြေအနေတွေအရ ဒီလိုပဲ လုပ်တာကောင်းတယ်လို့ သူ ထင်ခဲ့တဲ့ အကြောင်း ပြောပါတယ်။

ဒါတွေကလည်း ကိုလိုနီဖြစ်ခဲ့ဖူးတာကြောင့်လည်း ပါတယ်၊ ဗြိတိသျှ ရဂျ် ဆိုတဲ့ ကာလတွေက လွန်မြောက်ခဲ့တာ နှစ် ၁၀၀ တောင် မပြည့်သေးတော့ ဒီအယူအဆတွေကို စွဲကိုင်ထားနေကြဆဲ ဖြစ်တာပေါ့လို့ ပရီယန်ကာက ပြောပါတယ်။

ဒါပေမဲ့ သူ တို့ မျိုးဆက်မှာ ဒီအစွဲအလန်း တွေကို ချိုးဖျက် ပြောင်းလဲ ပစ်ဖို့ လုပ်ရမယ်၊ ဒါမှ နောက်မျိုးဆက်တွေမှာ အသားအရောင်ကို လိုက်ပြီး တန်ဖိုး သတ်မှတ်မှုမျိုးတွေ မကြုံရမှာလို့ ဆိုပါတယ်။

ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေးပေးပုံနဲ့ ဘာကွာသလဲလို့ မေးကြည့်တဲ့ အခါမှာတော့ ပရီယန်ကာ ချိုပရာ ဂျိုးနပ်စ်က သူ့အတွက်တော့ ဟောလီးဝုဒ်မှာ ပထမဆုံး အကြိမ် ကြုံရတာ ဖြစ်တာကြောင့် ဘယ်လို ဆက်သွားမလဲ မသိသေးပါဘူးလို့ ပြောပါတယ်။ ပထမဆုံး အကြိမ်အဖြစ် အမျိုးသား သရုပ်ဆောင်နဲ့ အတူ တွဲပြီး သရုပ်ဆောင်ရတာ ဖြစ်တယ်လို့ မကြာခင်မှာ သရုပ်ဆောင်ရမယ့် သူလျှို ဇာတ်လမ်းရှည် Citadel ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

ပရီယန်ကာဟာ တောင်အာရှ ဒေသထဲမှာ ပရိတ်သတ် သန်းပေါင်းများစွာရှိတဲ့ မင်းသမီးဖြစ်ပေမယ့် ဆယ်စုနှစ် တခုစာလောက် ရုန်းကန်နေခဲ့ရလို့ ပြည်ပကို ဖောက်ထွက်နိုင်မယ့် အခွင့်အလမ်းကို ရှာဖွေ စောင့်စားနေခဲ့ရပါတယ်။

In 2015, she won the Favourite Actress in a New TV Series award for Quantico

၂၀၁၅ မှာ Quantico ရုပ်သံ ဇာတ်လမ်းရှည်နဲ့ အကောင်းဆုံး မင်းသမီးဆု ရခဲ့၊ တောင်အာရှဖွား တွေထဲက အမေရိကန် ရုပ်သံဇာတ်လမ်းတွေမှာ ပထမဆုံး ခေါင်းဆောင်ဆု ရသူဖြစ်ခဲ့

ပရီယန်ကာ ချိုပရာ ဂျိုးနပ်စ်က သူအခွင့်အလမ်း ရှာပုံနဲ့ ပတ်သက်လို့လည်း ပြောပြခဲ့ပါတယ်။ တွေ့ဆုံပွဲတွေကို သွားတယ်၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တယ်။ သရုပ်ဆောင်ထားတာတွေလည်း ယူသွားတယ်။ သရုပ်ဆောင်နည်းပြတွေ၊ ဒေသိယ စကားပြောနည်းပြတွေနဲ့ သင်ယူတယ်။ လူရွေးပွဲတွေ ဝင်တယ်၊ အရွေးမခံရတော့ ငို၊ နောက်တပွဲ ထပ်ဝင်နဲ့ နယ်ပယ်သစ် ရေမြေသစ်မှာ တနေရာစာ ရဖို့ ကြိုးစားခဲ့ရတယ်၊ မာန်ကျရတဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၅ မှာတော့ မစ္စ ချိုပရာ ဂျိုးနပ်စ်ဟာ အမေရိကန် ရုပ်မြင်သံကြား ကွန်ရက်တွေမှာ ပြသတဲ့ အစီအစဉ် တခုမှာ ခေါင်းဆောင်နေရာ ပါဝင်ရတဲ့ ပထမဆုံး တောင်အာရှဖွား သရုပ်ဆောင် တယောက် ဖြစ်လာခဲ့ပါတယ်။ လျှို့ဝှက်သည်းဖို ရုပ်သံ ဇာတ်လမ်း Quantico မှာ ပါဝင် သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပြီး အိန္ဒိယ နွယ်ဖွားတွေထဲမှာ ပထမဆုံးအဖြစ် နာမည်ကြီး ဖက်ရှင် မဂ္ဂဇင်းကြီး တချို့ရဲ့ မျက်နှာဖုံးရှင် ဖြစ်လာခဲ့ပါတယ်။

ဟောလီးဝုဒ်မှာ မတူကွဲပြား လူမျိုးများအတွက် ပိုမို ပါဝင်မှုတွေရဖို့ လုပ်လာကြတယ် ဆိုပေမယ့် သူ့လို လူမျိုးကွဲ တယောက်အတွက် တနေရာ ရဖို့က အခက်အခဲတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ စတင် သတိထားမှုတွေကိုတော့ ရရှိလာခဲ့တာကြောင့် သူလမ်းမှန်ပေါ် ရောက်နေပြီလို့တော့ သိခဲ့ပါတယ်။ တောင်အာရှသား အိန္ဒိယဖွား တယောက်အနေနဲ့ ဟောလီးဝုဒ်မှာ လွယ်လွယ်နဲ့ နေရာ မရခဲ့ပါဘူးလို့ သူက ပြောပါတယ်။

The Bollywood star married US singer Nick Jonas in 2018

ဘောလီးဝုဒ်ကြယ်ပွင့်နဲ့ အမေရိကန် အဆိုတော် နစ် ဂျိုးနပ်စ်တို့ ၂၀၁၈ ခုနှစ်မှာလက်ထပ်ခဲ့

မစ္စ ချိုပရာ ဂျိုးနပ်စ်ဟာ နိုင်ငံတကာမှာ ထင်ရှားသူ ဖြစ်ပြီး ကမ္ဘာ့အရေးတွေနဲ့ ပတ်သက်ရင် ဝေဖန်ပြောကြားတတ်သူ ဖြစ်ပေမယ့် အိန္ဒိယ ပြည်တွင်းရေးနဲ့ ပတ်သက်ရင် နှုတ်ဆိတ်နေတတ်တာကြောင့် ဝေဖန် ပြစ်တင်မှုတွေလည်း ခံရပါတယ်။ ဒီအပေါ်မှာ ပြန်လည် တုံ့ပြန်မှု မလုပ်ဖို့ သူ့ပြန်ကြားရေး တာဝန်ခံက တားခဲ့ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ အကောင်းအရော အဆိုးရော အပြောခံနေရတာနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာတော့ သူ့စကား ကိုယ့်စကားလုပ်ပြီး ပြောတဲ့ လူတွေလည်း ရှိကြသလို တခုခု ပြောခဲ့သင့်တယ်လို့ ထင်တဲ့ လူတွေလည်း ရှိကြပါတယ်။ အားလုံးအကြိုက်တော့ ဘယ်တော့မှ လိုက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စ ချိုပရာဟာ ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ Unicef ရဲ့ ကမ္ဘာ့လုံး ဆိုင်ရာ သံတမန်အဖြစ် အိန္ဒိယ မြောက်ပိုင်းက လပ်ခ်နောင်းမှာရှိတဲ့ ကျန်းမာရေး ဌာနတွေ ကျောင်းတွေကိုလာပြီး ကျောင်းသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွင်း ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အစီအစဉ်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူ Unicef နဲ့ လက်တွဲ လာခဲ့တာ ၁၅ နှစ် ရှိပြီ ဖြစ်ပြီး အိန္ဒိယ အပြင် ဇင်ဘာဘွေ၊ အီသီယိုးပီးယား၊ ဂျော်ဒန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ အပါအဝင် နိုင်ငံတော်တော်များများကို ရောက်ခဲ့ပြီး စစ်ပွဲတွေနဲ့ သဘာဝဘေးတွေကြောင့် ဒုက္ခကြုံနေရတဲ့ ကလေးသူငယ်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အများအကျိုး လုပ်နေတဲ့ လူမျိုးကျတော့ သူဘယ်ရောက်နေလဲ ဘယ်သွားမှာလဲ ဆိုတာ လူတွေက သိချင်ကြမှာပဲလို့ ဆိုပါတယ်။ အဲဒါကြောင့် သူဘာလုပ်ရမလဲ သိလာတယ်။ သူ့ကျင်လည်ရာ ဘဝစင်မြင့်ကို သုံးပြီး ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ဒုက္ခအခက်အခဲတွေနဲ့ သူတို့ ဘယ်လို ကျော်လွှားနေကြသလဲ ဆိုတာကို သူကတဆင့် လူတွေ သိအောင် သတင်းစကား ပါးနိုင်မယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေ အပါအဝင် အဝေးထိ မရောက်နိုင်မယ့် အသံတွေကို လူတွေ ပိုကြားလာစေဖို့ အသံနှုန်း မြှင့်တင်ပေးရတဲ့ အလုပ်ဟာ သူ့အတွက် အကောင်းဆုံး အလုပ်တခုပါပဲလို့ ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။